တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်များနှင့် သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်တို့ တွေ့ဆုံမည်

 
31.8.2015


တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ကို ရေးထိုးနိုင်ဖို့ နောက်ဆုံး အပြီးသတ် ညှိနှိုင်း ရအောင် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းကြီး ၅ ဖွဲ့က ထိပ်သီး ခေါင်းဆောင်တွေဟာ စက်တင်ဘာ ၉ ရက်နေ့ကျရင် နေပြည်တော်မှာ သမ္မတဦးသိန်းစိန်နဲ့ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တို့ကို သွားရောက်တွေ့ဆုံ ညှိနှိုင်းမှာဖြစ်ပါ တယ်။

ထိပ်သီးခေါင်းဆောင် ၅ ဦးနဲ့အတူ အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်က ခေါင်းဆောင် ၃ ဦးပါ လိုက်ပါ မယ့် ဒီကိုယ်စားလှယ်အဖွဲ့ဟာ အချောသတ် သဘောတူထားကြပြီးဖြစ်တဲ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ စာချုပ်နဲ့ပတ်သက်လို့  နှစ်ဘက်အင်အားစုတွေရဲ့ ထိပ်သီး ခေါင်းဆောင်တွေချင်း ပထမဆုံး တွေ့ဆုံမှုဖြစ်ပါတယ်။

သွားရောက်ညှိနှိုင်းကြမယ့် ထိပ်သီးခေါင်းဆောင် ၅ ဦးကတော့ ကရင် အမျိုးသား အစည်းအရုံးက ဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူစေးဖိုး၊ ကချင်လွတ်လပ်ရေးအဖွဲ့ ဒု-ဥက္ကဋ္ဌ ဒုဗိုလ်ချုပ်ကြီး အင်ဘန်လ၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ ဥက္ကဋ္ဌ အေဘယ်လ်တွီ၊ မွန်ပြည်သစ်ပါတီက ဥက္ကဋ္ဌ နိုင်ထောမွန်နဲ့ ရှမ်းပြည် တိုးတက်ရေးပါတီ နာယက ဗိုလ်ချုပ်ကြီးဆေထင်တို့ ဖြစ်ကြပြီး အတူလိုက်ပါမယ့် အဆင့်မြင့်ညှိနှိုင်းရေး ကိုယ်စားလှယ်အဖွဲ့ဝင် ၃ ဦးကတော့ ပဒိုနော်စီဖိုးရာစိန်၊ ဒေါက်တာလားဂျာနဲ့ ပူးဇင်ကျုံးတို့ ဖြစ်ပါတယ်။

တိုင်းရင်းသားကိုယ်စားလှယ်တွေဟာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ကို နေပြည်တော်မှာ တွေ့ဆုံညှိနှိုင်းမှာဖြစ်တယ်လို့ တိုင်းရင်းသား အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့က ပဒိုနော်စီဖိုးရာစိန်က ပြောပါတယ်။

သူက “ကျမတို့ ၉ ရက်နေ့မှာ သွားရောက်တွေ့ဆုံဖို့ရှိတယ်။ ဒီတွေ့ဆုံပွဲမှာ တနိုင်ငံလုံး အပစ်ခတ် ရပ်စဲရေးစာချုပ် (အန်စီအေ) အဆုံးသတ်ရေးနဲ့ တိုင်းရင်း သားလက်နက်ကိုင်အားလုံး ပါဝင်လက်မှတ် ထိုးနိုင်ရေးကို အဓိကထား ညိုနှိုင်းမှာဖြစ်တယ်”လို့ ပြောပါတယ်။

တိုင်းရင်းသားခေါင်းဆောင်တွေဖက်ကတော့ သမ္မတနဲ့ ကာကွယ်ရေး စစ်ဦးစီချုပ်ကို တွေ့ဆုံဖို့ တောင်းဆို ထားပြီး အစိုးရဖက်ကတော့ တဖွဲ့ချင်းစီ တွေ့မလား တပေါင်းထည့် တွေ့ဆုံဆွေးနွေး မလားဆိုတောကိုတော့ အတိအကျ မသိရသေးဘူးလို့လည်း ပြောပါတယ်။

သမ္မတဦးသိန်းစိန် တက်လာပြီးနောက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို အပစ်အခတ် ရပ်စဲရေးဖိတ်ခေါ်ကမ်းလှမ်းခဲ့ပြီးတဖွဲ့ချင်းနဲ့အပစ်ရပ်လက်မှတ်ထိုးခဲ့ကြပါတယ်။ဒီနောက် နိုင်ငံရေး ဆွေးနွေးပွဲ
တွေကို စတင်နိုင်ဖို့အတွက် တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး စာချုပ်ကို ပူးတွဲရေးသားပြီး ညှိနှိုင်းခဲ့ရာမှာ သြဂုတ်လဆန်း ၇ ရက်နေ့မှာတော့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့နဲ့ အစိုးရဘက်က ငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းကော်မတီ အကြား အန်စီအေ စာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးမယ့် တိုင်းရင်းသားအဖွဲ့ အရေအတွက်ကလွဲလို့ ကျန်စာချုပ်ပါအချက်အကုန်လုံးကို သဘောတူညီချက် ရရှိခဲ့ပါတယ်။

ဒီနောက် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဟာ တိုင်းရင်းသားထိပ်သီး ခေါင်းဆောင်တွေကို ရလဒ်တင်ပြရာမှာ အစည်းအဝေးက တိုင်းရင်းသားအဖွဲ့ ၅ ဖွဲ့က ခေါင်းဆောင်တွေကို အပြီးသတ် ညှိနှိုင်းဖို့ တာဝန်ပေးအပ်ခဲ့ တာဖြစ် ပါတယ်။

တိုင်းရင်းသားတွေဘက်က လက်မှတ်ထိုးတဲ့အခါ အဖွဲ့အစည်းအားလုံး ပါဝင်ရေးကို လိုလားပြီး အစိုးရ ဘက်တော့ ကိုးကန့်တပ်ဖွဲ့အပါအ၀င် စုစုပေါင်း ၆ ဖွဲ့ကို ပါဝင်လက်မှတ်ရေးထိုးဖို့ လက်မခံဘူးလို့ ရပ်တည်နေတာပါ။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ သြဂုတ်လ၂၄ရက်နေ့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) နဲ့ တွေ့ဆုံစဉ် MNDAA (ကိုးကန့် တပ်မတော်)ဟာ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ အစိုးရအဖွဲ့နဲ့ လောက်ကိုင်ဒေသကွပ်ကဲမှု စစ်ဌာနချုပ်တို့ကို စတင်တိုက်ခိုက်တဲ့အတွက် ငြိမ်းချမ်းရေးလုပ်လို့ မရကြောင်းနဲ့ ကိုးကန့် အနေနဲ့ လက်နက်စွန့်ရမှာ ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။

ဗိုလ်ချုပ်မှူးကြီးဖြေကြားချက်အရ ကိုးကန့်တပ်ဖက်ကနေ ၀ိုင်းဝန်းကူညီ ခဲ့ကြတဲ့ TNLA တအာင်း တပ်မတော်နဲ့ AA ရခိုင်တပ်မတော်တို့ကိုတော့ ငြိမ်းချမ်းရေးလုပ်လို့ရတဲ့ သဘောထားလို့ နားလည်မှတ် ယူနိုင်ပေမယ့် အတူပူးတွဲကူညီတဲ့ ကချင်လွတ်လပ်ရေး တပ်မတော် တပ်မဟာ ၄ နဲ့အတူ လက်နက်စွန့်ရ မှာဖြစ်ကြောင်း ပြောပါတယ်။
#DVB
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment