16-10-2015
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်၊ မိုင်းလုံမြို့နယ်ခွဲ၊ မြို့မဆုတောင်းပြည့် ဘုန်းတော်ကြီးကျောင်း သို့ ပန်ထန်ကျေးရွာမှ ဒေသခံများသည် အောက်တိုဘာလ ၁၂ ရက် နေ့တွင် TNLA အဖွဲ့မှ လူသစ်နှင့်ဆက်ကြေးငွေ တောင်းခံ မှုများကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်လာကြောင်း ယင်းဒေသခံရွာသားများထံမှ သိရသည်။
“ ပန်ထန်ရွာကို TNLA အဖွဲ့တွေရောက်လာတာ အများကြီးပဲ၊ ရွာကလူတွေကိုလည်း အဲနေ့က ဘယ်မှမသွားခိုင်ဘူး၊ နောက်တော့ ၂ ရက်အချိန်ပေးမယ်၊ တစ်အိမ်ကို တစ်ယောက် လူသစ်ပေးရမယ်၊ မပေးနိုင်ရင် ၅ သိန်းကျပ် ပေးရမယ်လို့ပြောတယ်၊ ကျွန်တော်တို့တွေ သူတို့ဆီမှာ အလုပ်မလုပ်ချင်ဘူး၊ သူတို့တောင်းတဲ့ ဆက်ကြေးလည်း ပေးဖို့မရှိဘူး၊ သူတို့က ဆက်ကြေးကောက်၊ လူသစ်စု၊ ဘိန်းစိုက် ဒါတွေပဲလုပ်နေတာ၊ ကျွန်တော်တို့ရွာမှာပဲ ကိုယ့်အလုပ်ကိုယ် အေးဆေးလုပ်ချင်တယ်၊ ဒါပေမယ့် သူတို့တောင်းတာမပေးရင် အသတ်ခံရမှာစိုးလို့ ဒီကိုထွက်ပြေးလာတာ” ဟု ပန်ထန်ရွာသားတစ်ဦး က ပြောသည်။
အဆိုပါအဖွဲ့သည် ယခုနှစ်အတွင်း ကားလမ်းပေါ်တွင် သွားလာနေသော မော်တော်ယာဉ်များအား ဆက်ကြေးကောက်ခံခြင်း၊ ခရီးသည်ယာဉ်များအား သေနတ်ဖြင့် ပစ်ခတ်ခြင်း၊ ကွတ်ခိုင်-နမ့်ဖက် ကာ ပြည်ထောင်စု လမ်းမကြီးပေါ်တွင် ခရီးသွားယာဉ်များအား အတင်းအကြပ် ဆက်ကြေးကောက်ခံခြင်း များ ပြုလုပ်လျက်ရှိသည်ဟု ယင်းဒေသခံအချို့ထံမှ သိရသည်။
“TNLA အဖွဲ့က လူသစ်ကော၊ ဆက်ကြေးကော တောင်းလို့ဆိုပြီး ရွာလုံးကျွတ် ထွက်ပြေးလာတာ လို့ပြောတယ်၊ ရောက်လာတဲ့သူတွေ အရမ်းသနားဖို့တော့ကောင်းတယ်၊ တချို့ဆို ကလေးတွေက ငယ်ငယ်လေးတွေ၊ သူတို့အတွက်တော့ သီးသန့်နေရာလေးတွေ စီစဉ်ပေးထားတယ်၊ ဒီလိုမျိုး အတင်းအကြပ်တော့ မလုပ်သင့်ဘူးလို့ ဘုန်းကြီးကပြောချင်တယ်၊ ဒါအရမ်း အကုသိုလ်များတဲ့အလုပ်ပဲ ၊ မိသားစုတွေ အိုးအိမ်ပစ်ပြီး ပြေးရတဲ့အထိ ဒုက္ခရောက်သွားကြတာ၊ ခုတော့ သူတို့တွေအတွက် အုပ်ချုပ်ရေးမှူးတွေနဲ့ စေတနာရှင်တွေက ငွေကော ဆန်၊ ဆီ၊ ဆားပါ လာလှူဒါန်း ကြပါတယ်၊ သူတို့ နေထိုင်စားသောက်ရေး အဆင်ပြေဖို့လည်း ဘုန်းကြီးကျောင်းမှာ အလှူခံဌာန ဖွင့်ထားတယ်” ဟု မြို့မဆုတောင်းပြည့် ဘုန်းတော်ကြီးကျောင်းမှ ဆရာတော်တစ်ပါးက ပြောကြားသွားသည်။
ဆိုင်းနောင်(ဖားကန့်)
0 comments:
Post a Comment