ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသများတွင် မူးယစ်ဆေး သုံးစွဲမှုများနှင့် ဆက်စပ်၍ လူကုန်ကူးမှုများ ဖြစ်ပေါ်နေပြီး မြန်မာအမျိုးသမီးငယ် တစ်ဦးလျှင် တရုတ်ယွမ်ငွေ တစ်သောင်းနှင့် လေးသောင်းကြား ရောင်းစားမှုများ ရှိနေ

                            ရှမ်းပြည်မြောက်ပိုင်း တစ်နေရာကို ၂၀၁၄ ခုနှစ်ကုန်ပိုင်းက တွေ့ရစဉ်

5.10.2015


ရှမ်းပြည်မြောက်ပိုင်း ဒေသများတွင် မူးယစ်ဆေးဝါး သုံးစွဲမှုများနှင့် ဆက်စပ်ပြီး လူကုန်ကူးမှုများ လည်း ဖြစ်ပေါ်နေကြောင်း တအောဝ်း အမျိုးသမီးအဖွဲ့မှ ရရှိသော သတင်းများအရ သိရသည်။

“ကျွန်မတို့ ရှမ်းပြည်မြောက်ပိုင်းပေါ့နော်။ အထူးသဖြင့် ဒီ မူဆယ်၊ နမ့်ခမ်း၊ နမ်ပုံ၊ ကွက်ခိုင်၊ ကျောက်မဲ၊ သီဘော အဲဒီနား တစ်လျှောက်တွေဆိုရင် မူးဝါးဆေးဝါးတွေက အရမ်းကို ပေါများနေတာပေါ့။ အလွယ်တကူလည်း ၀ယ်လို့ရတယ်။ ပြီးလို့ရှိရင် လူငယ်တော်တော် များများကလည်း မူးယစ်ဆေးဝါးဖက်ပြီး ပျက်စီးလာကြတယ်။ ဘယ်ရွာမဆို လက်ညှိုးထိုးလိုက်ရင် မူးယစ်ဆေးဝါး မသုံးတဲ့ ရွာလို့ မရှိသလောက်ဘဲ။ ရွာထဲမှာလည်း လက်ညှိုးထိုးလိုက်ရင် ၁၀ ယောက်မှာ ခုနစ်ယောက်၊ ရှစ်ယောက်လောက်က မူးယစ်ဆေးဝါး ကျေးကျွန်တွေ ဖြစ်လာကြတယ်” ဟု တအောဝ်းပလောင် အမျိုးသမီးအဖွဲ့၏ တွဲဖက်အထွေထွေ အတွင်းရေးမှူး (၂) မဒီးဒီးပိုးကျိန်းက ပြောကြားသည်။

အကျိုးဆက် အနေဖြင့် အမျိုးသမီးလေးများက ရွာထဲမှာပင် မနေတော့ကြောင်း၊ ရွာထဲမှာ နေပါက ဘိန်းစားများနှင့် အိမ်ထောင်ကျမည်ကို စိုးရိမ်လာကြကြောင်း၊ ထို့ကြောင့် အရွယ်ရောက်လာသည့် မိန်းကလေး အတော်များများ တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံများသို့ သွားရောက်လာကြကြောင်းလည်း သိရသည်။

“သူတို့ ဒီလို ထွက်ပေါက်ရှာပြီး နိုင်ငံခြားကို ထွက်သွားတဲ့အခါ အဆင်ပြေတဲ့လူတွေ ရှိသလို အဆင်မပြေတာတွေ၊ လူကုန်ကူး ခံရတာတွေလည်း အများကြီးပါပဲ။ တချို့ တော်တော်လေး ဆိုးဆိုးရွားရွား ဖြစ်သွားတာတွေလည်း ရှိတယ်။ အရင်တုန်းက ကျွန်မတို့ တအောင်းရွာတွေမှာ သူခိုးဂျပိုးလည်း မရှိဘူးလေနော်။ တကယ်ကို အေးအေးချမ်းချမ်းပဲ။ အခုဆိုရင် ဘာမှ မထားရဲသလောက်ပဲ။ ဆိုင်ကယ်တောင် ဒီအတိုင်း မထားရဲဘူး။ ပျောက်တဲ့ အလေ့အထတွေက အရမ်းများလာတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။ 

ယင်းဖြစ်ရပ်များမှာ ၂၀၀၅ ခုနှစ် နောက်ပိုင်းတွင် တဖြည်းဖြည်း မြင့်တက်လာခြင်းဖြစ်ကြောင်း၊ ယခင်က တအောဝ်းဒေသတွင် အမျိုးသားတပ်မတော် ရှိခဲ့ကြောင်း၊ သို့သော် ထိုတပ်မတော်သည် ၁၉၉၁ ခုနှစ်တွင် ငြိမ်းချမ်းရေး ယူလိုက်ကြောင်း၊ ၂၀၀၅ ခုနှစ်တွင် လက်နက် အပြီးအပိုင် အပ်ရကြောင်း၊ ထိုတပ်မတော် ရှိစဉ်က သူတို့ ထိန်းချုပ်နယ်မြေတွင် မူးယစ်ဆေးဝါး နှိမ်နင်းရေးများ လုပ်ခဲ့ကြောင်း၊ ထို့ကြောင့် ယင်းတို့ဒေသတွင် ဘိန်းသုံးစွဲသူ ယခုလောက် များပြားခြင်း မရှိခဲ့ကြောင်း၊ သို့သော်လည်း ၂၀၀၅ ခုနှစ်နောက်ပိုင်း၊ တစ်နည်းအားဖြင့်  လက်နက်အပ်ပြီး နောက်ပိုင်း တအောဝ်းဒေသတွင် သိသိသာသာ များပြားလာကြောင်း၊ စိုက်ပျိုး ထုတ်လုပ်မှုလည်း များပြားလာကြောင်း သိရသည်။

“ဘိန်းစိုက်တာ များလာပေမယ့် ဒီပလောင်ဒေသမှာ ဒီလောက်ထိ အရင်းအနှီး မရှိဘူး။ တရုတ်က လာစိုက်တယ်။ ပလောင်တွေကတော့ အလုပ်သမားအဖြစ် ပြန်လုပ်ကြတယ်။ အစပိုင်းတော့ စမ်းတဲ့သဘောမျိုး သုံးကြတယ်။ နောက်ပိုင်းကျတော့ လုပ်အားခ မပေးဘဲ ဘိန်းပဲပေးတဲ့ အလေ့အထ ဖြစ်လာတယ်။ ဒါကြောင့် ဘိန်းစားတွေ များလာတဲ့ အပိုင်းလည်း ဖြစ်လာတယ်” ဟု ဆိုသည်။

စင်စစ် ရှမ်းပြည်မြောက်ပိုင်း တအောဝ်းပလောင် ဒေသတွင် လက်ဖက်တစ်မျိုးတည်းကိုသာ အဓိက စိုက်လေ့ရှိကြောင်း၊ နောက်ပိုင်းတွင် တရုတ်ပြည်ဘက်မှ လက်ဖက်များ တရားမ၀င် လမ်းကြောင်းမှ ၀င်ရောက်လာကြကြောင်း၊ ယင်းနောက်ပိုင်း ဒေသခံများ အလုပ်လက်မဲ့ ဖြစ်လာကြကြောင်း၊ အလားတူ အခြား မိုင်းရှူး၊ ဖားကန့် စသည့် ဒေသများမှ ပြန်လာသူများလည်း သုံးတတ်လာကြကြောင်း၊ သူတို့နှင့် ဆက်နွှယ်သူများပါ သုံးစွဲလာတတ်ကြောင်းလည်း သိရသည်။

“တချို့ကေ့စ်တွေဆိုရင် မိဘကိုယ်တိုင်က သားသမီးကို ရောင်းစားတာ ရှိတယ်။ ရောင်းစားတယ်ဆိုတာ ဥပမာ-မိဘနှစ်ယောက်လုံးက ဘိန်းစွဲနေတယ်။ စွဲနေတော့ သူတို့ မွေးထားတဲ့ ကလေးသုံးယောက်ကို တရုတ်ပြည်ဘက် အတင်းပို့ပြီး အလုပ်လုပ်ခိုင်းတယ်။ အကြီး မိန်းကလေးဆို ၁၀ နှစ်လောက်ပဲ ရှိသေးတယ်။ ကျွန်မတို့က သိတော့ အချိန်မီ တားဆီးလိုက်နိုင်တယ်။ မတားဆီးနိုင်တာလည်း ရှိတယ်” ဟု ဒီးဒီးပို့ကျိန်းက ပြောကြားသည်။

မူဆယ်၊ နမ့်ခမ်း၊ ကွက်ခိုင်ဒေသများသည် တရုတ်နယ်စပ်နှင့် နီးနေကြောင်း၊ ယင်းဒေသများတွင် လူကုန်ကူးမှုများ ရှိနေကြောင်း၊ တရုတ်နိုင်ငံ၏ One Family One Child Policy ကြောင့် တရုတ်နိုင်ငံတွင် မိန်းကလေး လိုအပ်ချက် မြင့်မားလာသည့် အချိန်တွင် လူကုန်ကူးမှုများလည်း ရှိကြောင်း၊ အလားတူ မိဘကိုယ်တိုင် ဆေးသုံးစွဲရာမှ သားသမီးကို ရောင်းစားမှုများ ရှိကြောင်း၊ အမျိုးသမီးငယ်လေး တစ်ဦးလျှင် တရုတ်ယွမ် တစ်သောင်းနှင့် လေးသောင်းကြားတွင် ရှိနေကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

လူကုန်ကူးသည့် ပြဿနာသည် မြန်မာနိုင်ငံ၏ ဆယ်စုနှစ် တစ်ခုကြာ ကာလအတွင်း တဖြည်းဖြည်း ကြီးထွားလာသည့် ပြဿနာ ဖြစ်ကြောင်း၊ အထူးသဖြင့် အမျိုးသမီးများ လူကုန်ကူးခံရခြင်းကို ကျဆင်းအောင် လုပ်ဆောင်နိုင်မှုပိုင်းတွင် အားနည်းမှုများ ရှိနေကြောင်း၊ မူးယစ်ဆေးဝါး ပြဿနာများကို မနှိမ်နင်းနိုင်ခြင်းတို့ကြောင့် ယခုကဲ့သို့ တိုးပွားလာခြင်းဖြစ်ကြောင်း၊ အထူးသဖြင့် တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံများ၏ ဈေးကွက်များသို့ မြန်မာနိုင်ငံမှ အမျိုးသမီးငယ်များကို ပို့ဆောင်လေ့ ရှိနေကြောင်းလည်း သတင်းရရှိသည်။

အလားတူ နိုင်ငံရေး ပဋိပက္ခများ ရှိနေခြင်း၊ တစ်နည်းအားဖြင့် လက်နက်ကိုင် တိုက်ပွဲများကို ရပ်တန့်နိုင်မှု မရှိခြင်း၊ ဆင်းရဲနွမ်းပါးမှု အတိုင်းအတာ မြင့်တက်လာခြင်းနှင့် အလုပ်အကိုင် ရှားပါးခြင်းတို့သည်လည်း အဓိက အကြောင်းရင်းများပင် ဖြစ်နေကြောင်း၊ အထူးသဖြင့် ကချင်ဒေသနှင့် ရှမ်းပြည်နယ် မြောက်ပိုင်းဒေသများတွင် ဖြစ်ပွားမှု မြင့်တက်နေကြောင်း သိရသည်။

ကချင်ဒေသသည် တရုတ်နိုင်ငံနှင့် ထိစပ်နေသည့်အတွက် အခြားပြည်နယ်များထက် အခြေအနေ ပိုဆိုးသည့် အနေအထား ရှိကြောင်း၊ အထူးသဖြင့် ကချင်အမျိုးသမီးများအား တရုတ်နိုင်ငံသို့ သတို့သမီး (အငှားမယား)များအဖြစ် တင်ပို့နေကြခြင်းပင် ဖြစ်ကြောင်းနှင့် အလားတူ လိင်ဖျော်ဖြေရေး လုပ်ငန်းများသို့ ရောက်သွားသူများလည်း ရှိသည်။

လူကုန်ကူး ခံရသူများထဲတွင် အချို့မှာ တရုတ်နိုင်ငံ အရှေ့မြောက်ဖျား ဒေသများဖြစ်သော ချွင်ချန်း၊ ဘေဂျင်း၊ နန်နင်း စသည့် ဒေသများအထိ ရောက်ရှိသွားကြကြောင်း၊ အချို့ကိုမူ မြန်မာနိုင်ငံနှင့် ထိစပ်နေသော တရုတ်နိုင်ငံ၏ အနောက်တောင်ပိုင်း ပြည်နယ်တစ်ခုဖြစ်သည့် ယူနန်ပြည်မှ လိင်ဖျော်ဖြေရေး လုပ်ငန်းများအတွက် ရည်ရွယ်ကြောင်းလည်း သိရသည်။ တချို့မှာ ကာရာအိုကေခန်းများ၊ အနှိပ်ခန်း (Massage Parlour) များသို့ ရောက်ကြကြောင်းလည်း သိရသည်။

ကချင်ပြည်နယ်တွင် ဖြစ်ပွားမှု မြင့်တက်သည့် အကြောင်းအရင်းအများနှင့် ပတ်သက်လျှင်မူ မြေသိမ်းယာသိမ်းမှုများ၊ အလုပ်အကိုင် ရှားပါးသည့် ပြဿနာများကြောင့်ဖြစ်ကြောင်း ထိုင်းအခြေစိုက် ကချင်အမျိုးသမီးများအသင်း (the Kachin Women's Association Thailand KWAT) ၏ အစီရင်ခံစာ တစ်စောင်တွင်လည်း ဖော်ပြထားသည်။

ဖြစ်ပေါ်ခဲ့သည့် အခင်းအကျင်းသည် စစ်တပ် ကျောထောက်နောက်ခံ စီးပွားရေးသမားများနှင့် လုပ်ပိုင်ခွင့်အာဏာ ရှိသူများအပြင် တရုတ်လူမျိုး စီးပွားရေး သမားများအတွက်ပါ အကျိုးအမြတ်များစွာ ဖြစ်ထွန်းခဲ့သည်ဟု သိရသည်။ သို့သော် ဒေသခံများ အတွက်မူ မကောင်းသော အကျိုးသက်ရောက်မှုများသာ ဖြစ်ခဲ့ကြောင်း၊ ဒေသခံတို့ဘ၀ ဆင်းရဲသည်ထက်သာ ဆင်းရဲလာခဲ့ကြောင်း၊ သဘာဝ သယံဇာတ အရင်းအမြစ်များကို ထုတ်ယူနေသော်လည်း ထိုဒေသတွင် လူထုအား အလုပ်အကိုင် ဖော်ဆောင်ပေးနိုင်သည့် လုပ်ငန်းများ။ တစ်နည်းအားဖြင့် ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးနှင့် အသက်မွေးဝမ်းကျောင်းကို အထောက်အကူ ဖြစ်စေသည့် (Resource based Industry) များ စနစ်တကျ ဖွံ့ဖြိုးလာခြင်းလည်း မရှိကြောင်း စစ်တမ်းအချို့တွင်လည်း ဖော်ပြထားပါသည်။    

သို့သော် အရင်းအမြစ် ထုတ်ယူသည့် လုပ်ငန်းများနှင့် ဆက်စပ်ပြီး စည်ကားလာသည့် မြို့အချို့တွင်မူ ဖျော်ဖြေရေးလုပ်ငန်းများ ပေါ်ပေါက်လာခဲ့ကာ လူကုန်ကူးသည့် လုပ်ငန်းများအတွက် အခွင့်အလမ်းများ ဖြစ်ပေါ်စေခဲ့သည်။

ရှမ်းပြည်မြောက်ပိုင်း ဒေသများတွင် သီတင်းကျွတ်ပြီးနောက်ပိုင်း ဘိန်းကို စတင်စိုက်ပျိုးလေ့ရှိကြောင်း၊ မတ်နှင့် ဧပြီကြားလောက်တွင် စပြီး ချက်လုပ်လေ့ရှိကြောင်းလည်း သိရသည်။    

Eleven Media Group
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment