ရှမ်းပြည်နယ် ဒေသတချို့၌ မဲဆွယ်စည်းရုံးရေး ပြုလုပ်ရန် အဆင်မပြေမှုများ ရှိနေ



၂၀၁၅ ရွေးကောက်ပွဲ၌ ကွန်ဟိန်း မဲဆန္ဒနယ်တွင် ဝင်ရောက် ယှဉ်ပြိုင်မည့် SNLD ပါတီ ရုံးဖွင့်ပွဲ အခမ်းအနား တခု (ဓာတ်ပုံ – SNLD / Facebook)

25.9.2015

ရှမ်းပြည်နယ်တောင်ပိုင်း မြို့နယ်တချို့၌ ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေးပြုလုပ်ရန် အဆင်မပြေမှုများ ရှိနေကြောင်း ယင်းမြို့နယ် များတွင် ၀င်ရောက် ယှဉ်ပြိုင်ကြမည့် ပါတီများနှင့် လွှတ်တော် ကိုယ်စားလှယ်လောင်း များထံမှ သိရသည်။

ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) က မြို့နယ်တချို့တွင် မဲဆွယ်စည်းရုံးရေး လုပ်ငန်းများ ခေတ္တရပ် ဆိုင်းထားရန် ကြေညာချက် ထုတ်ပြန်ထားခြင်း၊ လွိုင်လင်ခရိုင် ကွန်ဟိန်းမြို့နယ် တွင် ကျေးရွာပေါင်း ၈ ရွာခန့် Black Area (အနက်ရောင် နယ်မြေ) အဖြစ် သတ်မှတ်ထားခြင်း များကြောင့် ဖြစ်ကြောင်း ရှမ်း တိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်(SNLD) ပြောရေး ဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ဧရာဝတီကို ပြောသည်။

“ရှမ်းပြည်တောင်ပိုင်းက RCSS ကြီးစိုးတဲ့ နယ်မြေတော်တော်များများမှာ စည်းရုံးရတာ အဆင်မပြေဘူး။ စာထုတ်ထားတော့ ကိုယ့် လူတွေကလည်း မဆင်းရဲဘူး။ စည်းရုံးရေးဆင်းရတာ အဆင်မပြေဘူး။ ကျနော်တို့ နိုင်ငံရေးပါတီတွေကို မတိုင်ပင်ဘဲနဲ့ ကွန်ဟိန်းမြို့နယ်ဆိုရင် ကျေးရွာပေါင်း ၈ ရွာလောက်ကို သူတို့ Black Area သတ်မှတ်လိုက်တာလည်း ရှိပါတယ်”ဟုလည်း ၎င်းက ပြောပြသည်။

လွိုင်လင်ခရိုင် ကွန်ဟိန်းမြို့နယ်မှ ကျေးရွာအုပ်စုတချို့အား နယ်မြေအခြေအနေကြောင့် ရွေးကောက်ပွဲ မကျင်းပဘဲ ချန်လှပ်ရန် Black Area အဖြစ် သတ်မှတ်ထားသည်ဟု သတင်းထွက်ပေါ်မှုနှင့်စပ်လျဉ်း၍ ကွန်ဟိန်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ယနေ့အချိန်အထိ Black Area သတ်မှတ်ထားခြင်းမရှိသေးကြောင်း ကွန်ဟိန်းမြို့နယ် ရွေးကောက်ပွဲ ကော် မရှင် အဖွဲ့ခွဲမှ ဒုဦးစီးမှူး ဦးမျိုးသန့်က ပြောသည်။

ဦးမျိုးသန့်က“Black Area သတ်မှတ်ထားတာ မရှိပါဘူး။ ဒါက လွှတ်တော်အမတ်တွေအားလုံးနဲ့ တိုင်ပင်ပြီး အလုပ်လုပ်ရတာပါ။ သူတို့နဲ့ဆွေးနွေးပြီးမှ ဆုံးဖြတ်ရမှာပါ။ ကျနော်တို့ သွားဆုံးဖြတ်လိုက်လို့ မရဘူး”ဟုလည်း ပြောဆိုသည်။

ထို့အပြင် လွိုင်လင်ခရိုင်အတွင်းရှိ မြို့နယ်များအားလုံးတွင် Black Area အဖြစ် သတ်မှတ်ထားခြင်း မရှိသေးကြောင်းကို ပြည်ထောင် စု ရွေးကောက်ပွဲကော်မရှင် (UEC) သို့လည်း စိစစ်တင်ပြပြီး သားဖြစ်ကြောင်း လွိုင်လင်ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစီးဌာန ဦးစီးအရာရှိ ဦးတိုးမြင့်က လည်း ပြောသည်။

လွိုင်လင်ခရိုင်တွင် လွိုင်လင်မြို့၊ ကွန်ဟိန်းမြို့၊ နမ့်စမ်မြို့၊ မိုင်းရှူးမြို့၊ လဲချားမြို့၊ ကျေးသီးမြို့၊ မိုင်းကိုင်မြို့တို့ပါဝင်ကြောင်း သိရ သည်။

RCSS က ၎င်းတို့ ထိန်းချုပ်နယ်မြေအတွင်းရှိ မြို့နယ်တချို့တွင် နယ်မြေမတည်ငြိမ်မှုကြောင့် ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေး လုပ်ငန်းစဉ်များ ခေတ္တရပ်ဆိုင်းထားရန် ကြေညာချက် ထုတ်ပြန်ထားရာတွင် အစိုးရနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် ခိုလမ်၊ ကျောက်မဲ၊ မိုးပွန်၊ ပင်လုံ၊ ကွန်ဟိန်း၊ လင်းခေးမြို့နယ်များ အပါအ၀င် စုစုပေါင်း ၁၆ မြို့နယ်ရှိသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD)ကိုယ်စားပြု ယှဉ်ပြိုင်မည့် ကွန်ဟိန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာ ကျော်သူရက“တောင်ဘက်ပိုင်း RCSS နယ်မြေကတော့ စည်းရုံးလို့ မရဘူးဆိုတော့ မဲရမယ့် အခွင့်အရေး နစ်နာတာပေါ့။ ဒီဘက်မှာတော့ ရန်ကုန်လိုတော့ မဟုတ်ဘူး။ စွန့်စားပြီး သွားရတာပေါ့။ သတိတော့ ထားရတယ်လေ။ လမ်းပန်းဆက်သွယ်ရေး ကလည်း မကောင်းဘူး။ မြို့ပြနဲ့တခြားစီပေါ့”ဟု ပြောပြသည်။

ကွန်ဟိန်းမဲဆန္ဒနယ်တွင် ၀င်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီများအား စက်တင်ဘာ ၁၆ ရက်က ကွန်ဟိန်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်က ခေါ်ယူတွေ့ဆုံခဲ့ပြီး Black Area သတ်မှတ်မည့် ကျေးရွာ အုပ်စုများနှင့် ပတ်သက်၍ ပါတီများ၏ သဘောထားများကို မေးမြန်းဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ဟု တက်ရောက်ခဲ့သည့် ကိုယ်စားလှယ်လောင်းများက ပြောသည်။

ကွန်ဟိန်းမြို့နယ်တွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ရှမ်း တိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီ(SNDP)မှ ဒေါ်နန်းဝါနုက“အမှန်ကတော့ မဖြစ်သင့်ဘူး။ သူတို့ဘာတွေ ဘယ်လိုမျိုးကိစ္စနဲ့ သွင်းလိုက်တယ်ဆိုတဲ့ အနေအထားတော့ မသိဘူး။ ဘာကြောင့် သွင်းလိုက်လဲလို့မေးလိုက်တော့ မြို့နယ်အုပ်ချုပ်ရေးမှူးတွေရော၊ ကော်မရှင်တွေရော မဖြေနိုင်ဘူး။ ခါတိုင်း ရွေးကောက်ပွဲလုပ်တုန်းက အဲဒီလိုမျိုး နယ် မြေ အဖြူ၊ အညို၊ အနက် ဆိုတာမျိုး မကြားဖူးဘူး။ ထူးထူးဆန်းဆန်း လေးဖြစ်နေတယ်” ဟု ပြောသည်။

ကွန်ဟိန်းမဲဆန္ဒနယ်တွင် SNLD ၊ SNDP ၊ NLD နှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ(USDP)တို့ ယှဉ်ပြိုင် ကြမည်ဖြစ်ပြီး မဲဆန္ဒရှင်ပေါင်း ၃၆၅၄၂ ဦး ရှိကြောင်း သိရသည်။

UEC အနေဖြင့်မူ သဘာဝ ဘေးအန္တရာယ်ကြောင့်ဖြစ်စေ၊ နယ်မြေလုံခြုံရေးကြောင့်ဖြစ်စေ ရွေးကောက်ပွဲ မကျင်းပနိုင်မည့်နေရာများရှိပါက စိစစ်ပြီး UEC သို့ တင်ပြရန် တိုင်းနှင့်ပြည်နယ်များသို့ အကြောင်းကြား ထားသော်လည်း လက်ရှိ အချိန်အထိ မည်သည့်စာရင်းမှ ရောက်လာခြင်း မရှိသေးကြောင်း UEC သတင်းထုတ်ပြန်ရေး အဖွဲ့ဝင် ဦးသောင်းလှိုင်က ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်(UEC) သည် သဘာဝ ဘေးအန္တရာယ်ကြောင့် သော်လည်းကောင်း၊ နယ်မြေလုံခြုံ ရေးအခြေအနေအရ သော်လည်းကောင်း လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိသည့် မဲဆန္ဒနယ်များ၏ ရွေးကောက် ပွဲများကို ရွှေ့ဆိုင်းခြင်းနှင့် ပယ်ဖျက်ပိုင်ခွင့် ရှိသည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥပဒေတွင် ပြဋ္ဌာန်းပါရှိသည်။

ဧရာဝတီ


Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment