မူဆယ် ၁၀၅မိုင် စစ်ဆေးရေးဂိတ် အနီးရှိ စက်ရုံတံခါးအား မိုင်းထောင်ဖောက်ခွဲ ဆက်ကြေး မပေးသည့်အတွက် ခြိမ်းခြောက်ခြင်း တစ်ခုဖြစ်ဟုဆို






17.9.2015

ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့ ၁၀၅မိုင် စစ်ဆေးဂိတ် အနီးရှိ စက်ရုံတံခါးအား မိုင်းထောင် ဖောက်ခွဲမှုတစ်ခု စက်တင်ဘာ ၁၀ရက် ညပိုင်းက ဖြစ်ပွားခဲ့ရာ ယင်းဖောက်ခွဲမှုသည် ဆက်ကြေး မပေးသည့် အတွက် ခြိမ်းခြောက်ဖောက်ခွဲမှု တစ်ခုဖြစ်ကြောင်း မူဆယ် ၁၀၅မိုင် စစ်ဆေးရေးဂိတ်မှ တာဝန်ရှိသူ တစ်ဦးက သုံးသပ်ပြောကြားသည်။

“ကျွန်တော်တို့ ဒီနားမှာရှိတဲ့ လက်နက်ကိုင်တွေက ငွေရေးကြေးရေးနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ကုန်
သွယ်ရေးဇုန် အနီးအနားမှာရှိတဲ့ စက်ရုံတွေကို ဆက်ကြေး တောင်းတာတွေရှိတယ်။ မပေးတဲ့ စက်ရုံတွေကို အခုလိုမျိုးပဲ ဗုံးတွေခွဲတယ်။ လက်နက်ကြီးတွေနဲ့ အဝေးကနေ ပစ်တယ်။ အခုလည်း ဒီစက်ရုံတွေက
ဆက်ကြေး မပေးတော့လို့ ခြိမ်းခြောက်တဲ့အနေနဲ့ ဗုံးခွဲတယ်လို့ ယူဆတယ်”ဟု မူဆယ် ၁၀၅မိုင်ရှိ တရားမ၀င် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး(ဗဟို)မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

မူဆယ် ၁၀၅မိုင် ကုန်သွယ်ရေး ဂိတ်အနီး ဖူရှင်းဘရားသား(စ်) ကုမ္ပဏီပိုင် စက်ရုံခြံတံခါးဝင်းအား
မိုင်းထောင် ဖောက်ခွဲခဲ့ခြင်းကြောင့် ခြံစည်းရိုးနှင့် သံပန်းတံခါးများ ပျက်စီးသွားခဲ့ပြီး ၄င်းပေါက်ကွဲမှု အနီးအနား၌ ဆားကစ်၊ ကော်ဗူးတစ်ဗူး၊ ၀ါယာကြိုးစ၊ AAA ဓာတ်ခဲအသေး ငါးလုံးနှင့် ဘောစေ့ ၁၅လုံး
သိမ်းဆည်းရမိခဲ့ကြောင်း မူဆယ် မြို့မရဲစခန်း၌ သိရသည်။

“လက်ရှိအချိန်မှာတော့ ဘယ်သူဘယ်ဝါ ဆိုတာတော့ စုံစမ်းနေပါတယ်။ သေချာတော့ ဘယ်သူမှန်း မသိ
ရသေးပါဘူး။ အခုပေါက်ကွဲတဲ့ ဗုံးကလည်း ထောင်မိုင်း အမျိုးအစားတစ်မျိုး ဖြစ်တယ်လို့ ယူဆရတယ်။
သံဘောစေ့လေးတွေ ထည့်ထားတာကြောင့် လူတွေထိမိရင်လည်း ဒဏ်ရာရနိုင်တယ်”ဟု မူဆယ် မြို့မ
ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦးကလည်း ပြောသည်။

လက်ရှိအချိန်တွင် မူဆယ် ၁၀၅မိုင် ကုန်သွယ်ရေး ဇုန်အနီး၌ ပေါက်ကွဲမှုများ မကြာခဏ ဖြစ်ပွားမှုကြောင့် လုံခြုံရေး တိုးမြှင့်စွာ ဆောင်ရွက်လျက်ရှိကြောင်းကိုလည်း သိရသည်။

ဇေယျာ
Tomorrow
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment