NCA လက်မှတ်မထိုးမည့်အပေါ် နာဂအဖွဲ့ (NSCN-K) ပြန်လည်သုံးသပ်
25.9.2015
အပစ်အခတ် ရပ်စဲရေးစာချုပ် NCA လက်မှတ်မထိုးဟု စက်တင်ဘာ ၁၇ ရက်နေ့က ပြောဆိုထားသည့် အပေါ် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN-K) က ပြန်လည်သုံးသပ်နေသည်ဟု နာဂအဖွဲ့နှင့် အစိုးရအကြား ငြိမ်းချမ်းရေး အထောက်အကူပြု ညှိုနှိုင်းရေးကော်မတီ အဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။
"ဒီနေ့နဲ့ နက်ဖြန်ဗဟိုကော်မတီအစည်းအဝေးလုပ်တယ်။ လက်မှတ်ထိုးမထိုးကို ဒီကနေပြီးတော့ လုံးဝဆုံးဖြတ်မှာ။ ဘာကြောင့် မထိုးမှာလည်းဆိုတာလည်းပါမယ်။ အဲဒီတော့မှ အသေအချာပြောနိုင် လိမ့်မယ်။ အရင်ကအဖြေ ပြန်ထွက်နိုင် သလို မတူတဲ့အဖြေလည်း ထွက်နိုင်တယ်။" ဟု အမည်မဖော်လိုသူ NSCN-K ၏ ငြိမ်းချမ်းရေး အထောက်အကူပြုအဖွဲ့ဝင် က ဆိုသည်။
ပြန်လည်သုံးသပ်သည့် ဗဟိုကော်မတီအစည်းအဝေးကို NSCN-K ၏ ဌာနချုပ်ဖြစ်သည့် တနိုင်းနှင့် ခန္တီးမြို့အကြား၊ တံခါးရွာတွင် စက်တင်ဘာ ၂၅ ရက် နှင့် ၂၆ရက် တို့တွင် ပြုလုပ်မည်ဖြစ်သည်။
စက်တင်ဘာ ၁၇ရက် ငြိမ်းချမ်းရေးလုပ်ငန်း ဖော်ဆောင်ရေး ဒုဥက္ကဌ ဦးအောင်မင်းနှင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်းဗဟိုဌာန (MPC) တွင် တွေ့ဆုံစဉ် NSCN-K မှ ဒုဥက္ကဌနှစ် ဦးဖြစ်သည့် ဇော်ဝင်းစိန်၊ ဟန်ကန်နှင့် ဒုဗိုလ်ဇူလိုင်ဒေါ့ တို့က NSCN-K အနေဖြင့် NCA အား လက်မှတ်ရေးထိုးမည် မဟုတ်ကြောင်း စာနှင့်လည်း တင်ပြခဲ့ပြီး နုတ်ဖြင့်လည်း ပြောကြား ခဲ့သည်ဟု အဆိုပါ အမည်မဖော်လိုသူက ပြောသည်။
တံခါးရွာတွင် ကျင်းပမည့် အစည်းအဝေးအပြီးမှသာ အသေးစိတ်ထုတ်ပြန်မည်ဟု အမည်မဖော်လိုသူက ဆိုသည်။
သြဂုတ်လအတွင်းက အိန္ဒိယနိုင်ငံအစိုးရက အိန္ဒိယနှင့် မြန်မာနယ်စပ် အကြား လှုပ်ရှားနေသည့် နာဂအဖွဲ့ကို တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့် အပြင် နှစ်နိုင်ငံနယ်စပ်လုံခြုံရေးအတွက် မြန်မာနှင့် အိန္ဒိယနှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး အိန္ဒိယ အဆင့်မြင့်အရာရှိက မြန်မာတပ်မတော် ကာချုပ်နှင့်တွေ့ဆုံ ဆွေးနွေးခဲ့သေးသည်။
NSCN-K သည် မြန်မာအစိုးရနှင့် ၂၀၁၂ ခုနှစ်တွင် တိုင်းအဆင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးထား သည့် အဖွဲ့ဖြစ်သည်။
Mizzima
0 comments:
Post a Comment