NCA လက်မှတ် ရေးထိုးပွဲသို့ ကိုယ်စားလှယ် (၁၀၀၀) ခန့် ဖိတ်ကြားမည်
8.10.2015
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် (NCA) လက်မှတ် ရေးထိုးပွဲသို့ အသိသက်သေ လက်မှတ်ရေးထိုးမည့် သူများအား နိုင်ငံတကာ အဖွဲ့အစည်းမှ ကိုယ်စားလှယ်ပေါင်း (၁၀၀၀) ခန့် ဖိတ်ကြားသွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ငြိမ်းချမ်းရေးစင်တာ (MPC) ထံမှ သတင်းရရှိသည်။
အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ရှစ်ဖွဲ့တို့သည် ယခုလ (၁၅) ရက်နေ့တွင် နေပြည်တော် MICC-2 တွင် လက်မှတ် ရေးထိုးသွားမည် ဖြစ်ကြောင်း နှစ်ဖက်အဖွဲ့အစည်းတို့က သတင်း ထုတ်ပြန်ထားသည်။
“နိုင်ငံရေး ပါတီတွေကတော့ အကုန်တော့မပါဘူး၊ ဖိတ်တော့ ဖိတ်ထားတယ်။ လက်မှတ်ထိုးဖို့ကတော့ ဒေါ်အောင်ဆန်းစုကြည်တို့က အစပေါ့၊ လက်မှတ်ထိုးဖို့က လူတစ်ထောင်လောက် ဖိတ်ထားတာ ရှိတယ်။ အားလုံးပေါ့။ နိုင်ငံတကာ သံအမတ်တွေက အစိုးရလွှတ်တော်နဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီ၊ တခြားဖိတ်ကြားထားတဲ့ ပုဂ္ဂိုလ်တွေဆိုရင် လူတစ်ထောင်လောက် ရှိမယ်ထင်တယ်”ဟု MPC မှ အရာရှိ တစ်ဦးဖြစ်သူ ဦးအောင်နိုင်ဦးက ပြော သည်။
လက်ရှိအချိန်တွင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးသ ဘောတူညီချက် လက်မှတ်ရေးထိုးရာတွင် ပါဝင်မည့် အဖွဲ့အစည်းများဖြစ်သည့် နိုင်ငံတကာ အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များကို ဖိတ်ကြားရန်အတွက် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ရှစ်ဖွဲ့တို့ ညှိနှိုင်း နေကြကြောင်းလည်း MPC မှ သိရသည်။
တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးရာတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဘက်မှ လက်နက်ကိုင်အဖွဲ့ (၂၁)ဖွဲ့ဖြင့် လက်မှတ်ရေးထိုး လိုသော်လည်း အစိုးရဘက်မှ လက်နက်ကိုင် အဖွဲ့အစည်း (၁၅)ဖွဲ့ကိုသာ လက်မှတ်ရေးထိုးရန် ကမ်းလှမ်းခဲ့သည်။ ယင်းအတွက်ကြောင့် တိုင်းရင်းသား လက်နက်ကိုင် ထိပ်သီး အစည်းအဝေးတစ်ခုကို ပြုလုပ်ခဲ့ပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ရှစ်ဖွဲ့သာ လက်မှတ်ရေးထိုးရန် ဆုံးဖြတ်ခဲ့သည်။
အစိုးရနှင့် လက်မှတ်ရေးထိုးမည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ရှစ်ဖွဲ့မှာ ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်တော် (DKBA)၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)၊ ချင်းအမျိုးသား တပ်ဦး (CNF) ရခိုင်လွတ်မြောက်ရေး ပါတီ (ALP)၊ ရှမ်းပြည် တောင်ပိုင်း တပ်မတော်(RCSS/SSA) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF)၊ ပအို့(၀်) လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) တို့ ဖြစ်သည်။
Messenger News Journal
0 comments:
Post a Comment