အားလုံး မပါဝင်နိုင်သေးသဖြင့် NCA အထမမြောက်ဟု ဆို

 
                              အပစ်ရပ်စာချုပ် မူကြမ်းကို လက်မှတ်ထိုးအပြီး (ဓာတ်ပုံ – Reuters)

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် (NCA)ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး လက်မှတ်မထိုးဘဲ အဖွဲ့တချို့နှင့်သာ သီးခြား ခွဲထိုးမည်ဆိုလျှင် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အထမြောက်သည်ဟု မဆိုနိုင်ကြောင်း တိုင်းရင်းသား လက်နက်ကိုင် ခေါင်းဆောင်များက ပြောသည်။

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ယခုလ ၂၈ ရက်နေ့မှ ၃၀ ရက်နေ့အထိ ပြုလုပ်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၏ ထိပ်သီး ခေါင်းဆောင် များ(EAOs) အစည်းအဝေးတွင် NCA လက်မှတ် ရေးထိုးခြင်း မပြုရန် ဆုံးဖြတ်ထားသည့် အဖွဲ့များမှ ခေါင်းဆောင်တချို့က ဧရာဝတီသို့ အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။

ကချင် လွတ်မြောက်ရေး တပ်မတော်(KIA)မှ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွန်မော်က“ဒီကိစ္စက ကျနော်တို့ Summit မှာ နှစ်ခါ၊ သုံးခါ ပြောပါတယ်။ တချို့ တဝက် ကထိုးလို့ ဒီ NCA ဟာ ပြီးပြည့်စုံမှု မရှိပါဘူး။ NCA မူကြမ်းကို လက်မှတ်ထိုးတာပဲ ရှိပါတယ်။ အားလုံး ပါဝင် လက်မှတ်ထိုးနိုင်မှသာလျှင် NCA လို့ ခေါ်လို့ရမှာ ဖြစ်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

အစိုးရက NCA လက်မှတ်ထိုးရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အများစုက တောင်းဆိုနေသည့် အားလုံးပါဝင်ရေးမူကို ကန့်သတ်ထားပြီး ၎င်းတို့နှင့် ပဏာမ တွေ့ဆုံဆွေးနွေးထားသည့် အဖွဲ့ ၁၅ ဖွဲ့နှင့် အောက်တိုဘာလ လယ်ပိုင်းတွင် လက်မှတ်ရေးထိုးရန် ဖိတ်ခေါ်ထားသည်။

တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ ၂၁ ဖွဲ့ရှိသည့်အနက် ၇ ဖွဲ့က NCA လက်မှတ်ထိုးမည်ဟု ချင်းမိုင်ထိပ်သီး အစည်းအဝေး၌ ဆုံးဖြတ်ချက် ထွက်ပေါ်လာပြီး ကျန်အဖွဲ့အများစုက အားလုံးပါဝင်မှ လက်မှတ်ထိုးမည်ဟု ရပ်တည်ခဲ့ကြသည်။ သီးခြားအဖွဲ့ တချို့ကမူ စောင့်ကြည့်နေကြသည့် အနေအထားတွင် ရှိနေသည်ဟု ဆွေးနွေးပွဲ တက်ရောက်ခဲ့သူများထံမှ သိရသည်။

ဦးသိန်းစိန် အစိုးရက NCA လက်မှတ်ရေးထိုးနိုင်ရန် စာအုပ်ဖွင့်ထားမည်ဖြစ်ပြီး လက်မှတ်ထိုးရန်အတွက်ကတော့ သက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် တဖွဲ့ချင်းစီက ဆုံးဖြတ်ကြရမည်ဖြစ်ကြောင်း မကြာခဏ ပြောဆိုလေ့ရှိသည်။

မွန်ပြည်သစ်ပါတီ(NMSP)ဥက္ကဋ္ဌ နိုင်ထောမွန်က“တဖွဲ့ချင်းပုံစံချမယ်။ တဖွဲ့ချင်း ဆွေးနွေးမယ်ဆိုတာကတော့ မဖြစ်သေးဘူး။ တနိုင်ငံလုံး ပြဿနာကို တဖွဲ့ချင်း ဖြေရှင်းလို့ ဘယ်ရမလဲ။ အားလုံးစုပြီး အဖြေရှာရမှာပေါ့။ တဖွဲ့ချင်း ပုံစံချရင်တော့ လက်မခံဘူး”ဟု ဆွေးနွေးပွဲတွင် သတင်းထောက်များကို ပြောသည်။

လက်မှတ်ထိုးရေး/မထိုးရေးနှင့် ပတ်သက်၍ တိုင်းရင်းသား လက်နက်ကိုင်များအကြား ဆုံးဖြတ်ချက် မတူညီကြသဖြင့် ၎င်းတို့အကြား ညီညွှတ်ရေးကို ထိခိုက် စေနိုင်ပြီး စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စု၊ ငြိမ်းချမ်းရေး တည်ဆောက်မှုတွင် အဟန့်အတားတခု ဖြစ်စေကြောင်း၊ သို့သော်လည်း ယင်းအခြေအနေများ ကို ကျော်လွှားနိုင်ရန် နည်းလမ်းရှာသွားမည်ဟု နိုင်ထောမွန်က ပြောသည်။

အစိုးရ အနေဖြင့် အားလုံး ပါဝင်ရေးကို ဆန့်ကျင်ပြီး အဖွဲ့တချို့နှင့်သာ လက်မှတ်ထိုး၍ အခြားသော တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအား ထိုးစစ်ဆင် တိုက်ခိုက်နေမည်ဆိုပါက တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်(NCA) သည် ဟန်ပြသက်သက်သာ ဖြစ်နေလိမ့်မည်ဟု ပလောင်ပြည်နယ် လွတ် မြောက်ရေး တပ်ဦး၊ ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA) အဖွဲ့ ဥက္ကဌ ဗိုလ်ချုပ်အိုက်ဘုန်းက ပြောသည်။

တနိုင်ငံလုံး အပစ်ရပ်ရေး လုပ်ဆောင်ရာတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ကို ယင်းသို့ ကန့်သတ်မှုများ ရှိနေသဖြင့် ချင်းမိုင်မြို့တွင်ပြုလုပ်သော ထိပ်သီး အစည်းအဝေးတွင် ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကချင် လွတ်လပ်ရေးအဖွဲ့ (KIO)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ မွန်ပြည် သစ်ပါတီ (NMSP)၊ မြန်မာ အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော် (MNDAA) ကိုးကန့်တပ်ဖွဲ့၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)နှင့် ရက္ခိုင့်တပ်မတော် (AA) တို့က လက်မှတ်မထိုးရန် ဆုံးဖြတ်ခဲ့ကြသည်။

အလားတူ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ၌ အင်အားကြီး လက်နက်ကိုင်အဖွဲ့ဖြစ်သည့် “ဝ” ပြည် သွေးစည်းညီညွှတ်ရေး တပ်မတော် (UWSA)နှင့် သူ၏ မဟာမိတ် အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်ပေါင်းစု(NDAA) မိုင်းလား အဖွဲ့တို့လည်း အစိုးရနှင့် အစိုးရအကြား ထိုးထားသည့် အပစ်အခတ် ရပ်စဲရေး စာချုပ် မကျိုးပျက်သည့်အတွက် NCA ကို လက်မှတ်ထိုးမည် မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။

ထို့အပြင် ချင်းမိုင် အစည်းအဝေးကို လေ့လာသူအဖြစ် တက်ရောက်ခဲ့သည့် ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော် တောင်ပိုင်း (RCSS/SSA) ကလည်း NCA လက်မှတ်ထိုးရေးကို အခြေအနေ စောင့်ကြည့်သွားဦးမည်ဟု ဆိုသည်။

အစိုးရက NCA လက်မှတ်မထိုးသေးသော အဖွဲ့များအနေဖြင့် နိုင်ငံရေး ဆွေးနွေးပွဲသို့ လေ့လာသူအဖြစ် တက်ရောက်ခွင့် ရှိသော်လည်း ဆွေးနွေးခွင့် ဆုံးဖြတ်ခွင့်ရှိမည် မဟုတ်ကြောင်းနှင့် မတရား အသင်းဆက်သွယ်မှု ပုဒ်မများလည်း ဖြုတ်သိမ်းပေးမည် မဟုတ်ဟု နေပြည်တော်တွင် သမ္မတနှင့် သွားရောက် တွေ့ဆုံခဲ့သည့် တိုင်းရင်းသား ခေါင်းဆောင်တချို့က ပြောဆိုသည်။

ဧရာဝတီ
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment