3.9.2015
သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ အနေဖြင့် လက်ရှိ အချိန်အထိ ပြည်ခိုင်ဖြိုး ၊ NLD မည်သည့်ပါတီနှင့်မျှ မဟာမိတ်မဖွဲ့ရသေးပဲ တိုင်းရင်းသားအရေး ပြည်တွင်းငြိမ်းချမ်းရေးတို့အတွက် နေရာမှန်တွင် ဆက်ရှိ နေဆဲဖြစ်ကြောင်း ပါတီ ဥက္ကဌ ခွန်ထွန်းဦးက ပြောသည် ။
“ အရင်ကတော့ NLDကို စောင့်ခဲ့ဖူးတယ် ။ အတိုက်အခံပါတီအဖြစ် ဆက်ရပ်မလား တိုင်းရင်းသား အရေး ဒီမိုကရေစီအရေးတွေအတွက် တစိုက်မတ်မတ်လုပ်မလား ဆိုပြီးတော့ပါ ။ အခုတော့ ကိုယ့်နေရာမှာဘဲ ဆက်နေမယ် ။ အတိုက်အခံအဖြစ်ပဲ ဆက်ရပ်တည်မယ် ။ ဘယ်ပါတီနဲ့မှ အပေးအယူ မဟာမိတ် ကိစ္စတွေ အတွက် သဘောတူထားတာ မရှိသေးပါဘူး ”ဟု ပါတီ ဥက္ကဌ ခွန်ထွန်းဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။
ရွေးကောက်ပွဲ နီးကပ်လာသည်နှင့်အမျှ ပါတီအများစုမှာ အစိုးရဖွဲ့နိုင်ရေးကိစ္စများအပါဝင် မဲဆန္ဒနယ် နေရာကိစ္စရပ်များအတွက် နိုင်ငံရေးပါတီအချင်းချင်း မဟာမိတ်ဖွဲ့မှုများ ပြုလုပ်နေကြောင်း ပြည်ခိုင်ဖြိုး ပါတီမှ ရွေး ကောက်ပွဲဝင်မည့် ပါတီအဆင့်မြင့် တာဝန်ရှိသူ တဦးလည်းဖြစ် ၊ ရွေးကောက်ပွဲ အောင်နိုင်ရေး မန်နေဂျာလည်းဖြစ်သူက သျှမ်းသံတော်ဆင့်သို့ အတည်ပြု ပြောဆိုသည် ။
ထို့အပြင် ၄င်းက ဆက်ပြီး - “ ကျားဖြူ ပါတီနဲ့ သူ့ရဲ့ မိတ်ဘက်တိုင်းရင်းသားပါတီတွေက သမ္မတ ဦးသိန်းစိန်ရဲ့ ပြည်ခိုင်ဖြိုးပါတီနဲ့ မဟာမိတ်တွေ ဖြစ်ပြီးသားဘဲလေ ။ နောက်ပြီး NLD ပါတီကလည်း ကျနော်တို့ရဲ့ (ယခင်) ပြည်ခိုင်ဖြိုးပါတီ ဥက္ကဌဟောင်း သူရဦးရွှေမန်းနဲ့ နီးစပ်တော့ ခုတောင်မှ ၂ ပါတီ ခေါင်းဆောင်တချို့တွေ မဟာမိတ်တွေ ဆက်ဖြစ်နေ သေးတာဘဲ ။ မဟာမိတ် ဖွဲ့လို့ ကောင်းတဲ့ အချိန်ပေါ့ ” - ဟု ၄င်းက ပြောသည် ။
ကျားဖြူပါတီ ဥက္ကဌ စိုင်းအိုက်ပေါင်းကတော့ “ ကျားဖြူ ပါတီဟာ ဘယ်သူရဲ့ အစေခံမှ မဟုတ်ဘူး ။ သျှမ်းပြည်ပြည်သူ လူထုရဲ့ အစေခံ ၊ လူထုအတွက် အလုပ်လုပ်မယ် ။ သျှမ်းပြည်အစိုးရ ဖြစ်ဖို့ အဓိက ဖြစ်တဲ့အတွက် လာမယ့် ရွေးကောက်ပွဲမှာ အောင်နိုင်ဖို့ အဓိကပဲ ” ဟု သျှမ်းသံတော်ဆင့် သို့ပြောသည် ။
ဦးခွန်ထွန်းဦးမှ ဥက္ကဌအဖြစ် တာဝန်ယူနေသည့် တိုင်းရင်းသားပါတီ ၁၁ ဖြင့် ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် အဖွဲ့ UNA သည်လည်း တိုင်းရင်းသား လက်နက်ကိုင် တပ်ပေါင်းစု ဖြစ်သည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC ၏ မဟာမိတ် ဖြစ်နေပါသည် ။
“ နိုင်ငံရေးမှာ အတိုက်အခံဒီမိုကရေစီအင်အားစုတွေ တိုင်းရင်းသားအင်အားစုတွေ ဘာကြောင့် မအောင်မြင်သလဲဆိုတာ တပ်ပေါင်းစု မူဝါဒနဲ့ လွဲချော်လို့ပါပဲ ကျနော်တို့တော့ အတိုက်အခံအဖြစ်ပဲ ဆက်ရှိနေမှာပါ” - ဟု ခွန်ထွန်းဦးက ပြောသည် ။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ရွေးကောက်ပွဲတွင် တိုင်းရင်းသားနယ်မြေများရှိ မြန်မာစကား မပြောသည့် နယ်မြေ များတွင်ပါ ၀င်ရောက် ယှဉ်ပြိုင်ရန် စီစဉ်နေသဖြင့် နိုင်ငံရေး အင်အားစုများက NLD ၏ တိုင်းရင်းသားရေး ရာ မူဝါဒ အပေါ် ဝေဖန်မှုများ ရှိနေပါသည် ။
#သျှမ်းသံတော်ဆင့်
0 comments:
Post a Comment