7.9.2015
ထိုင်းစစ်အစိုးရ ဖွဲ့စည်းပေးထားသော ပြုပြင်ပြောင်းလဲရေး ကော်မတီသည် အခြေခံဥပဒေသစ်ကို တနင်္ဂနွေ နေ့က ပယ်ချခဲ့ရာ သတ်မှတ်ထားသည့်အတိုင်း အခြေခံဥပဒေ ပြီးစီးပါက အစောဆုံး ရွေးကောက်ပွဲ ကျင်းပပေးမည့် အချိန်သတ်မှတ်ချက်မှာ ၂၀၁၇ ဧပြီလသို့ နောက်ဆုတ်သွားသည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။
ဇန်နဝါရီလဆန်းတွင် ဆန္ဒခံယူပွဲ ပြုလုပ်နိုင်ရန်အတွက် ကော်မတီက အတည်ပြုရန် ထောက်ခံမဲ ၁၂၄ မဲ ပြည့်ရန် လိုအပ်သည်။
ယင်းအခြေအနေ၌ ၈၃ နှစ်တာအတွင်း အကြိမ် ၂၀ မြောက် ရေးဆွဲသည့် အခြေခံဥပဒေသစ်ကို အဖွဲ့ဝင် ၁၃၅ ဦးပါ အမျိုးသား ပြုပြင်ပြောင်းလဲရေး ကောင်စီတွင် မဲခွဲရာ ပျက်ကွက် ၇ မဲ၊ ထောက်ခံ ၁၀၅ မဲဖြင့် ပယ်ချခဲ့ခြင်း ဖြစ်သည်။
စစ်အစိုးရခန့်သော ကော်မတီက ရေးဆွဲသည့် အခြေခံဥပဒေ အတည်မပြုနိုင်ခြင်းကို ဒီမိုကရေစီကို စော်ကားသည့် ဥပဒေဟု ဝေဖန်နေကြသော နိုင်ငံရေးပါတီများက ထောက်ခံမည်ဖြစ်သည်။
စစ်အစိုးရက အခြေခံဥပဒေကို ကော်မတီတွင် အတည်ပြုနိုင်မည်ဟု မျှော်လင့်ခဲ့သော်လည်း အဖွဲ့ဝင်များ အကြား အပြင်းအထန် စည်းရုံးမှုနှင့် သဘောကွဲလွဲမှု သတင်းများကို မီဒီယာများက ထုတ်ပြန်ခဲ့သည်။
အကြီးမားဆုံး အငြင်းပွားစရာကိစ္စမှာ နောက်ပိုင်းမှ ထပ်တိုးလာသောအချက် ဖြစ်ပြီး ပြုပြင်ပြောင်းလဲရေး နှင့် ပြန်လည်သင့်မြတ်ရေး၊ အမျိုးသားကော်မတီ ဖွဲ့စည်းရေး ဖြစ်သည်။
စစ်ဘက်က လွှမ်းမိုးထားမည့် ယင်းကော်မတီသည် မရေမရာ အဓိပ္ပာယ် ဖွင့်ဆိုထားသော အရေးပေါ် အခြေအနေမျိုးတွင် အစိုးရနှင့် လွှတ်တော်တို့အပေါ်တွင် အာဏာသုံးပိုင်ခွင့် ရရှိမည်ဖြစ်သည်။
ပြုပြင်ပြောင်းလဲရေးကော်မတီ၏ ပယ်ချမှုကြောင့် အခြေခံဥပဒေ ရေးဆွဲခြင်း လုပ်ငန်းစဉ်ကို တစ်က ပြန်စရမည်ဖြစ်ရာ စစ်အစိုးရသက်တမ်းကို ၂၀၁၇ အထိ ရှည်သွားစေလိမ့်မည် ဖြစ်သည်။ အတည်ပြုနိုင်ပါက ရွေးကောက်ပွဲကို ၂၀၁၆ နှစ်ဝက်တွင် ကျင်းပနိုင်ရန် မျှော်လင့်ခဲ့ကြခြင်း ဖြစ်သည်။
စစ်ဗိုလ်ချုပ်များ ထုတ်ပြန်ထားသော အချိန်သတ်မှတ်ချက်အရ အခြေခံဥပဒေသစ် ရေးဆွဲရန် ရက်ပေါင်း ၁၈၀ အချိန်ရမည့် ကော်မတီကို ယာယီအစိုးရက ခန့်အပ်ရမည်ဖြစ်ရာ ရွေးကောက်ပွဲများကို ၂၀၁၇ ခုနှစ် ဧပြီလဝန်းကျင်တွင် ကျင်းပနိုင်မည် ဖြစ်သည်။
ထိုင်းစစ်အစိုးရက ကြိုးကိုင်ရေးဆွဲထားသော အငြင်းပွားဖွယ် အခြေခံဥပဒေကို ပညာရှင်များ၊ နိုင်ငံရေး ပါတီများနှင့် မီဒီယာများက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်။
ဒီမိုကရေစီကို ပြောင်းပြန်လှန်ထားသော အခြေခံဥပဒေသည် စစ်တပ်က နိုင်ငံရေးတွင် တိုက်ရိုက်ဖြစ်စေ၊ ကိုယ်စားပြု ပုံစံအမျိုးမျိုးဖြင့် ဖြစ်စေ ဝင်ရောက်စွက်ဖက်ရန် ထိထိရောက်ရောက် ခွင့်ပြုထားပြီး ရွေးကောက်ခံ အစိုးရများနှင့် လွှတ်တော်များကို အားနည်းသွားစေလိမ့်မည်ဟု ဝေဖန်သူများက မှတ်ချက်ပေးထားသည်။
ဥပဒေမူကြမ်းကို ပယ်ချရန် တိုက်တွန်းခဲ့သော ပါတီများထဲတွင် စစ်တပ်က အာဏာသိမ်းဖြုတ်ချခဲ့သော Puea Thai ပါတီသည်လည်း အပါအဝင်ဖြစ်ပြီး “၎င်းအခြေခံဥပဒေသည် ပဋိပက္ခများကို ပိုမိုဖန်တီးမည့် အပြင် လူထုအား ဆက်လက်ဖိနှိပ်ရန် အာဏာရှင်စစ်အစိုးရကို ခွင့်ပြုထားသည်” ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။
#The Voice Weekly
0 comments:
Post a Comment