5.11.2015
“၀” ဗဟိုဌာနချုပ်၊ ပန်ဆန်းမှာ နိုဝင်ဘာ ၁ ရက်နေ့ကနေ ၃ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့တဲ့ NCA လက်မှတ် မထိုးတဲ့ လက်နက်ကိုင်တစ်စုရဲ့ ထိပ်သီးအစည်းအဝေးပြီးဆုံးခဲ့လို့ ထုတ်ပြန်ကြေညာချက် ထွက်ပေါ်လာတာ တွေ့ရပါတယ်။ အဲဒီကြေညာချက်ထဲမှာ အစိုးရကို တိုက်တွန်းထားတဲ့ အချက်တွေ တွေ့ရပါ တယ်။ “၀” နဲ့ အပေါင်းအပါတစ်စုဟာ တကယ်တော့ သူပုန်အဖွဲ့တွေဖြစ်ပါတယ်။ အစိုးရက ဒီနေ့အထိ မတရားအသင်းအဖြစ် သတ်မှတ်ခံထားရတဲ့ လက်နက်ကိုင်တွေဖြစ်ပါတယ်။ သူပုန်က ကိုယ့်အဆင့်အတန်းကို နားမလည်ဘဲ အစိုးရ ကိုတောင် တိုက်တွန်းတယ်ဆိုတော့ တော်တော်လေး အံ့အားသင့်ရပါတယ်။ “၀” က လူတွင်ကျယ်လုပ်ပြီး NCA လက်မှတ်မထိုးတဲ့ လက်နက်ကိုင်တစ်စုကို မီးလောင်ရာလေပင့် မြှောက်ပေးနေတာ ဖြစ်ပါတယ်။ ရှင်းရှင်း ပြောရရင် မတရားအသင်းအဖြစ် တံဆိပ်ခတ်ခံထားရတဲ့ သူပုန်တွေဟာ အစိုးရကို ဘာမှတိုက်တွန်းစရာ အကြောင်းမရှိသလို တိုက်တွန်းခွင့်လည်း မရှိပါဘူး။
မူးယစ်ရာဇာတွေအဖြစ် အမေရိကန် DEA က ဆုငွေထုတ်ထားခံရတဲ့ “၀” ခေါင်းဆောင် ပေါက်ယူချန်း အနေနဲ့ ကိုယ့်အကြောင်းကိုသိဖို့ လိုပါတယ်။ အစိုးရသဘောကောင်းလို့ အမေရိကန်လက်ထဲ မအပ်တာ ကျေးဇူးမတင် တဲ့အပြင် အစိုးရကိုတောင် ပုတ်ခတ်စော်ကားနေသေးတယ်။ KIO ဒုဥက္ကဋ္ဌ အင်ဘန်လနဲ့ KIA ခေါင်းဆောင် ဂမ်ရှောင်တို့လည်း ကိုယ့်ဘ၀အမှန်ကို နောင်တမရသေးဘူးနဲ့တူတယ်။ ကချင်မှာ သစ်မှောင်ခို၊ ကျောက်မျက် ကုမ္ပဏီတွေနဲ့ ရွှေမှော်တွေကနေ ဆက်ကြေးကောက်၊ မူးယစ်ဆေးမှောင်ခိုလုပ်ငန်းတွေနဲ့ ကြီးပွားချမ်းသာ နေတာကို NCA မထိုးဘူးငြင်းလိုက်သေးတယ်။ လက်ရှိအစိုးရသာ နားလည်မှုမပေးရင် ၂၀၁၂ ခုနှစ်ကတည်းက လိုင်ဇာကို သိမ်းပြီးနေပြီ။ ကိုယ်လိုချင်တာမရတော့ သဘောထားပျော့ပျောင်းတဲ့ အစိုးရကို မထီလေးစားနဲ့ နောက်တက်လာမယ့် အစိုးရကို ချဉ်းကပ်ဖို့ လုပ်နေပြီ။ တတ်လည်းတတ်နိုင်တဲ့ နှစ်ဖက်ချွန်တွေလို့ပဲ ပြောလိုက် ချင်ပါတယ်။
အဲဒီကြေညာချက်ထဲမှာ ပဋိပက္ခတွေအပေါ် လက်နက်အင်အားသုံး ဖြေရှင်းတာကို ကန့်ကွက်ကြောင်း နဲ့ နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းသွားသင့်ကြောင်း အလေးအနက် တိုက်တွန်းတယ်ဆိုတဲ့ အချက်ပါဝင်တာ တွေ့ရပါတယ်။ စာမတတ်ပေမတတ် ဘိန်းရှူရင်း ကြီးပြင်းလာတဲ့ ပေါက်ယူချန်းလို နလပိန်းတုံး ဦးဆောင် ကျင်းပတဲ့ အစည်းအဝေးဆိုမှတော့ အမြီးအမောက်မတည့်တဲ့ ကြေညာချက်တွေပဲ ထွက်ပေါ်လာမှာပေါ့။ ရှမ်းပြည်နယ်တောင်ပိုင်းမှာ SSPP/SSA နဲ့ အစိုးရတပ်တွေ ဘာ့ကြောင့်တိုက်ပွဲဖြစ်တာလဲဆိုတော့ ကိုယ့်နေရာ မှာ မနေဘဲခြံကျော်လို့ အစိုးရတပ်က ပြန်ခိုင်းတာကို မပြန်ဘဲစပစ်လို့ တိုက်ပွဲဖြစ်ရတာ။ အစိုးရဘက်ကညှိနှိုင်း မှုနဲ့ အဖြေရှာတာ။ ဒါကို တစ်ဖက်က လက်မခံဘဲ လက်နက်နဲ့ ရှင်းခိုင်းလို့ ရှင်းရတာ။ TNLA နဲ့ KIA နယ်မြေ တွေမှာလည်း ဘာထူးလဲ။ သစ်မှောင်ခိုတွေကို အခကြေးငွေယူပြီး လုံခြုံရေးလိုက်လုပ်ပေးတယ်။ အစိုးရတပ် တွေက သစ်မှောင်ခိုတွေကို လိုက်ဖမ်းတော့ KIA က စပစ်တယ်။ ဒီတော့ တိုက်ပွဲဖြစ်တယ်။ ဖြစ်တဲ့ ပဋိပက္ခမှန် သမျှ လက်နက်ကိုင်တွေက စတယ်ဆိုတာ သိသာပါတယ်။
နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့က NCA လက်မှတ်ထိုးဖို့ ဖိတ်ခေါ်ခဲ့တယ်မဟုတ်ဘူးလား။ ၈ ဖွဲ့က ထိုးတယ်။ အခု JMC အစည်းအဝေးတွေ စနေပြီ။ နိုင်ငံရေး ဆွေးနွေးပွဲတွေဆီ ချီတက်နေပြီ။ “၀” နဲ့ အပါင်းအပါတစ်စုက NCA မထိုးလို့ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ မပါရတာလေ။ အရှက်မရှိတဲ့ မျက်နှာနဲ့ ပြောထွက်တာ အံသြရပါ တယ်။ ကိုယ်ပြောတဲ့စကားဟာ ကိုယ့်ပေါင် ကိုယ်လှန်ထောင်းနေ တယ်ဆိုတာ မသိဘူးလား။ “၀” နဲ့ လက်နက်ကိုင်တစ်စုဟာ နောက်တက်လာမယ့် အစိုးရသစ်နဲ့ ပူးပေါင်းပါဝင်လုပ်ဆောင်ခြင်းအားဖြင့် နိုင်ငံလုံး ဆိုင်ရာ နိုင်ငံရေးဆွေးနွေးပွဲကြီးကို အမြန်ဆုံးဖော်ဆောင် သွား လိုတယ်လို့ ပြောဆိုထားတာ တွေ့ရပြန်ပါတယ်။ လက်ရှိအစိုးရလက်ထက်မှာ ကမ်းလှမ်းခဲ့တဲ့ NCA ကို လက်မှတ်မထိုးခဲ့တဲ့ “၀” နဲ့ အပေါင်းအပါတစ်စုဟာ စိတ်ကူးယဉ်ဆန်လွန်းနေတယ်လို့ မြင်ပါတယ်။ NCA မထိုးလို့ နိုင်ငံရေးဆွေးနွေးပွဲတွေဆီ ပါဝင်ခွင့်မရတာ နောင်တရနေပုံပေါ်ပါတယ်။ ဒါပေမယ့် လိုချင်တာမရလို့ လက်မှတ်မထိုးခဲ့တဲ့ “၀” နဲ့ လက်နက်ကိုင်တစ်စုကို နောက်တက်လာမယ့် အစိုးရကလည်း ယုံကြည်ဖို့ မဖြစ်နိုင်ဘူးလို့ပဲ ပြောချင်ပါတယ်။ စကားကို ခုတစ်မျိုး တော်ကြာတစ်မျိုး ပြောတတ်တဲ့ လက်နက်ကိုင်တွေကို ညှာခဲ့သမျှ ခုတော့ ပြည်တွင်းငြိမ်းချမ်းရေး အဆုံးသတ်ဖို့ ခက်ခဲနေတယ်လို့ ဆိုနိုင်ပါတယ်။
“၀” နဲ့ အပေါင်းအပါတစ်စုဟာ သူတို့လိုချင်တဲ့ ကိုယ်ကျိုးစီးပွားရဖို့ NLD နဲ့ ဒေါ်စုကြည်ကိုတောင် “၀” ဒေသကို ဖိတ်ခေါ်ချင်တယ်လို့ ရှောက်မင်လျှံက အဲဒီအစည်းအဝေးမှာ ပြောကြားသွားတာ တွေ့ရ ပါတယ်။ မတရား အသင်းအဖြစ် သတ်မှတ်ခံထားရဆဲ မူးယစ်ရာဇာတွေရဲ့ နယ်မြေကို ဒေါ်စုကြည် လာပါ့မလား။ မတရားအသင်း ဆက်သွယ်မှုနဲ့ ဒေါ်စုကြည် ကိုတောင် အမှုပတ်သွားနိုင်ပါတယ်။ ပြီးရင် လက်ရှိအစိုးရက နေရာပေးခဲ့လို့ “၀” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသအဖြစ် ရပ်တည်နိုင်တာကို အားမရနိုင်ဘဲ ကိုယ်ပိုင်ပြည်နယ်တောင်းနေ တဲ့ “၀” တွေရဲ့ အလိုကို ဒေါ်စုကြည်လည်း ဖြည့်ဆည်းပေးနိုင် ပုံမပေါ်ပါဘူး။ ဒေါ်စုကြည်နဲ့ လက်ရှိအစိုးရမပြော နဲ့ မြန်မာပြည်သူတစ်ရပ်လုံးကလည်း “၀” ဒေသကို ကိုယ်ပိုင်ပြည်နယ်ပေးဖို့ လုံးဝလက်ခံမှာ မဟုတ်ဘူးလို့ပဲ ပြောချင်ပါတယ်။
သာကူးတွေမှန်း သိသာသွားပါပြီ။ လက်ရှိအစိုးရလက်ထက်မှာ သူတို့လိုတာမရတော့ နောက်အစိုးရနဲ့ ဆက်လုပ်မယ်ဆိုပြီးပြောလာတယ်။ NLD နဲ့ ဒေါ်စုကြည်ကိုတောင် ချဉ်းကပ်ချင်သေးတယ်။ အခွင့်အရေးပေးရင် ပေးတဲ့လူနဲ့ပြေး ပေါင်းတာဟာ နှစ်ဖက်ချွန်တွေရဲ့ လုပ်ရပ်ပါ။ တိုင်းပြည်အတွက် ဘာတစ်ခုမှ မစဉ်းစားဘဲ ကိုယ်ကျိုး ကြည့်နေတဲ့ နှစ်ဖက်ချွန်တွေကို အစိုးရအနေနဲ့ ထိရောက်တဲ့ ကိုင်တွယ်မှုတွေ လုပ်သင့်ပြီလို့သာ တိုက်တွန်းရေးသား လိုက်ချင်ပါတယ်။
ဇော်မြင့်သိန်း
0 comments:
Post a Comment