ရှမ်းတောင် တိုက်ပွဲဖြစ်ရာ နေရာများတွင် မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ ရပ်နားထားဟု SNDP ဆို
11.10.2015
ရှမ်းပြည်နယ်တောင်ပိုင်းတွင် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နှင့် တပ်မတော်တို့ကြား တိုက်ပွဲများ ဖြစ်ပွားနေသဖြင့် ယင်းမြို့နယ်များတွင် မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ ခဏရပ်နားထားကြောင်း ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ် (SNDP) ပါတီ ဗဟိုကော်မတီဝင် ဦးစိုင်းထွန်းအောင်က ပြောသည်။
“တိုက်ပွဲတွေ ဖြစ်နေတော့ ကိုယ်စားလှယ်လောင်းတွေနဲ့ အောင်နိုင်ရေးအဖွဲ့ဝင်တွေ သွားလို့ မဖြစ်နိုင်သေးလို့ ခဏတော့ ရပ်ထားတယ်၊ ခုထိပေါ့၊ နောက်ရက်ပိုင်းအတွင်း ပြန်လည်လုပ်ဆောင်ဖို့ စီစဉ်နေတယ်၊ တိုက်ပွဲတွေ ရွေးကောက်ပွဲနီးမှ ဖြစ်ပွားနေတာတော့ မကောင်းဘူးပေါ့၊ ပါတီအောင်နိုင်ရေးကိုလည်း ထိခိုက်နိုင်တယ်လေ ပြည်သူလူထု လုံခြုံရေးကိုလည်း ထိခိုက်တယ်” ဟု ၎င်းက ဆိုသည်။
မိုင်းရှူးတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီမှ ကိုယ်စားလှယ်လောင်းများ အနေနှင့် တိုက်ပွဲများ ဖြစ်ပွားခဲ့သော ကျေးရွာများသို့ မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ မလုပ်ဆောင်ရန် နယ်မြေတည်ငြိမ်အေးချမ်းသည့် အချိန်မှသာ၊ ပြန်လည်လုပ်ဆောင်ရန် ဗဟိုအောင်နိုင်ရေးအဖွဲ့က အကြောင်းကြားထားကြောင်း ၎င်းက ဆိုသည်။
ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီ အနေနှင့် ပြည်တွင်းငြိမ်းချမ်းရေး ဆောင်ရွက်နေသော ကာလတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ထောက်ရှု၍ ဆွေးနွေးညှိနှိုင်းဆဲ အဖွဲ့များအပေါ် တပ်မတော်အနေနှင့် ထိုးစစ်ဆင်နေခြင်းများ အမြန်ဆုံးရပ်ဆိုင်းပေးရန် တောင်းဆိုကြောင်း အောက်တိုဘာလ ၈ ရက်နေ့က ထုတ်ပြန်ထားသည်။
တပ်မတော်က စစ်ရေးအရ ဖိအားပေးသည့် အခြေအနေနှင့် စစ်ကြောင်းအချို့သည် (SSPP/SSA) ထိန်းချုပ်နယ်မြေအတွင်းသို့ စက်တင်ဘာလ ၅ ရက်နေ့မှ စတင်ကာ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်မှုများ ပြုလုပ်နေသည်ဟု ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) က အောက်တိုဘာလ ၈ ရက်နေ့တွင် ထုတ်ပြန်ကြေညာသည်။
အောက်တိုဘာ ၆ ရက်နေ့တွင် နောင်ယာဆိုင်းနှင့် နမ့်မွတ်ရှိ တပ်မတော်စစ်ကြောင်းသည် တာဆမ်ပူးအနီး နောင်ခိတ်အရှေ့မြောက်ဘက်ရှိ SSPP/SSA တပ်စခန်းအား နံနက်အစောပိုင်း၌ ထိုးစစ်ဆင် တိုက်ခိုက်လာသဖြင့် မွန်းလွဲပိုင်းအထိ တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ ထို့နောက် ခေတ္တရပ်သွားပြီး မွန်းလွဲ ၂ နာရီမှ ညနေ ၆ နာရီကျော်အထိ ထပ်မံဖြစ်ပွားခဲ့ကြောင်း SSPP/SSA ၏ ထုတ်ပြန်ချက်အရ သိရသည်။
အောက်တိုဘာ ၇ ရက်နေ့တွင်လည်း မနက်အစောပိုင်းမှစ၍ ညနေ ၆ နာရီကျော်အထိ နမ့်မော်ခုမ်နွဲ့တွင် လည်းကောင်း၊ မနက် ၁၁ နာရီကျော်မှ ညနေ ၅ နာရီအထိ နမ့်ပန်ချောင်းအရှေ့ဘက်ရှိ နမ့်မော်နုတ်တူတွင် လည်းကောင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း အထက်ပါ ထုတ်ပြန်ချက်၌ ပါရှိသည်။
#The Voice Weekly
0 comments:
Post a Comment