2.9.2015
၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းများကို သက်ဆိုင်ရာ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်က စိစစ်သော်လည်း လက်ရှိ အချိန်အထိ ပယ်ချခံရမှု မရှိသေးကြောင်း အဆိုပါပါတီ ဗဟို ကော်မတီဝင် ဦးသာဝင်းက ပြောကြားသည်။
အထွေထွေရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အသီးသီးတွင် ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများ၏ ကိုယ်စား လှယ်လောင်းများကို သက်ဆိုင်ရာ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်များက စိစစ်ခြင်းနှင့် ပတ်သက်ပြီး ၎င်းကယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။
“မရှိပါဘူး။ အခုချိန်ထိတော့ ပယ်ချခံရတယ်ဆိုတာမျိုး မကြားသေးပါဘူး” ဟု ၎င်းကဆိုသည်။
အတိုက်အခံပါတီကြီး ဖြစ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ ကိုယ်စားလှယ်လောင်း ခုနစ်ဦးကို သတ်မှတ်ချက်များနှင့် ကိုက်ညီမှု မရှိဟု ဆိုကာ သက်ဆိုင်ရာခရိုင် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများက ပယ်ချမှုများ ရှိသောကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့် ရွေးကောက်ပွဲ ကော်မရှင် ထံသို့ အယူခံ လျှောက်ထားမှုများကို ပြုလုပ်လျက်ရှိ ကြောင်း အဆိုပါပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောကြားသည်။
“ဥပဒေကြောင်းအရ အယူခံဝင်တာတွေ လုပ်နေပါတယ်။ တချို့လည်း အဲဒီအတွက် ပြင်ဆင်နေပါတယ်။ အခု လက်ရှိတော့ ဘာကြောင့် ပယ်ချခံရတယ် ဆိုတာတွေကို ပြန်ပြီး စိစစ်နေပါတယ်” ဟု ၎င်းကဆိုသည်။
အလားတူ နိုဝင်ဘာလ ၁ ရက်နေ့တွင် ပြုလုပ်မည့် အထွေထွေရွေးကောက် ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် တစ်သီးပုဂ္ဂလနှင့် နိုင်ငံရေးပါတီများမှ အမည်စာရင်း တင်သွင်းထားသော ကိုယ်စားလှယ်လောင်း စုစုပေါင်း ၆၁၈၉ ဦးရှိသော်လည်း သက်ဆိုင်ရာ ခရိုင်ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲများက စိစစ်ရာတွင် မွေးဖွားချိန်တွင် မိဘနိုင်ငံသား မဟုတ်သောကြောင့် လည်းကောင်း၊ ကိုယ်စားလှယ်လောင်း လျှောက်ထား ရန် အသက် မပြည့်သောကြောင့် လည်းကောင်း ကိုယ်စားလှယ်လောင်း အဖြစ်မှ ပယ်ချလျက်ရှိကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ထံမှ သိရသည်။
“ကိုယ်စားလှယ်လောင်းတွေကို သတ်မှတ်ချက်နဲ့ မကိုက်လို့ ပယ်ချတာတွေ ရှိတာ ဟုတ်ပါတယ်။ ဒါပေမဲ့ စာရင်းအားလုံးက ကျွန်တော်တို့ဆီကို မရောက်သေးပါဘူး။ အားလုံး ဘယ်နှယောက်ရှိသလဲဆိုတာ မသိသေးဘူး” ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးဝင်းကိုက ဆိုသည်။
သို့သော်လည်း ခရိုင်ရွေးကောက်ပွဲ ကော်မရှင်၏ ကိုယ်စားလှယ်လောင်းပယ်ချမှုကို မကျေနပ်ပါက တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲများထံ အယူခံဝင်ခွင့်ရှိကြောင်း လွှတ်တော်အသီးသီး၏ ရွေးကောက်ပွဲ ဥပဒေများတွင် ဖော်ပြပါရှိသည်။
#The Voice Weekly
0 comments:
Post a Comment