NCA တွင်အားလုံးပါဝင်ရေးမူကိုကိုင်စွဲသောကြောင့် အစိုးရစစ်တပ်မှ ထိုးစစ်ဆင်ဟု SSPP/SSA ပြောခွင့်ရ ပြော



7.10.2015

သျှမ်းပြည်တိုးတက်ရေးပါတီ သျှမ်းပြည်တပ်မတော် SSPP/SSA သည် NCA တွင် အားလုံးပါဝင်ရေးမူဝါဒကို စွဲကိုင်ထားသောကြောင့် အစိုးရ စစ်တပ်နှင့် တိုက်ပွဲများ ဖြစ်ပွားရခြင်းဖြစ်ကြောင်း SSPP ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောသည်။

"အမြဲတမ်း ဆွေးနွေးပွဲမပြေလည်တဲ့အချိန်တို့ဘာတို့ ဆို အဲဒီလိုပဲ ပြသနာရှာ တယ်။ အခုလည်း ဖြစ်နေတာ NCA မှာ ကျနော်တို့က အားလုံးပါဝင်ရေးဆိုတဲ့ မူဝါဒကို ကိုင်စွဲထားလို့ ကျနော်တို့ကို လာတိုက်တာပဲ ။ ကျနော်တို့ နေရာ မှာဘဲ ကျနော်တို့ နေနေတာလေ" - ဟု သျှမ်းပြည်တိုးတက်ရေးပါတီ မှ ပြောခွင့် ရ ဗိုလ်မှူး စိုင်းလ က ပြောသည်။

အောက်တိုဘာလ ၆ ရက်နေ့ မနက်ပိုင်းက အစိုးရ စစ်တပ်နှင့် သျှမ်းပြည် တပ်မတော် SSA/SSPPတို့အကြား မိုင်းနောင်မြို့နယ်အရှေ့ဘက် ၅ မိုင်ခန့်အကွာ နမ့်ပန်ချောင်းကမ်းဘေး တာ့ဆမ်ပူးအောက်ဘက်က တာ့ခမ့်ကူး တို့ဆိပ်အနီး ကွန်ကောက်အုပ်စုဝင် ဝမ့်နောင်ခိတ် နားပေ ရွာ ဝမ့်တူယားရွာ တွင်တိုက်ပွဲဖြစ်ပွါး ခဲ့ခြင်းဖြစ်သည်ဟု သျှမ်းတပ်မှူးတဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

"တိုက်ပွဲကအကျဆုံး ရှိတယ်။ ညနေပိုင်းအထိသူတို့က ကျနော်တို့ကို မသိမ်းနိုင်တော့လက်နက်ကြီးနဲ့ ပစ် နေတုန်းပဲ။ ၀မ့်ဟိုင်းဘက်မှာလည်း အရှေ့အလယ်ပိုင်းတိုင်းလက်အောက်ခံ စစ်တပ်တွေက အများကြီး ထပ်ရောက်လာနေတယ် "ဟု စစ်မြေပြင်အခြေနေနှင့် ပတ်သက်ပြီး၎င်းက ရှင်းပြသည်။

တိုက်ပွဲများကြောင့် အနီးအနားရှိ ကျေးရွာများမှ ပြည်သူများမှာ ဟိုင်းပါကျေးရွာသို့ ပြောင်းရွှေ့ ခိုလှုံခဲ့ရ ကြောင်း လည်း ဒေသခံများ၏ ပြောဆိုချက်ကိုကိုးကား ပြီး သျှမ်းဘာသာဖြင့် ထုတ်ဝေသော ဆဲန်ပိုင်း ဂျာနယ်မှ တာဝန်ခံ အယ်ဒီတာ စိုင်းဇင်က သူ၏ ဖေ့ဘုစာမျက်နှာတွင် ရေးသားထားသည်။

လေ့လာသူ အချို့ကမူ သျှမ်းပြည်နယ်အတွင်း အစိုးရ စစ်တပ်ဘက်မှ တိုက်ပွဲများ ဆင်နွဲနေခြင်းမှာ လက်မှတ်ထိုးရန်အဆင်သင့်မဖြစ်သေးသည့် ကိစ္စအပြင် ရွေးကောက်ပွဲတွင် သျှမ်းပြည်နယ်အတွင်း မဲဆန္ဒနယ်အများစုမှာ သျှမ်းပါတီသာ အနိုင်ရရန်ရာခိုင်နှုန်းများနေသဖြင့် စစ်ပွဲအကြောင်းပြ မဲဆန္ဒနယ် ရွှေ့ဆိုင်းရန်လည်းဖြစ်နိုင်ကြောင်း သုံးသပ်ကြသည်။

"စစ်ပွဲဆိုတာ မဲဆန္ဒနယ် ပယ်ဖျက်ဖို့အကြောင်းပြလို့ကောင်းတဲ့ အရာတစ်ခုပဲ"- ဟု ပြည်တွင်းအပတ်စဉ် ထုတ် ဂျာနယ် တစောင်မှ အမည်မဖော်လိုသူ တာဝန်ခံအယ်ဒီတာ တဦးက သျှမ်းသံတော်ဆင့် သို့ ပြောသည်။

SSPP/SSAသည် KIA ၊ KNPP ၊ မွန်ပြည်သစ်ပါတီတို့နည်းတူ အားလုံးပါဝင် ခွင့်ရမှ နိုင်ငံလုံးဆိုင်ရာ အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးမှုတွင် ပါဝင်လက်မှတ်ရေးထိုးမည် ဟု ကြေငြာထားသည့် အဖွဲ့အစည်းဖြစ်သည်။

#Panglong(Burmese)
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment