ရှမ်းပြည်နယ်တွင် စစ်ဘေးဒဏ်ကြောင့် ခိုလှုံနေကြသော ဒုက္ခသည်ပေါင်း ၁၅၀၀ ခန့်အထိ မြင့်တက်လာ
17.10.2015
ရှမ်းပြည်နယ်တောင်ပိုင်း ကျေးသီးမြို့နယ်တွင် တပ်မတော်နှင် SSPP/SSA ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော်တို့ အောက်တိုဘာ ၆ ရက်မှ စတင်ကာ တိုက်ပွဲများ အပြင်းအထန် ဖြစ် မှုကြောင့် ဒေသတွင်းရှိ စစ်ဘေးရှောင် ပြည်သူများ ၁၅၀၀ ကျော်ထိ မြင့်တက်လာပြီး၊ အဆိုပါ ဒုက္ခသည်များ၏ စားဝတ်နေရေးများကို အရေးပေါ် အခြေအနေအဖြစ် အကူအညီများ လိုအပ်လျက် ရှိသောကြောင့် အဖွဲ့ပေါင်းစုံတို့မှ လှူဒါန်းပေး ပါရန် ရှမ်းလူငယ်ကွန်ရက်က အောက်တိုဘာ ၁၆ ရက်တွင် လိုက်လံ စုဆောင်း အလှူခံလျက်ရှိကြောင်း သတင်းရရှိသည်။
ပြည်သူများ ထွက်ပြေးတိမ်းရှောင် နေရာတွင် မိုင်းရှူးမြို့နယ်၊ ဟိုင်းပါဒေသ တွင်းရှိ ဘုန်းတော်ကြီးကျောင်း တွင် တဖွဲဖွဲ ၀င်ရောက်လာပြီး ၁၅ ရက်တွင် ၁၃၀၀ ကျော်၊ ၁၆ ရက် တွင် ၂၀၀ ကျော် ထပ်မံ ရောက်လာ သဖြင့် ၁၅၀၀ ကျော်သွားပြီ ဖြစ်ကြောင်း ရှမ်းလူငယ်ကွန်ရက်မှ စိုင်းဆု (ပင်လုံ) က ဆိုသည်။
"ဒီတစ်ရက် နှစ်ရက်မှာ အလှူခံမယ်။ ပြီးရင် တောင်ပိုင်း မြောက်ပိုင်း ချိတ်ပြီးတော့ တာဝန်ယူတဲ့ အဖွဲ့တွေရှိတယ်။ သူတို့က လိုအပ်တဲ့ ပစ္စည်းတွေ ၀ယ်ခြမ်းပြီးတော့ ပြီးခဲ့တဲ့ တာ့ဖာဆောင် တုန်းကလည်း သွားသေးတယ်လေ။ ပြီးမှ တစ်ခေါက် ထပ်စီစဉ်မှာဗျ ရန်ပုံငွေအပေါ် ကြည့်ပြီးတော့၊ ဒီနေ့မှ စအလှူခံတာပါ။ လောလောဆယ် စားဝတ်နေရေးက ဘုန်းကြီးကျောင်း ပဲ ကျွေးထားရတာပေါ့။ ဒါကြောင့် အရေးပေါ် အခြေအနေ သဘောလို့ ပြောတာပေါ့။ စားဖို့သောက်ဖို့ အရင်ဆုံး ဖြေရှင်း ပေးရမယ်။ ပြီးရင် ကျန်းမာရေး ပါမယ်။ ဆေးဝါး နည်းနည်းပါးပါး လိုအပ်ရင် သွားလှူဖို့။ ရှေ့နေ့တုန်းက ၁၃၀၀ ကျော်၊ ဒီနေ့ ၂၀၀ ကျော်ဆိုတော့ ဟုတ်တယ် ၁၅၀၀ ကျော်ကို ရှိတယ်" ဟု ပင်လုံမှ ရှမ်းလူငယ်ကွန်ရက် အဖွဲ့ဝင် စိုင်းဆုက ပြောကြားသည်။
ရှမ်းအရှေ့ပိုင်း တန့်ယန်းမြို့ရှိ လုံမုဘုန်းတော်ကြီး ကျောင်းတွင်လည်း ဒုက္ခသည် ၂၀၀ ကျော်ရောက်ရှိ လက်ခံထားရှိကြောင်း စိုင်းအောင်ဘ က ပြောကြားသည်။
"ကျွန်တော်တို့က မကောက်သေးဘူး။ ကျေးရွာအုပ်ချုပ်ရေး ရုံးကနေ စာတင်ရတယ်။ တရားဝင်ဖြစ်အောင် စာတင်ပြီးမှ ကောက်ရမှာ။ အတည်ပြုပြီး ထွက်လာမှ လုပ်လို့ရတာ။ ခုက မစရသေးဘူး။ စာတင်တုန်းပဲ ရှိသေးတယ်" ဟု တန့်ယန်းမှ ရှမ်းလူငယ်ကွန်ရက် အဖွဲ့ဝင် စိုင်းအောင်ဘက ပြောကြား သည်။
ရှမ်းလူငယ် ကွန်ရက်သည် ဦးဆောင်ကော်မတီဖြင့် ၂၀၁၃ ခုနှစ်တွင် ဖွဲ့စည်းထားခြင်းဖြစ်ပြီး ရှမ်းတောင်တွင် သုံးဦး၊ ရှမ်းမြောက်တွင် ရှစ်ဦးခန့်ပါဝင်ကာ ကွန်ရက်ချိတ်ဆက်မှု လုပ်ဆောင်ကြောင်း သိရသည်။
Eleven Media Group
0 comments:
Post a Comment