ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်ရှူးမြို့နယ်၊ ၀မ်ဆော့ကျေးရွာအုပ်စု၊ ၀မ်ဆော့ကျေးရွာသို့ စက်တင်ဘာ ၂၄ ရက်နေ့ တွင် SSPP/SSA အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီး လူသစ်နှင့် ဆက်ကြေးငွေများ အတင်း အဓမ္မ ကောက်ခံ သွားကြောင်း ဒေသခံရွာသားတစ်ဦးထံမှ သိရပါသည်။
“ ကျွန်တော်တို့ရွာက SSPP/SSA အဖွဲ့အတွက် လိုအပ်တဲ့ငွေ၊ လိုအပ်တဲ့ရိက္ခာနဲ့ သူတို့အဖွဲ့အတွက် လူသစ်ရှာပေးနေရတဲ့ ရွာဖြစ်နေတယ်၊ ခုလည်းသူတို့လိုအပ်တဲ့ ဆက်ကြေးငွေ တစ်အိမ်ထောင် ၅၀၀၀ နှုန်း၊ လူသစ် ၄ ယောက်နဲ့ နွား ၂ ကောင်ပေးလိုက်ရတယ်၊ ပြီးတော့ သူတို့အဖွဲ့ ညအိပ်မှာ ဖြစ်လို့ ညစာအတွက် လည်း လိုအပ်တာ ပြင်ပေးရတယ်” ဟု ၀မ်ဆော့ကျေးရွာသားတစ်ဦးမှ ပြောပြပါသည်။
SSPP/SSA အဖွဲ့အနေဖြင့် အစိုးရတပ်များနှင့် တိုက်ပွဲများဖြစ်ပွားပြီးကတည်းက သူတို့အဖွဲ့အတွက် လိုအပ်တဲ့ လူသစ်စုဆောင်းခြင်း၊ ဆက်ကြေးကောက်ခံခြင်းနှင့် ရိက္ခာစုဆောင်းခြင်းကိုအရင်ကထက် ပိုမိုစုဆောင်း ကောက်ခံနေတာ ဖြစ်နိုင်ကြောင်း ဒေသခံ ရပ်မိရပ်ဖ တစ်ဦး၏ ပြောပြချက်အရသိရပါသည်။
SSPP/SSA အဖွဲ့သည် မိုင်းရှူးမြို့နယ်အတွင်းရှိ ဒေသခံကျေးရွာများတွင် ဆက်ကြေးနှင့် လူသစ် စုဆောင်းခြင်း အပြင် ဒေသအတွင်းရှိ သစ်လုပ်ငန်းရှင်များ၊ နွားမှောင်ခိုအဖွဲ့များ၊ ဓါတ်ဆီဆိုင်များ၊ ဒေသခံ သစ်ခုတ်၊ ၀ါးခုတ် သမားများထံမှ ငွေကြေးကောက်ခံနေခြင်းများနှင့် မူးယစ်ဆေးဝါးစိုက်ပျိုး ထုတ်လုပ် ရောင်းချခြင်းများသည် ၄င်းတို့ အဖွဲ့ရပ်တည်ရေး အတွက် စီးပွားရေး လုပ်နေခြင်း သာ ဖြစ်ကြောင်း မိုင်းရှူးမြို့ခံ စီးပွားရေး လုပ်ငန်းရှင်တစ်ဦးမှ ပြောကြားသွားသည်။
စိုင်းသီဟ
0 comments:
Post a Comment