ရုရှား၏ လေကြောင်းပစ်ကူ ပေးမှုနှင့်အတူ သူပုန်တပ်ဖွဲ့များကို ဆီးရီးယား အရှိန်မြှင့်တိုက်ခိုက်




ရုရှား၏ လေကြောင်းပစ်ကူ ပေးမှုနှင့်အတူ ဆီးရီးယား အစိုးရ တပ်များသည် သူပုန်များ ထိန်းချုပ်ထားရာ မြို့ရွာများကို စတင်တိုက်ခိုက်နေပြီဖြစ်ကြောင်း သတင်းရရှိသည်။


ဆီးရီးယား အစိုးရ သတင်းဌာနက အဓိက မြို့ကြီးနှစ်ခုဖြစ်သည့် ဟွမ်းစ်နှင့် ဟာမာတို့ကြား ဆက်သွယ်ထားသည့် ပင်မ အဝေပြေး လမ်းမကြီးကို သူပုန်တို့ ထိန်းချုပ်ထားရာမှ ပြန်လည်ရယူနိုင်ရန် စစ်တပ်က အရှိန်မြှင့် ကြိုးစားနေကြောင်း ဖော်ပြခဲ့သည်။ ပြီးခဲ့သည့် ၂၄ နာရီအတွင်း ရုရှားတိုက်လေယာဉ်များက ၃၃ ကြိမ်ထက်မနည်း ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းကလည်း အစိုးရ ဆန့်ကျင်ရေး သူပုန်များကို အထိနာစေခဲ့သည်။

ရုရှားသည် အစ္စလာမ်မစ် နိုင်ငံတော် (အိုင်အက်စ်) စစ်သွေးကြွများကို ချေမှုန်းရန်အတွက် ဆီးရီးယား ပြည်တွင်းစစ်၌ ပါဝင် စွက်ဖက်ခဲ့ခြင်းဟု ကြေညာထားသော်လည်း လက်တွေ့တွင်မူ ဆီးရီးယား သမ္မတ ဘာရှာ အယ်လ် အာဆက်ဒ်၏ ရန်သူ သူပုန်တပ်ဖွဲ့ အားလုံးကို ပစ်မှတ်ထားကြောင်း ပိုမို သိသာလာသည်။

အောက်တိုဘာ ၁၅ ရက်တွင် ရုရှားလေတပ်က ပြင်းပြင်းထန်ထန် ဗုံးကြဲနေခဲ့ကြောင်း ဒေသခံများက ဆိုသည်။ အဝေးပြေး လမ်းမတလျှောက်ရှိ မြို့ရွာများတွင်လည်း ဗလီများက အရပ်သားများအား ဘေးလွတ်ရာ ရှာဖွေခိုလှုံရန် အသံလွှင့် သတိပေးနေခဲ့သည်။ အစိုးရနှင့် ရုရှားလေတပ်၏ ပူးပေါင်းထိုးစစ်အတွင်း အရပ်သား အများအပြား သေဆုံးကြောင်းလည်း ဒေသခံများက ပြောကြားခဲ့သည်။

ရုရှားကာကွယ်ရေး ဝန်ကြီးဌာနက မိမိတို့၏ လေကြောင်းတိုက်ပွဲ ဆင်နွှဲနေချိန်တွင် ဝေဟင်၌ ပျံသန်းမှု လမ်းကြောင်းများ အရှုပ်အထွေး မဖြစ်စေရန် အစ္စရေး လေတပ်နှင့် အရေးပေါ် ဆက်သွယ်ရေးလိုင်းများ ကြိုတင် စီစဉ်ထားကြောင်း ကြေညာခဲ့သည်။ ဆီးရီးယားတွင် လေကြောင်းထိုးစစ် ဆင်နွှဲနေသည့် အမေရိကန် တပ်ဖွဲ့များနှင့်လည်း အလားတူ ညှိနှိုင်းမှုမျိုး အကောင်အထည်ဖော်ရန် စီစဉ်နေသော်လည်း လက်ရှိအချိန်ထိ ဆွေးနွေးဆဲ အဆင့်မှ မတက်နိုင်သေးကြောင်း သိရှိရသည်။

7Day Daily
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment