ရှမ်းပြည်နယ် အလယ်ပိုင်း မိုင်းရှူး အနီးတစ်ဝိုက်ရှိ မိုင်းအတ်ကျေးရွာတွင် နှစ်ရက်ဆက်တိုက် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားသဖြင့် စစ်ဘေးဒုက္ခသည် ပိုများလာ
နိုဝင်ဘာ ၁၉ ရက်က တောင်ကြီးမြို့ ကျောင်းကြီးစုရပ် ဝေဠုဝန်ကျောင်းသို့ ရောက်ရှိလာသော စစ်ဘေးရှောင်မိသားစုများကို မြင်တွေ့ရစဉ် (ဓာတ်ပုံ - စည်သာ)
ရှမ်းပြည်နယ် အလယ်ပိုင်း မိုင်းရှူးမြို့ အနီးရှိ ၀မ်ဆော့ရွာနှင့် မိုင်းအတ်ကျေးရွာ အနီးအနားတွင် နိုဝင်ဘာ ၂၂ ရက်နှင့် ၂၃ ရက်တို့တွင် တပ်မတော်နှင့် SSPP/SSA တပ်ဖွဲ့တို့ နှစ်ဖက်ထိတွေ့မှု ဖြစ် ပွားနေသောကြောင့် ၀မ်ဆော့နှင့် မိုင်းအတ်ရွာတို့မှ ဒေသခံ တိုင်းရင်းသားပြည်သူများ စစ်ဘေးရှောင် ဒုက္ခသည်များ ထပ်မံတိုးမြင့်လာကြောင်း မိုင်းရှူး ဒေသခံများထံမှ သတင်းရရှိသည်။
“ဒီနေ့ မနက် ၈ နာရီ ၁၅ ကနေ နေ့လယ် ၂ နာရီကျော်ထိ ဖြစ်နေတယ်။ မိုင်းအတ်ကျေးရွာမှာ ဖြစ်နေတာ။ ထိခိုက်မှု ရှိမရှိ မသိရသေးဘူး။ ဟိုဘက်က လက်နက်ကြီးတွေနဲ့ အချက် ၁၀၀ ကျော်လောက် ပစ်နေတယ်။ ၁၂၀ မမနဲ့ ၁၀၅ တွေရော ပါတယ်။ မနေ့ကလည်း မိုင်းအတ်နားမှာပဲ နေ့လယ် ၂ နာရီကနေဖြစ်တာ ညနေ ၅ နာရီခွဲမှ ပြီးသွားတယ်။ အခုအချိန်က စပါးရိတ်ချိန်လေ။ တိုက်ပွဲတွေ ရပ်လိုက်မယ် ဆိုရင်တော့ ဒေသခံတွေ အတွက် အဆင်ပြေတာပေါ့။ ခုလည်း စပါးခင်းတွေထဲမှာ ပစ်ခတ်မှုတွေ ဖြစ်နေတယ်” ဟု ဒေသခံ တစ်ဦးက ပြောကြားသည်။
စစ်ပွဲများကြောင့် ၀မ်ဆော့ရွာသည် ရွာလုံးကျွတ် ထွက်ပြေးခဲ့ရပြီး စစ်ဘေးရှောင်များ အများဆုံး ပြည့် ကျပ်နေပြီး အကူအညီ အရမ်းလိုအပ်နေသော နေရာများမှာ ၀မ်ဝစခန်း၊ ဟိုက်ပါစခန်းနှင့် မိုင်းရှူးရှိ မန်ဝစခန်းတို့ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။
“မနေ့က တိုက်ပွဲတွေ ဆက်ဖြစ်နေတာကြောင့် ဒီနေ့မှာ မိုင်းရှူးကို ဒေသခံတွေ ၉၀ လောက်ထပ်ပြီး ထွက်ပြေးလာသေးတယ်။ အိမ်ပြန်ရတော့မလား မှတ်တယ်။ တိုက်ပွဲတွေက ဆက်ဖြစ်နေတော့ ဒုက္ခသည်တွေက ပိုပြီးတိုးလာတယ်။ ၀မ်ဝနဲ့ ဟိုက်ပါနဲ့ မိုင်းရှူးနဲ့ အရင်က ၃၀၀၀ ကျော်မှာ ထပ်တိုးလာကြတယ် ဆိုတော့ ခုဆို ၄၀၀၀ လောက် ရှိနေပြီ။ ဒေသထဲမှာ ကြားရတဲ့ သတင်းက တပ်က လမ်းကြောင်းပေါ်မှာ ရှိနေတဲ့ ဟာတွေကို ဖယ်ခိုင်းနေတယ်လို့ အတိအကျ သိရတယ်။ လမ်းကြောင်းပေါ်ရှိတဲ့ အဖွဲ့တွေ ဖယ်ရှားခိုင်းတယ်လို့ ပြောတယ်။ အဲဒီလို ကြားနေတယ်။ နောက်ပြီး မိုင်းရှူးမှာ စစ်ပွဲတွေ ရပ်ဖို့လည်း လက်မှတ်တွေ ကောက်ခံနေကြတယ်” ဟု မိုင်းရှူးဒေသခံဖြစ်သူ ဦးထွန်းဦးနောင်က ပြောကြားသည်။
ထို့ပြင်မနေ့က တိုက်ပွဲများကို မည်သည့် အကြောင်းကြောင့်ဖြစ်စေ၊ တစ်ဖတ်သတ် ရပ်ဆိုင်းထားပါရန် စာထုတ်ထားသည်ဟူသော သတင်းများသည်လည်း ဒေသတွင်း ပျံ့နှံ့နေပြီး နောက်ပိုင်းတွင်၊ ယခု (၂) ရက်အတွင်း ထိုသို့ ထပ်မံထိတွေ့မှု ဖြစ်ပွားနေခြင်းဖြစ်ကြောင်း သိရသည်။
“မနေ့က ၀မ်ဆော့မှာ ပစ်ခတ်မှုတွေ ဖြစ်တယ်။ ဒီနေ့လည်း ဖြစ်တယ်။ မနက်ကနေ စဖြစ်တာ။ ၀မ်ဆော့ရွာ ပတ်ပတ်လည်က ရွာတွေမှာ ဖြစ်နေတာ။ လက်နက်ကြီးတွေရော၊ လက်နက်ငယ်တွေရော ပါတယ်။ အချက်ပေါင်း မရေနိုင်တော့ဘူး။ တစ်ရာကျော်လောက် အသံကြားတယ်။ ဒီနေ့တော့ မနက်ပိုင်းကြားတယ်။ ဒီညနေ အခု ၅ နာရီလောက်မှာ မကြားတော့ဘူး။ ၀မ်ဆော့က ရွာလုံးကျွတ် ထွက်ပြေးနေရတယ်လေ။ အိမ်စောင့်အဖြစ် တစ်ယောက်တလေပဲ ရှိတယ်။ သက်ကြီးရွယ်အိုနဲ့ ကလေးသူငယ်တွေ အကုန် ထွက်ပြေးနေရတယ်။ ဒီအချိန်က လယ်ယာစပါးရိတ်ချိန်လေ။ လယ်တွေကို ကျွဲတွေ၊ နွားတွေ ဖျက်ဆီးနေတာ ရှိတယ်။ လူမရိတ်နိုင်လို့ ပျက်တာလည်း ရှိတယ်။ ခုထိ တိုက်ပွဲတွေနဲ့ နီးတဲ့ နေရာတွေမှာ လည်း လယ်တွေရှိနေတော့ မရိတ်အားဘူး။ ပျက်စီးကုန်မယ်။ ဒေသခံတွေက လားရှိုး၊ မိုင်းရှူး၊ လဲချား၊ တောင်ကြီးတို့ကို ထွက်ပြေးနေရတယ်။ တောင်းဆိုချင်တာ စစ်ပွဲတွေကို မြန်မြန်ရပ်ပေးဖို့ပေါ့။ တစ်နှစ်စာစားဖို့ ပြောင်းတွေ၊ ဆန်စပါးတွေ မရိတ်လိုက်နိုင်ဘူး ဆိုရင်တော့ နောက်တစ်နှစ်စာ စားဖို့အတွက် ဆုံးရှုံးသွားပြီပေါ့။ အခုအခြေအနေထိ ရပ်သွားရင်ကို တချို့ တစ်ဝက်လောက်ကတော့ ပြန်ရနိုင်ဦးမှာပါ့။ ဆက်ဖြစ်ရင်တော့ ဆုံးရှုံးမှာပဲ။ ကျွဲနွားတွေ ၀င်စားတယ်။ ဖျက်ဆီးခံရတာ ရှိတယ်လေ။ ရပ်လိုက်ရင်တော့ ပြည်သူလူထုအတွက် အသက်ရှူချောင်မယ်။ မရပ်ရင်တော့ နို့မို့ အသက်ရှူကျပ်ဦးမှာပဲ” ဟု တိုက်ပွဲများကြောင့် မိုင်းရှူးသို့ ထွက်ပြေးလာသော ၀မ်ဆော့ရွာမှ ရပ်မိရပ်ဖ တစ်ဦးဖြစ်သူက ပြောကြား သည်။
စစ်ပွဲများကြောင့် မိုင်းရှူးမြို့ရှိ ဘုန်းကြီးကျောင်းများတွင် စစ်ဘေးရှောင်များ ထပ်တိုးလာကြပြီး၊ အရေးပေါ် အကူအညီများ လိုအပ်နေသော ၀မ်ဝနှင့် ဟိုက်ပါ စခန်းတို့တွင်လည်း စစ်ဘေးရှောင် ဒုက္ခသည်များ ထပ်တိုးလာကြသဖြင့် ဒေသခံများက စိုးရိမ်လျက် ရှိကြသည်။ ထို့ပြင် ယခုနှစ် စားသုံးရိက္ခာ (ဒေသစားဝမ်းစာဆန်) ဧကပေါင်းမြောက်မြားစွာ ပျက်စီးခဲ့မှုကြောင့် ဒေသတွင်း စီးပွားရေး ထိခိုက်လာမည့် အပြင်၊ မိုင်းရှူး၊ မိုင်းနောင်နှင့် ကျေးသီး တစ်ဝိုက်၌ နောင်တစ်နှစ်တွင် စားနပ်ရိက္ခာ ရှားပါးမှု ပြဿနာများ ကြုံတွေ့လာမည်ကို ဒေသခံများက စိုးရိမ်လျက်ရှိကြောင်း သိရသည်။
Elecen Media Group
0 comments:
Post a Comment