ဒေါ်အောင်ဆန်းစုကြည်နှင့် မင်းကိုနိုင် ကို အပစ်ရပ်စာချုပ်တွင် အသိသက်သေအဖြစ် လက်မှတ်ထိုးရန် ဖိတ်ခေါ်မည်




တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နှင့် ၈၈ (ငြိမ်း/ပွင့်) မှ ကိုမင်းကိုနိုင် တို့ကို အသိသက်သေအဖြစ် ပါဝင်လက်မှတ်ရေးထိုးရန် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များက သဘောတူ ခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) အတွင်းရေးမှူး ပဒိုစောကွယ်ထူးဝင်း က ယနေ့ အောက်တို ဘာလ ၈ ရက်နေ့တွင် MID NEWS သို့ အတည်ပြု ပြောသည်။

“UN နဲ့ အိမ်နီးချင်းဖြစ်တဲ့ ထိုင်း၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်နိုင်ငံကို ဖိတ်ကြားမှာပါ။ ဒေါ်အောင်ဆန်းစုကြည် ကို နှစ်ဖက်က လက်ခံထားတယ်။ ၈၈ က မင်းကိုနိင် တို့ ကိုကိုကြီး တို့ကို ပြည်တွင်းအသိသက် အနေနဲ့ဖိတ်မယ်” ဟု ၎င်းကပြောသည်။
  
ရန်ကုန်မြို့၊ မြန်မာငြိမ်းချမ်းရေးစင်တာတွင် ယနေ့ အောက်တိုဘာလ ၈ ရက်နေ့က NCA စာချုပ် အသိသက်သေအဖြစ် ပါဝင် လက်မှတ်ရေးထိုးကြမည့် ပြည်ပနိုင်ငံများနှင့် ပြည်တွင်းအဖွဲ့အစည်းများ အတည်ပြုဖိတ်ကြားရန် ကျင်းပသည့် ပူးတွဲကော်မတီ အစည်းအဝေး ခေတ္တရပ်နားချိန်တွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

NCA တွင် အသိသက်အဖြစ် ပါဝင်လက်မှတ်ရေးထိုးကြမည့် နိုင်ငံတကာ ခေါင်းဆောင်များကို ဖိတ်ကြားရန် အချိန်တိုတောင်း သည့်အတွက် UN နှင့် အိမ်နီးချင်းနိုင်ငံ လေးနိုင်ငံ အပါအ၀င် သံတမန်အသွယ် ရှိသော နိုင်ငံ ၈၈ နိုင်ငံမှ သံအမတ်များ၊ ပြည်တွင်း အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများကို ယနေ့မှစ၍ ဖိတ်ကြားနေပြီဖြစ်ကြောင်း မြန်မာငြိမ်းချမ်းရေးစင်တာ အကြီးတန်းအကြံပေး ဦးလှမောင်ရွှေ ကပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်၊ ဦးအေးသာအောင်၊ ဦးခွန်ထွန်းဦး တို့အပါအဝင် ဖိတ်ကြားသင့်တဲ့လူတွေ အကုန်ဖိတ်မယ်။ နိုင်ငံရေး ပါတီ ၉၂ ပါတီကို တစ်ဦးစီ ဒီနေ့စဖိတ်ပါတယ်။ ပြီးရင် ကျနော်တို့နဲ့ ဆက်သွယ်ထားတဲ့ COUNSELLER ၁၂ ဖွဲ့ရှိတယ်။ အရပ်ဖက် လူ့အဖွဲ့အစည်းများတော့ ငြိမ်းချမ်းရေးလုပ်နေတဲ့ အဖွဲ့ ၁၀ ဖွဲ့ရှိတယ်။ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့က ခေါင်းဆောင် ၃ ဦးစီ၊ သီးခြားပေါ့။ တိုင်းရင်းသားလူမျိုးစုတွေ ၁၀ ဦးကနေ ၁၂ ဦးရှိတယ်။ တိုင်းရင်းသားတွေ အဆိုပြုထားတဲ့ တပ်မတော်ဘက်က အငြိမ်းစား ၃ ဦးကို အသိသက်သေအနေနဲ့ ထည့်ထားတယ်” ဟု ၎င်းကပြောသည်။
  
လာမည့် အောက်တိုဘာလ ၁၂ ရက်နေ့တွင် NCA လက်မှတ်ရေးထိုးရေး ပူးတွဲကျင်းပရေး ကော်မတီ အစည်းအဝေးကို မြန်မာငြိမ်းချမ်းရေးစင်တာတွင် ထပ်မံကျင်းပမည် ဖြစ်ကြောင်း သိရသည်။

MID News
Share on Google Plus

About Sai Htee Kham

    Blogger Comment
    Facebook Comment

0 comments:

Post a Comment