တရုတ် နှင့် အင်ဒိုနီးရှား ပူးပေါင်း၍ ဂျာကာတာ-ဘန်ဒေါင်း ရထားလမ်း စီမံကိန်း ဖက်စပ်လုပ်ဆောင်
ဂျာကာတာ၊ အောက်တိုဘာ ၁၆ ရက် (ဆင်ဟွာ)
တရုတ် နိုင်ငံ နှင့် အင်ဒိုနီးရှား နိုင်ငံတို့မှ ရထားလမ်း စီမံကိန်း လုပ်ငန်း အုပ်စုကြီးများမှ အဆင့်မြင့် အရာရှိများသည် အင်ဒိုနီးရှားနိုင်ငံ အတွင်း အနောက် ဂျာဗားပြည်နယ် မြို့တော် ဘန်ဒေါင်းမြို့ နှင့် ဂျာကာတာကို ဆက်သွယ်ပေးမည့် ရထားလမ်း စီမံကိန်း ဖက်စပ် လုပ်ဆောင်ရန် သဘောတူညီမှု စာချုပ်ကို သောကြာနေ့က လက်မှတ် ရေးထိုးခဲ့ကြောင်း သိရသည်။
အဆိုပါ သဘောတူညီမှု စာချုပ်ကို PT Piller Sinergi BUMN Indonesia မှ ဥက္ကဌ Sahala Lumban Gaol နှင့် တရုတ် ရထားလမ်း ကုမ္ပဏီမှ ဥက္ကဌ ရန်ကျုံးမင် တို့ လက်မှတ် ရေးထိုးခဲ့ပြီး အခမ်းအနားသို့ တရုတ် သံအမတ် ရှိးဖန် တက်ရောက် ခဲ့ကြောင်း သိရသည်။
အမေရိကန် ဒေါ်လာ ၅.၅ ဘီလီယံ တန်ဖိုးရှိ ထိုရထားလမ်း စီမံကိန်းကို ဦးစီး ဆောင်ရွက်ရာတွင် အင်ဒိုနီးရှား ဖက်မှ အဆိုပါ ဖက်စပ် လုပ်ငန်း၏ ရှယ်ယာ ၆၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားမည် ဖြစ်ပြီး တရုတ်ဖက်မှ ရှယ်ယာ ၄၀ ရာခိုင်နှုန်း ပါဝင်မည် ဖြစ်ကြောင်း သိရသည်။
အရှည်အားဖြင့် ကီလိုမီတာ ၁၅၀ ရှိသည့် ထိုရထားလမ်းတွင် တစ်နာရီလျှင် ကီလိုမီတာ ၂၀၀ မှ ၂၅၀ အတွင်းရှိ အလတ်စား အရှိန်နှုန်းဖြင့် မောင်းနှင် နိုင်မည်ဟု ခန့်မှန်းရသည်။
ထို့ပြင် တရုတ် နိုင်ငံသည် လာအိုနိုင်ငံနှင့်လည်း နှစ်နိုင်ငံ သာမက အခြားအာဆီယံ နိုင်ငံများနှင့်ပါ ဆက်သွယ်မည့် ရထားဖောက်လုပ်ရေး စာချုပ်ကို ချုပ်ဆိုခဲ့ပြီး အဆိုပါ ရထားလမ်း စီမံကိန်းကို ယခုနှစ် နှောင်းပိုင်းတွင် စတင် အကောင်အထည် ဖော်သွားရန် ခန့်မှန်းကြောင်း သိရသည်။
0 comments:
Post a Comment