ဗုံးလုပ်ရာမှာ သုံးတဲ့ပစ္စည်းတွေ နောက်တိုက်ခန်းတစ်မှာ ထပ်မံတွေ့ရှိ



31.8.2015

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဧရာဝဏ် နတ်ကွန်း ဗုံးဖောက်ခွဲ တိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်သူလို့ သံသယ ရှိသူတစ်ဦးကို ဖမ်းဆီးခဲ့ပြီးတဲ့နောက် ဗုံးလုပ်ရာမှာသုံးတဲ့ ပစ္စည်းတွေကို နောက်ထပ် တိုက်ခန်းတစ်ခု မှာ တွေ့ရှိခဲ့တယ်လို့ ထိုင်းရဲတွေက ပြောပါတယ်။

ဗုံးလုပ်ရာမှာ သုံးတဲ့ပစ္စည်း အစိတ်အပိုင်းတွေနဲ့ ဓာတ်အားသွင်းကိရိယာ တွေကို တွေ့ရှိခဲ့တယ်လို့ ရဲပြောခွင့်ရပုဂ္ဂိုလ် Prawut Thavornsiri က ပြောပါတယ်။

အသက် ၂၆ နှစ်အရွယ် ထိုင်းအမျိုးသမီးတစ်ဦးနဲ့ နိုင်ငံခြားသား အမျိုးသားတစ်ဦးတို့ကို ထိုင်းရဲက နောက် ထပ် ဖမ်းဝရမ်း ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်နေ့က ဧရာဝဏ်နတ်ကွန်း ဗုံးဖောက်ခွဲမှုကြောင့် လူ ၂၀ သေဆုံးခဲ့ပြီး ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ပါတယ်။

ဗုံးလုပ်ရာမှာသုံးတဲ့ပစ္စည်းတွေကို နိုင်ငံခြားသား တစ်ဦးနေထိုင်တဲ့ ဘန်ကောက်မြို့ ဆင်ခြေဖုံးရှိ Nong Jok အရပ်က တိုက်ခန်းတစ်ခုမှာ ပြီးခဲ့တဲ့ စနေ့နေ့က ရှာဖွေတွေ့ရှိခဲ့တာဖြစ်ပြီး အဲဒီသူကို ဖမ်းဆီးခဲ့ပါတယ်။

ဘန်ကောက်မြို့ မင်ဘူရီမြို့နယ်ရှိ တိုက်ခန်းမှာ အခု ဒုတိယအကြိမ် ရှာဖွေတွေ့ရှိမှုဟာ အဆိုပါ ဖမ်းဆီး ထားတဲ့ သံသယရှိသူ နိုင်ငံခြားသားထံမှ သတင်းအရ ရှာဖွေခဲ့တာလို့ ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြ ပါတယ်။

ဓာတ်မြေသြဇာအိတ်တွေ၊ နာရီတွေနဲ့ ရေဒီယိုထိန်းချုပ်မှု ပစ္စည်းတွေ တွေကို တွေ့ရှိခဲ့ပြီး ဒါတွေဟာ ဗုံးလုပ်တဲ့ ပစ္စည်းတွေဖြစ်ကြောင်း၊ ယူရီးယား ဓာတ်မြေသြဇာနဲ့ ယမ်းမှုန့်တွေကို ဗုံးလုပ်ချင်သူတွေက လွဲပြီး ဘယ်သူမှ သိုလှောင်ထားမှာမဟုတ်ကြောင်း ရဲအရာရှိ မစ္စတာ Prawut က ပြောပါတယ်။

ပြီးခဲ့တဲ့ စနေနေ့က ဖမ်းဆီးမိခဲ့တဲ့ အသက် ၂၈နှစ်အရွယ် နိုင်ငံခြားသားတစ်ဦးထံက ဘောဘယ်ရင်တွေမှာ သုံးတဲ့ဘောစေ့ တွေအပါအဝင် ဗုံးလုပ်ရာမှာ သုံးနိုင် တဲ့ ပစ္စည်းတွေနဲ့အတူ နိုင်ငံကူးလက်မှတ်စာအုပ် ၁၀ အုပ်ကိုလည်း သိမ်းဆည်းရမိခဲ့ပါတယ်။

အဆိုပါ ဖမ်းဆီးထားတဲ့သူဟာ ထိုင်းရဲကထုတ်ပြန်ထားတဲ့ စီစီတီဗီ စောင့်ကြည့် ကင်မရာထဲက လူမဟုတ်  ဘူးလို့လည်း သိရပါတယ်။

#BBC Burmese
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment