တရုတ်-အမေရိကန် အင်အားကြီးနှစ်နိုင်ငံ ဆက်ဆံရေးပုံစံသစ် ထူထောင်ရန် သမ္မတရှီကျင့်ဖျင် တိုက်တွန်း


ကမ္ဘာ့အင်အားကြီး ဆူပါပါဝါနိုင်ငံ နှစ်နိုင်ငံဖြစ်သော အမေရိကန်ပြည်ထောင်စုနှင့် တရုတ်တို့အနေနှင့် မတူညီမှုများကို မှန်ကန်ထိရောက်စွာ စီစဉ်ဖြေရှင်းနိုင်မည့် အရေးကြီးနိုင်ငံများ ဆက်ဆံရေးပုံစံသစ်တစ်ရပ် ထူထောင်ရန် အမေရိကန်ပြည်ထောင်စုသို့ ပထမဆုံးအကြိမ် နိုင်ငံတော်ခရီးစဉ် အဖြစ် ရောက်ရှိနေသော တရုတ်သမ္မတ ရှီကျင့်ဖျင်က တိုက်တွန်းပြောဆိုလိုက်ကြောင်း Xinhua သတင်းဌာနက ရေးသားဖော်ပြ သည်။

ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံ နှစ်နိုင်ငံ ဖြစ်ကြသော တရုတ်နှင့် အမေရိကန်ပြည်ထောင်စုတို့၏ ဆက်ဆံရေးအတွက် အဓိက အကြံပြုပြောဆိုလိုသည့် အချက်မှာ ဆက်ဆံရေးပုံစံသစ်တစ်ရပ် ထူထောင်ရန်ဖြစ်ပြီး ယင်းပုံစံသည် နှစ်နိုင်ငံပြည်သူများအကြား ရင်းနှီးချစ်ကြည်မှုနှင့် နှစ်ဖက် အရှုံးမရှိစေမည့် အနေအထားမျိုးကို မြှင့်တင်ပေးရန် လိုအပ်သည်ဟု သမ္မတရှီကျင့်ဖျင်က ဆီယက်တယ်မြို့တွင် ပြောကြားသည်။

“နားလည်မှုနဲ့ ယုံကြည်မှု ပိုရှိပြီး ယုံမှားသံသယတွေ နည်းပါးတဲ့ ဆက်ဆံရေးမျိုး ထူထောင်ထားပါမှ နားလည်မှု လွဲမှားတာတို့၊ တွက်ချက်မှု မှားတာတို့တွေကို ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်” ဟု
ဝါရှင်တန်ပြည်နယ် ဆီယက်တယ်တွင် ပြုလုပ်သော ဧည့်ခံကြိုဆိုပွဲ အခမ်းအနား၌ သမ္မတရှီကျင့်ဖျင် က ပြောကြားသည်။

ဝါရှင်တန်ပြည်နယ် အစိုးရက ကျင်းပပြုလုပ်ပေးသည့် ယင်းအခမ်းအနားသို့ နှစ်ဖက်နိုင်ငံများမှ ချစ်ကြည်ရေးအဖွဲ့များ တက်ရောက်ကြပြီး သမ္မတရှီကျင့်ဖျင်က တရုတ်၏ လက်ရှိစီးပွားရေး အခြေအနေအပေါ် နိုင်ငံတကာ အသိုင်းအဝိုင်း၏ စိုးရိမ်ပူပန်မှုများ၊ လက်ရှိ တရုတ်ပြည် အကောင်အထည်ဖော်လျက် ရှိသော ဖွံ့ဖြိုးရေးလမ်းစဉ်များနှင့် ပတ်သက်၍ ထုတ်ဖော်ပြောဆိုခဲ့သည်။
တရုတ်ပြည်အနေနှင့် တည်ငြိမ်မှုရှိသော စီးပွားရေးတိုးတက်မှု၊ ပြုပြင်ပြောင်းလဲမှု၊ တံခါးဖွင့်စနစ် ကျင့်သုံးမှု၊ တရားဥပဒေစိုးမိုးမှု၊ အဂတိလိုက်စားမှု အစရှိသည်တို့ကို အကောင်အထည်ဖော်သွားရန် ဆုံးဖြတ်ထားပြီး ငြိမ်းချမ်းစွာ ဖွံ့ဖြိုးတိုးတက်သည့် လမ်းကြောင်းကို အစဉ်အမြဲ လျှောက်လှမ်းမည် ဖြစ်သည်ဟု သမ္မတရှီကျင့်ဖျင်က ဆိုသည်။

“တရုတ်ပြည် ဖွံ့ဖြိုးတိုးတက်မှုရဲ့ အဓိကသော့ချက်က ပြုပြင်ပြောင်းလဲရေးပဲ ဖြစ်ပါတယ်။ ကမ္ဘာကြီးနဲ့ အဆက်အသွယ်ပြတ်တောက်အောင် တရုတ်ပြည်အနေနဲ့ ဘယ်တော့မှ တံခါးပိတ်ထားမှာ မဟုတ်ပါဘူး” ဟု သမ္မတရှီကျင့်ဖျင်က ကတိကဝတ်ပြု ပြောကြားသည်။

သမ္မတရှီကျင့်ဖျင်သည် အမေရိကန်အစိုးရ၏ သတင်းအချက်အလက်များကို တရုတ်ထောက်ပံ့ခံ ဟက်ကာများက ချိုးဖောက်ရယူသည်ဟူသော စွပ်စွဲချက်များကြောင့် နှစ်နိုင်ငံဆက်ဆံရေး အတော်အတန် ကမောက်ကမ ဖြစ်နေစဉ် အမေရိကန်ပြည်ထောင်စုသို့ သွားရောက်လည်ပတ်ခြင်း ဖြစ်ပြီး အဆိုပါ ဆိုက်ဘာလုံခြုံရေးကိစ္စ အတွက် အမေရိကန်အစိုးရနှင့် အနီးကပ် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ၎င်းက ဆိုသည်။
အင်အားကြီးနှစ်နိုင်ငံ ဆက်ဆံရေးပုံစံသစ် ဟူသည်မှာ ပဋိပက္ခ၊ ထိပ်တိုက်ရင်ဆိုင်တွေ့ကြုံမှုတို့ကို ရှောင် ရှားနိုင်ပြီး တစ်ဖက်နှင့်တစ်ဖက် အပြန်အလှန် လေးစားမှု၊ နှစ်ဖက်အမြတ်ထွက်စေမည့် ပူးပေါင်းဆောင် ရွက်မှု တို့ကို ကိုယ်စားပြုကြောင်း၊ ယင်းပုံစံသည် တရုတ်နိုင်ငံခြားရေးမူဝါဒ၏ ဦးစားပေးအချက် ပင်ဖြစ်ကြောင်း ရှီကျင့်ဖျင်က ဆိုသည်။
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment