တရုတ် အဆင့်မြင့် အရာရှိတစ်ဦး ခြစားမှုဖြင့် စစ်ဆေးခံရမည်



28.9.2015

          တရုတ်နိုင်ငံ မြောက်ပိုင်း ဟူဘေးခရိုင် ကွန်မြူနစ်ပါတီ အတွင်းရေးမှူးဟောင်း ကျိုးဘန်ရွှန်းအား အကျင့်ပျက် ခြစားမှုနှင့် စုံစမ်းစစ်ဆေးမည် ဖြစ်သောကြောင့် တရုတ် လွှတ်တော်အဖွဲ့ဝင် အဖြစ်မှ ဖယ်ရှားလိုက် ပြီဖြစ်ကြောင်း နိုင်ငံပိုင် မီဒီယာက စနေနေ့တွင် ဖော်ပြခဲ့သည်။

          မြို့တော် ပေကျင်းနားရှိ ဟူဘေးသည် သံမဏိအများဆုံး ထုတ်လုပ်ပေးနေသော ခရိုင်တစ်ခု ဖြစ်သည်။ ကျိုးဘန်ရွှန်းသည် စည်းကမ်း အကြီးအကျယ် ချိုးဖောက်ခဲ့ကြောင်း ကွန်မြူနစ်ပါတီ စည်းကမ်း စုံစမ်းစစ်ဆေးရေး ကော်မရှင်က ဇူလိုင်တွင် စွပ်စွဲ ပြောဆို ခဲ့သည်။ တရုတ် ကွန်မြူနစ် ပါတီတွင် စည်းကမ်းချိုးဖောက်မှု ဆိုသည်မှာ လာဘ်စားခြင်းကို ဆိုလိုသည်။

          ကျိုးဘန်ရွှန်းသည် လွှတ်တော်မှ ဖယ်ရှားခံခဲ့ရပြီ ဖြစ်သောကြောင့် ပြစ်ဒဏ် စီရင်ခံရခြင်းမှ သက်သာခွင့်ကို ဆုံးရှုံးသွား ပြီဖြစ်ကြောင်း ဆင်ဟွာ သတင်းဌာနက ဖော်ပြခဲ့သည်။

          ဟူဘေးရှိ ကျန်းချားကိုးမြို့သည် ၂၀၂၂ ဆောင်းရာသီ အိုလံပစ်ကို ပေကျင်းနှင့်အတူ ပူးတွဲကျင်းပခွင့် ရရှိမည်ဖြစ်သည်။ ကျိုးဘန်ရွှန်းသည် အိုလံပစ် ကျင်းပခွင့်ရရှိရေး အတွက် ကြိုးပမ်းသည့် ကော်မတီ အစည်းအဝေးများကို တက်ရောက်ခဲ့သည်။

          ကျိုးဘန်ရွှန်းသည် ခြစားမှုဖြင့် ထောင်ဒဏ် တစ်သက် ချမှတ်ခံခဲ့ရသည့် နိုင်ငံတော် လုံခြုံရေး အကြီးအကဲဟောင်း ကျိုးယုံခန်း၏ အုပ်ချုပ်မှု အောက်ရှိ နိုင်ငံရေးနှင့် ဥပဒေ ဗဟိုကော်မရှင်တွင် အထွေထွေ အတွင်းရေးမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သည်။ ၎င်းသည် ၂၀၁၃ ခုနှစ်တွင် ဟူဘေး ကွန်မြူနစ်ပါတီ အကြီးအကဲအဖြစ် စတင် တာဝန်ထမ်းဆောင် ခဲ့သည်။

Source:Reuters
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment