မြောက်ကိုရီးယားကို အရေးယူနိုင်ရေး တောင်ကိုရီးယား၊ ဂျပန်နှင့် အမေရိကန်နိုင်ငံတို့ တွေ့ဆုံဆွေးနွေး


.
ဆိုးလ် ၊ ၁၄-၁-၂ဝ၁၆
.
မြောက်ကိုရီးယား နိုင်ငံက နောက်ဆုံး လုပ်ဆောင်ခဲ့သော နျူကလီးယား စမ်းသပ်မှုနှင့် ပတ်သက်၍ ပူးပေါင်းအရေးယူ တုံ့ပြန်မှုများ လုပ်ဆောင်သွားရန် တောင်ကိုရီးယား၊ ဂျပန် နှင့် အမေရိကန်နိုင်ငံ တို့မှ နျူကလီးယား ဆိုင်ရာ ခေါင်းဆောင်များသည် ဇန်နဝါရီ ၁၃ ရက်တွင် ဆိုးလ်မြို့၌ တွေ့ဆုံဆွေးနွေး မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
.
မြောက်ကိုရီးယား နိုင်ငံက ဇန်နဝါရီ ၆ ရက်တွင် ဟိုက်ဒရိုဂျင်ဗုံးကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ကြောင်း ကြေညာချက် သည် ဒေသတွင်း တင်းမာမှုများကို ပိုမိုမြင့်တက် စေခဲ့ပြီး ကိုရီးယား ကျွန်းဆွယ်၌ နျူကလီးယား ကင်းစင်ရေး ဦးတည်သည့် ခြောက်နိုင်ငံ ဆွေးနွေးပွဲသည် ယင်းနိုင်ငံအပေါ် အရေးယူမှုများ လုပ်ဆောင်ရန် ပြုလုပ်သည့် ဆွေးနွေးပွဲ အဖြစ် ပြောင်းလဲစေခဲ့သည်။
.
''တရုတ်နဲ့ရုရှားနိုင်ငံ အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက ထပ်တလဲလဲ သတိပေးမှုတွေ လုပ်ဆောင်နေတဲ့ ကြားက နျူကလီးယား စမ်းသပ်ခဲ့တဲ့ မြောက်ကိုရီးယားရဲ့လုပ်ရပ်ဟာ ကမ္ဘာ့ ငြိမ်းချမ်းရေးကို ခြိမ်းခြောက်ရာ ရောက်ပြီး နိုင်ငံတကာအမိန့်နဲ့ ညွှန်ကြားချက်တွေ ကို ပြောင်ပြောင် တင်းတင်း စိန်ခေါ်ခြင်းဖြစ်တဲ့ အတွက် အတိတ်မှာ လုပ်ဆောင်ခဲ့တဲ့ အရေးယူမှုတွေနဲ့ မတူတဲ့ တုံ့ပြန်မှုတွေ လုပ်ဆောင်သွားဖို့ လိုအပ်နေပါပြီ'' ဟု တောင်ကိုရီးယား ကိုယ်စားလှယ် ဟွမ်ဂျွန်းကွတ်ခ် က ပြောကြားသည်။
.
ထို့ပြင် ယခုပြုလုပ်သည့် သုံးနိုင်ငံတွေ့ဆုံ ဆွေးနွေးပွဲမှ တစ်ဆင့် လက်ခံနိုင်ဖွယ် မရှိသော နျူကလီးယား လက်နက်များ ထုတ်လုပ်လျက် ရှိသည့် မြောက်ကိုရီးယား နိုင်ငံအပေါ် ထိရောက်သော တုံ့ပြန်မှုပေးစွမ်း နိုင်မည်ဟုမျှော်လင့်ကြောင်း ဂျပန်နိုင်ငံမှ ကိုယ်စားလှယ် အီရှီကာနဲ က ပြောကြားသည်။
.
ကုလသမဂ္ဂလုံခြုံရေး ကောင်စီကလည်း မြောက်ကိုရီးယား နိုင်ငံကို အရေးယူမှုများ ဆောင်ရွက်ရန် မူကြမ်း ရေးဆွဲလျက် ရှိကြောင်း သိရသည်။


Pyi Chit thar
Share on Google Plus

About Sai Htee Kham

    Blogger Comment
    Facebook Comment

0 comments:

Post a Comment