25.9.2015
ရှမ်းပြည်နယ် အရှေ့ပိုင်းရှိ လမ်းပန်းဆက်သွယ်ရေး ခက်ခဲသည့် ဒေသများတွင် အလယ်တန်းပြ ဆရာ/ ဆရာမ နေရာများ လစ်လပ်နေကြောင်း ရှမ်းပြည်နယ် ပညာရေးမှူးရုံးထံမှ သိရသည်။
အဆိုပါ လစ်လပ်နေရာများ အတွက် သက်ဆိုင်ရာ ပြည်နယ်အတွင်းမှ (သို့) အခြားပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ဒေသမရွေး လာရောက် တာဝန်ထမ်းဆောင်လိုပါက ဖြည့်စွက်ခန့်ထားရန် အဆင်သင့်ရှိကြောင်း သိရသည်။
“ဒီမှာ တချို့ကလည်း တပ်မိသားစုက ပြောင်းရွှေ့သွားတာ။ တချို့တွေကလည်း ဒီမှာလာရောက် အလုပ်လုပ်နေရင်း တခြား တိုင်းဒေသကြီးတွေကို ပြောင်းရွှေ့သွားကြတယ်။ အဲဒါကြောင့် အလယ်တန်းပြ ဆရာ/ ဆရာမတွေက လိုအပ်နေတာ။ လောလောဆယ် အခက်အခဲတော့ အရမ်းကြီး မရှိဘူး။ ဒါပေမဲ့ ရေရှည်တော့ မလွယ်လောက်ဘူး”ဟု ရှမ်းပြည်နယ် ပညာရေးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်မြင့်က ပြောသည်။
အလယ်တန်းပြ ဆရာ/ဆရာမများကို ရှမ်းပြည်နယ် အရှေ့ပိုင်း မက်မန်းမြို့၊ မိုင်းပြေးမြို့နှင့် မိုင်းတုံမြို့တို့တွင် အဓိက လိုအပ်နေပြီး၊ ထိုလစ်လပ် နေရာများအတွက် ဘွဲ့ရ၊ လုပ်သက်နှစ်နှစ်ရှိ မူလတန်းပြဆရာ/ဆရာမများ လျှောက်ထားနိုင်ကြောင်း သိရသည်။
“မူလက လစ်လပ်နေရာ (၄၃)နေရာ ရှိတယ်။ ဒါကို ကျွန်တော်တို့ ညွှန်ချုပ်ကြီးကို တင်ပြတော့ သူကနေ သက်ဆိုင်ရာ ပြည်နယ်နဲ့ အခြားသော ပြည်နယ်နဲ့တိုင်း ဒေသကြီးတွေကနေ သတ်မှတ် အရည်အချင်းရှိတဲ့ သူတွေကို တောင်းခံလိုက်တဲ့အခါ မန္တလေးတိုင်း ဒေသကြီးကနေ (၂၁) ယောက် ရပါတယ်။ အခု လစ်လပ်နေရာ (၂၀)ကျော် ကျန်ပါသေးတယ်”ဟု ဦးအောင်မြင့်က ပြောသည်။
ရှမ်းပြည်နယ် အရှေ့ပိုင်းတွင် အခြေခံ ပညာကျောင်းပေါင်း (၈၀၀)ကျော် ရှိရာ အလယ်တန်း ကျောင်းသား နှစ်သောင်းခွဲနီးပါး တက်ရောက်နေပြီး၊ အလယ်တန်းပြ ဆရာ/ဆရာမ တစ်ထောင်နီးပါးသာ ရှိကြောင်း ရှမ်းပြည်နယ် ပညာရေးမှူးရုံးထံမှ သိရသည်။
Messenger News Journal
- Blogger Comment
- Facebook Comment
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment