အင်းလေးဟိုတယ်ဇုန် စီမံကိန်း စတင်



ညောင်ရွှေ ၊ ၁၉-၁၀-၂၀၁၅

ရှမ်းပြည်နယ် (တောင်ပိုင်း)ညောင်ရွှေ မြို့နယ်၌ ကျပ်သန်းပေါင်း ၃၈ဝဝဝ ကုန်ကျမည့် အင်းလေးဒေသ ဟိုတယ်ဇုန် စီမံကိန်း စတင် အကောင် အထည်ဖော် တည်ဆောက် နေပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ ဟိုတယ်ဇုန် စီမံကိန်းတွင် အကွက်ပေါင်း ၉၆ ကွက် ဖော်ဆောင်ပြီး ဟိုတယ်ဇုန် များကို A၊ B ၊ C သုံးခုသ တ်မှတ်ကာ ဟိုတယ်ဇုန် A တွင် အကွက်ပေါင်း ၄၁ ကွက်၊ ဟိုတယ်ဇုန် B တွင် အကွက်ပေါင်း ၂၅ ကွက်နှင့် ဟိုတယ်ဇုန် C တွင် အကွက်ပေါင်း ၃ဝ ပေါ်၌ ဟိုတယ် အဆောက်အအုံ တည်ဆောက်ခြင်း လုပ်ငန်းများ စတင် လုပ်ဆောင်နေပြီ ဖြစ်ကြောင်း သိရသည်။

''ဟိုတယ်ဇုန်က အကွက်ဖော်ခြင်း၊ လမ်းတံတားနဲ့ လျှပ်စစ်မီး လုပ်ငန်းတွေ အကုန်ပြီးပါပြီ။ ဒီ ဟိုတယ် ဇုန်ကို ပြည်နယ် အစိုးရက ဖော်ဆောင်ပေး တာပါ။ ဒီစီမံကိန်း ပေါ်ပေါက် လာရင်တော့ ဒေသ ခံ ပြည်သူတွေ အလုပ်အကိုင် တွေလည်း ရရှိလာမယ်။ ပြီးရင် ဒေသခံတွေ အတွက် စီးပွားရေး ဈေး ကွက်တွေလည်း ပေါ်ပေါက် လာမှာပါ။ အလုပ်အကိုင် အခွင့်အလမ်းနဲ့ လူ့စွမ်းအား အရင်းအမြစ် ဝန်ဆောင်မှု လုပ်ငန်းမှာ ပါဝင်လိုတဲ့ ဒေသခံ တိုင်းရင်းသား တွေကို ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာန နဲ့ပေါင်းပြီး ဒေသခံတွေကို သင်တန်းတွေ ပေးသွားဖို့ စီစဉ်ထား ပါတယ်'' ဟု ရှမ်းပြည်နယ် စီမံရေးနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဝန်ကြီး ဦးခွန်သိန်းအောင် က ပြောသည်။

''ဒီ ဟိုတယ်ဇုန်က အရင်က သစ်တောမြေကိုမှ ပလပ်ပေး လိုက်တော့ သစ်တောမြေ မဟုတ်တော့ဘဲ အစိုးရရဲ့ စီမံမှုနဲ့ ဟိုတယ်ဇုန် ဖော်ဆောင် လိုက်တယ်။ ဟိုတယ်ဇုန် လုပ်နေတာတော့ တွေ့ပါတယ် '' ဟု ညောင်ရွှေ မြို့နယ်မှ ဒေသခံ ဦးဝင်းမြင့် က ပြောသည်။ အဆိုပါ ဟိုတယ်ဇုန် စီမံကိန်းကို မြေ စုစုပေါင်း ၆၂၂ ဧကအနက် ၄၈၅ ဒသမ ၆၁ ဧက အသုံးပြု ထားပြီး ဟိုတယ်ဇုန် A ကို ဒေသခံ တိုင်းရင်းသား များအတွက် နေရာ ချထားပေးပြီး ဟိုတယ်ဇုန် B ကို ပြည်တွင်း ဟိုတယ် လုပ်ငန်းရှင်များ အတွက် နေရာ ချမှတ် ထားကာ ဟိုတယ်ဇုန် C ကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု နှင့် ဖက်စပ်လုပ်ကိုင် နိုင်ရန် နေရာ သတ်မှတ် ပေးထားကြောင်း သိရသည်။

ယင်းကဲ့သို့ နေရာသတ်မှတ် ပေးရာတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဖြင့် ဖက်စပ်လုပ်ကိုင် သူများ အနေဖြင့် ကြယ်ငါးပွင့် အဆင့်ရှိ ဟိုတယ်ကဲ့သို့ နိုင်ငံတကာ အဆင့်မီ ဟိုတယ်များ တည်ဆောက် ရမည် ဖြစ်ကြောင်း သိရသည်။

(မြတ်လေးငုံ)
MWD
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment