တောင်တရုတ်ပင်လယ်ပြင်တွင်း အမေရိကန် စစ်သင်္ဘောများ ကင်းမလှည့်ရန် တရုတ်အစိုးရ သတိပေး



အမေရိကန်ပြည်ထောင်စု အနေနှင့် တောင်တရုတ်ပင်လယ်ပြင် အတွင်း ရန်စပြုမူမှုများ ဖြစ်ပေါ်စေနိုင် သည့် စစ်သင်္ဘောများ ကင်းလှည့်ခြင်း မပြုလုပ်ရန် တရုတ် ပြည်သူ့သမ္မတနိုင်ငံက ဒဲ့တိုးသဘောမျိုး ဆောင်သည့် သတိပေးချက်တစ်ရပ် ထုတ်ပြန် ပြောဆိုလိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။

အမေရိကန်စစ်ဘက် အနေနှင့် တောင်တရုတ်ပင်လယ်ပြင် အတွင်း ဘေဂျင်း အစိုးရက တည်ဆောက်လျက်ရှိသော ကျွန်းစုသစ်များ အနီးတစ်ဝိုက်တွင် စစ်သင်္ဘောများ လှည့်လည်ခုတ်မောင်းရန် ပြင်ဆင်လျက်ရှိချိန်တွင် တရုတ်အစိုးရက အထက်ပါအတိုင်း သတိပေးချက်ထုတ်ပြန် လိုက်ခြင်းဖြစ်သည်။
စစ်ဘက်ဆိုင်ရာ သတင်းပေးပို့ချက် များအရ အမေရိကန် စစ်ဘက်အရာရှိကြီး များသည် တောင်တရုတ် ပင်လယ်ပြင် အတွင်း တရုတ်အစိုးရက တည်ဆောက်နေသည့် ကျွန်းစုအတုများနှင့် ရေမိုင် ၁၂ မိုင် ကွာဝေးသည့်နေရာတွင် အမေရိကန် စစ်သင်္ဘောများ ခုတ်မောင်းသွားလာရန် စီစဉ် လျက်ရှိသည်။
တရုတ်တို့က ၎င်းတို့ပိုင်နက်ဟု ဆိုကာ တည်ဆောက်လျက်ရှိသော ယင်းကျွန်းစုများ အနီး အမေရိကန် စစ်သင်္ဘောများ ကင်းလှည့် သွားလာမည့်ကိစ္စနှင့် ပတ်သက်၍ ပင်တဂွန် စစ်ဌာနချုပ်နှင့် အိမ်ဖြူတော်တို့က သတင်းတစ်စုံတစ်ရာ ထုတ်ပြန်မှု မပြုပေ။

သို့သော် အမေရိကန်တို့ အနေနှင့် အခြားကမ္ဘာ့နေရာ ဒေသများတွင် လုပ်ဆောင်လျက် ရှိသည့်အတိုင်း နိုင်ငံတကာ ဥပဒေနှင့် ကိုက်ညီမှုရှိသော နေရာများတွင် သင်္ဘောခုတ်မောင်းခြင်း၊ လေယာဉ်ပျံသန်းခြင်းတို့ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး အက်ရှ်ကာတာက စက်တင်ဘာ လကုန်ပိုင်းတွင် ထုတ်ဖော် ပြောဆိုထားသည်။
ဒေသတွင်း နယ်မြေပိုင်ဆိုင်မှု အတွက် တရုတ်တို့၏ ထုတ်ဖော်တောင်းဆိုမှု သို့မဟုတ် ကြေညာချက် ထုတ်ပြန်မှုတို့ကို အမေရိကန်ပြည်ထောင်စုက အသိအမှတ် ပြုမည်မဟုတ်ကြောင်း ထုတ်ဖော်ကြေညာ ထားသည်။

တောင်တရုတ်ပင်လယ်ပြင် အတွင်း အမေရိကန် စစ်သင်္ဘောများ ကင်းလှည့်မည်ဟူသော သတင်း ထွက်ပေါ်နေမှုများနှင့် ပတ်သက်၍ တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဟွာချန်ယင်းက “ကျွန်မတို့ ဘေဂျင်းအစိုးရအနေနဲ့ တရုတ်နိုင်ငံ ရေပိုင်နက်နဲ့ လေပိုင်နက်ထဲကို ဘယ်လိုနိုင်ငံမျိုးမှ ကျူးကျော်ဝင်ရောက် လာတာမျိုးကို လက်သင့်ခံမှာ မဟုတ်ပါဘူး” ဟု သတင်းထောက်များကို ပြောကြားသည်။

အကယ်၍ အမေရိကန် စစ်သင်္ဘောများ တောင်တရုတ်ပင်လယ်ပြင် စပရက်တလေ ကျွန်းစုအနီးသို့ ဝင်ရောက် ခုတ်မောင်းလာခဲ့မည် ဆိုပါက တရုတ်အစိုးရ အနေနှင့် မည်ကဲ့သို့သော တုံ့ပြန်မှုများ လုပ်ဆောင်မည်ကို ရှင်းရှင်းလင်းလင်း မသိရသေးသော်လည်း ဟောင်ကောင် သတင်းစာ South China Morning Post ၏ ရေးသားဖော်ပြချက်အရ ဘေဂျင်း အစိုးရသည် မောင်းသူမဲ့ ဒရုန်းလေယာဉ်များ အသုံးပြုကာ တားဆီး ကာကွယ်သွားမည် ဖြစ်သည်ဟု သိရသည်။

South China Morning Post သတင်းစာက တရုတ်စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်၏ ပြောကြားချက်ကို ကိုးကားဖော်ပြခြင်းလည်း ဖြစ်သည်။
တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဟွာချန်ယင်းကမူ မည်သည့်နိုင်ငံ အဖွဲ့အစည်းမျှ ရန်စပြုမူသည့် လုပ်ဆောင်ချက်မျိုး မပြုလုပ်ရန်နှင့် ဒေသတွင်းတည်ငြိမ်မှုနှင့် ငြိမ်းချမ်းမှုရှိမည့် လုပ်ဆောင်ချက်များ ပြုလုပ်ရန် တိုက်တွန်းပြောဆိုသည်။

The Voice Weekly
Share on Google Plus

About Sai Htee Kham

    Blogger Comment
    Facebook Comment

0 comments:

Post a Comment