ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌ နှုတ်ထွက်ပေးရန် အရပ်ဘက်အဖွဲ့အစည်းများ တောင်းဆို



ရန်ကုန်၊ ၁၉ အောက်တိုဘာ ၂၀၁၅၊

မဲဆန္ဒရှင်စာရင်များ အကြိမ်ကြိမ် မှားယွင်းနေမှုအပေါ် တာဝန် မခံသော ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင် ဥက္ကဌ နှုတ်ထွက်ပေးရန် အရပ်ဘက်အဖွဲ့အစည်းများက အောက်တိုဘာ ၁၈ ရက်နေ့၌ရွေးကောက်ပွဲနှင့် ပတ်သက်၍ အရပ်ဘက်အဖွဲ့အစည်းများ၏ သတင်းစာရှင်းလင်းပွဲ တွင် တောင်းဆိုလိုက်သည်။

`အခုရွေးကောက်ပွဲကော်မရှင်ဥက္ကဌက မဲစာရင်းမှားလို့ မီဒီယာကရော၊ အရပ်ဘက်အဖွဲ့အစည်းတွေ က  ပြောကြတာ ဖိအားပေးတယ်လို့ ပြောတယ်။ တာဝန်မခံနိုင်ဘူး။ Pressure မခံနိုင်ဘူးဆိုရင် နှုတ် ထွက်ပေး ဖို့ပဲ ရှိတယ်`ဟု TRIANGLE Women Support Group ဒါရိုက်တာ မခင်လေးက ပြောသည်။

ရန်ကုန်မြို့၊ Orchid ဟိုတယ်၌ အောက်တိုဘာ ၁၈ ရက်နေ့က မကြာမီ ကျင်းပတော့မည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ အရပ်ဘက်အဖွဲ့ အစည်းများ၏ သတင်းစာရှင်းလင်းပွဲတွင် ၎င်းက အထက်ပါအတိုင်းပြော ဆိုခဲ့ ခြင်းဖြစ်သည်။

`မဲစာရင်းမှားတာ သူကိုယ်တိုင် ဝန်ခံထားတာရှိတယ်။ မီဒီယာတွေပြောတာ၊ အရပ်ဘက်အဖွဲ့ အစည်းတွေ ပြောတာ ဖိအားပေးတာမဟုတ်ဘူး။ နိုင်ငံ တစ်နိုင်ငံရဲ့ အဓိကကြတဲ့ အသက်သွေးကြောကို သူ့ရဲ့တာဝန်ယူမှု အပေါ် ဝေဖန်ကြတာ။ ဝေဖန်တာ၊ ဖိအားတွေ မခံနိုင်ဘူးဆိုရင် ဒီနေရာက ဖယ်သွားလိုက်`ဟု Women’s Organization Network မှ မသိန္ဒီဦးက ပြောသည်။

တစ်နိုင်ငံလုံး အခြေခံမဲဆန္ဒရှင်စာရင်းများ အကြိမ်ကြိမ် မှားယွင်းနေသည့်အပြင် ဧည့်စာရင်းဖြင့်နေ ထိုင်သူများ မဲစာရင်းတွင် မပါဝင်သေးသည့် မဲဆန္ဒရှင်များရှိနေသဖြင့် လာမည့်ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှု မရှိနိုင်ကြောင်း အရပ်ဘက်အဖွဲ့အစည်းများက သုံးသပ်ပြောသည်။

မကြာမီ ကျင်းပမည့် ရွေးကောက်ပွဲနှင့် ပတ်သက်၍ အရပ်ဘက်အဖွဲ့ အစည်းများက အောက်တိုဘာ ၁၈ ရက်နေ့တွင် သဘောထားကြေညာချက် ထုတ်ပြန်ခဲ့ရာ အဆိုပါ သဘောထားကြေညာချက်တွင် အခြေခံမဲစာရင်းများ အကြိမ်ကြိမ်မှားယွင်းနေမှုသည် တိုင်းရင်းသားပြည်သူလူထု၏ စစ်မှန်သော မဲပေးပိုင်ခွင့်၊ လာမည့်ရွေးကောက်ပွဲ၏ ရလာဒ်၊ လာမည့်ရွေးကောက်ပွဲ၏ လွတ်လပ်၍ တရားမျှတမှုတို့အပေါ် အပျက်သဘောရောက်စေနိုင်ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့် မဲဆန္ဒရှင် ပြည်သူလူထုအပေါ် တာဝန်ပုံချလျက်ရှိခြင်းသည် တာဝန်ခံမှု၊ တာဝန်ယူမှု လုံးလုံး မရှိခြင်း ဖြစ်သည်ဟု ဖေါ်ပြထားသည်။

ယင်းအပြင် လက်ရှိအာဏာရပါတီမှ ကိုယ်စားလှယ်လောင်းများနှင့် အစိုးရအဖွဲ့ဝင် ကိုယ်စားလှယ်လောင်း များ အနေဖြင့် မလျော်ကန်သည့် သြဇာကျင့်သုံး၍ ဖိအားပေးခြင်း၊ အစိုးရဖွံ့ဖြိုးရေး စီမံကိန်းများကို အချိန်ကိုက်ဖေါ်ဆောင်ကာ တဖက်လှည့် မဲဆွယ်စည်းရုံးခြင်း၊ တပ်မတော်၏ ကျောထောက်နောက်ခံ ရှိသည့် အသွင် သွယ်ဝိုက် ပြောဆို စည်း ရုံးခြင်းတို့ ပြုလုပ်လာပါက ရွေးကောက်ပွဲ၏ သန့်ရှင်းမှု၊ လွတ်လပ်မှု၊ တရားမျှတမှုတို့ ထိခိုက် စေနိုင်ကြောင်း ထောက်ပြထားသည်။

ဘာသာရေးနှင့် လူမျိုးရေးကို အသုံးချ၍ သော်လည်းကောင်း၊ မသမာသော နည်းလမ်းမျိုးစုံကို အသုံးပြု ကာ ရွေးကောက်ပွဲ အောင်နိုင်ရေးကို လုပ်ဆောင်မည့် အလားအလာများ၊ လုပ်ရပ်များ ဖြစ်ပေါ်လာနိုင်မည့် အပေါ်စိုးရိမ်ကြောင်း ဖေါ်ပြထားသည်။

MID NEWS
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment