1.9.2015
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကွန်ဟိန်းမြို့နယ်၊ ငါးတိုင်ကျေးရွာအုပ်စု၊ ၀ိုးလုံကျေးရွာသို့ RCSS/SSA အဖွဲ့တစ်ဖွဲ့သည် သြဂုတ်လ ၂၇ ရက်နေ့တွင် အရပ်ဝတ်များဖြင့် ရောက်ရှိလာပြီး လူသစ်နှင့် ဆက်ကြေးငွေများ အတင်းအကြပ် ကောက်ခံ နေကြောင်း ယင်းဒေသခံရွာသားများထံမှ သိရပါသည်။
“ ကျွန်တော်တို့ရွာကို သြဂုတ်လ ၂၇ ရက်နေ့ ညနေ ၃ နာရီလောက်မှာ RCSS/SSA အဖွဲ့ဟာ အရပ်ဝတ်တွေနဲ့ ရောက် လာတယ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးကိုခေါ်ပြီး လူသစ် ၅ ဦးနဲ့ ဆက်ကြေးငွေ တစ်အိမ်ထောင်ကို ၅၀၀၀ ကျပ် တောင်းတယ်၊ ကျွန်တော်တို့ရွာတွေမှာ တောင်ယာအလုပ်ပဲရှိတယ်၊ အခြားဘာဝင်ငွေမှမရှိဘူး၊ သူတို့အဖွဲ့က နှစ်ဖွဲ့ ကွဲနေတော့ ဟိုအဖွဲ့ကလာတောင်းလိုက် မရှိမဲ့ရှိမဲ့ပေးလိုက်ရ၊ နောက်တစ်ဖွဲ့ကလာတောင်းလိုက် ပေးလိုက်ရနဲ့ ကျွန်တော်တို့ အခက်အခဲကို ဘယ်သူမှ မဖြေရှင်းပေးနိုင်ဘူး ” ဟု ဒေသခံရွာသားတစ်ဦးမှ ပြောပါသည်။
.
RCSS/SSA အဖွဲ့သည် ကွန်ဟိန်းမြို့နယ်၊ ကျိုင်းခမ်းကျေးရွာနှင့် ကာလိမြို့နယ်၊ နမ့်မယ်ကျေးရွာများတွင်လည်း လူသစ် နှင့် ဆက်ကြေးငွေများ အတင်းအကြပ်ကောက်ခံခဲ့ကြောင်း အမည်မဖော်လိုသူ ၀ိုးလုံကျေးရွာသားတစ်ဦး၏ ပြောပြချက် အရ သိရသည်။
RCSS/SSA အဖွဲ့ကို ဒေသခံများက အတော်လေးရွံရှာနေပြီး လက်နက်ဖြင့်ခြိမ်းခြောက်၊ အနိုင်ကျင့် ဆက်ကြေးကောက်၊ လူသစ်စုဆောင်းခြင်းသည် ရှမ်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူမပြုသည့်အပြင် ဒေသခံများကိုသာ ၀န်ထုပ်ဝန်ပိုးဖြစ်စေကြောင်း ကျေးရွာရပ်မိရပ်ဖတစ်ဦးကလည်း ပြောပြသွားပါသည်။
စိုင်းသီဟ
0 comments:
Post a Comment