ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်၊ ဟော်နန်းရပ်ကွက်နေဦးကိုကိုမောင်နှင့် လက်ခုပ်တန်း ရပ်ကွက်နေ ဦးဖိုးဇော်တို့အား SSPP/SSA အဖွဲ့မှ အတင်းအကြပ်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်း ယင်းဒေသခံများ ထံမှ သိရှိရပါသည်။
“ အခုတလော သူတို့အဖွဲ့တွေ လူသစ်စု၊ ဆက်ကြေးကောက်တာ အတော်လေးများလာတယ်၊
အခုလည်း ဆိုင်ကယ်ကယ်ရီမောင်းတဲ့ ၂ ယောက်ကို ဖမ်းသွားတယ်၊ သူတို့အဖွဲ့က
လိုချင်တာမှန်သမျှ မရရအောင် ယူကြတယ်လေ၊ အဖမ်းခံရတဲ့သူတွေ အခုထိ
ပြန်ရောက်မလာသေးတဲ့အတွက် မိသားစုတွေက စိုးရိမ်နေ ကြတယ်၊ အဲဒီလို လုပ်ချင်တာ
လုပ်လို့ရအောင် ငြိမ်းချမ်းရေးလက်မှတ်မထိုးသေးတာ နေမှာပေါ့” ဟု
ရပ်ကွက်အတွင်း နေထိုင်သူတစ်ဦးမှ ပြောပါသည်။
ဖမ်းဆီးခံ ၂ ဦးသည် မိုးမိတ်မြို့နယ်၊ ပင်ရှားစေးကျေးရွာအနီး ဘုံမိုက်ရွာဟောင်းတွင် ဈေးဆိုင် ဖွင့်လှစ် ရောင်းချ သူမှ ဆန် ၃ အိတ်နှင့် အချိုရည်ဗူးများအား ပို့ဆောင်ရန် ငှားရမ်း၍ လိုက်ပါပို့ဆောင်ပေးခဲ့ပြီး မိုးမိတ် မြို့သို့ ပြန်လာစဉ် စင့်ကင်ကျေးရွာအနီး၌ SSPP/SSA အဖွဲ့တစ်ဖွဲ့၏ ဖမ်းဆီးခေါ်ဆောင်ခြင်းကို ခံခဲ့ရ ကြောင်း သိရှိရပါသည်။
SSPP/SSA အဖွဲ့သည် လက်နက်အားကိုးဖြင့် လူသစ်စု၊ ဆက်ကြေးကောက်ခံမှုများကြောင့် ဒေသခံ များ နေရပ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေကြသဖြင့် ၎င်းတို့၏မိသားစု စားဝတ်နေရေးအတွက် အခက်အခဲများ ဖြင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ ယင်းအဖွဲ့၏ လုပ်ရပ်များကြောင့် ဒေသတွင်း တိုက်ပွဲများ ဖြစ်လာမည်ကို စိုးရိမ်လျက်ရှိကြောင်း မိုးမိတ်မြို့ခံတစ်ဦးမှ ဆက်လက်ပြောကြားသွားပါသည်။
စိုင်းသီဟ

0 comments:
Post a Comment