ခွင့်လွှတ်လို့မရတဲ့ တိုင်းရင်းသားလက်နက်ကိုင်တချို့ရဲ့ အကြမ်းဖက်လုပ်ရပ်များ



1.9.2015

အစိုးရဌာနဆိုင်ရာဝန်ထမ်း၊ အငြိမ်းစားဝန်ထမ်းတွေကို ပစ်ခတ်သတ်ဖြတ်ခြင်း၊ အစိုးရ၀န်ထမ်းတွေ နေထိုင်တဲ့ အဆောက်အဦ၊ ကင်းစခန်း၊ တပ်စခန်းနဲ့ အများပြည်သူဖြတ်သန်းသွားလာ အသုံးပြုနေတဲ့ လမ်း၊ တံတားတွေကို မီးရှို့ ဖျက်ဆီးခြင်း စတာတွေကို ကျူးလွန်ရင် အကြမ်းဖက် လုပ်ရပ်မည်ပါတယ်။ အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်လာရင် ဘယ်လို နည်းနဲ့မှ ခွင့်လွှတ်လို့ မရတဲ့ပြစ်မှုမျိုး ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေအရ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးဖို့ ဆွေးနွေးညှိနှိုင်းနေဆဲကာလမှာ အခုလိုမျိုး အကြမ်းဖက်လုပ်ရပ်တွေကို ချိန်သားကိုက် ပြုလုပ် လာတာကတော့ လက်နက်ကိုင်တစ်စု ရဲ့ အောက်တန်း ကျတဲ့ လုပ်ရပ်လို့ပဲ မြင်ပါတယ်။

NCA မှာ လက်နက်ကိုင် အားလုံးပါဝင်ရေးအတွက် တိုင်းရင်းသားတွေ ဘက်က နိုင်ငံတော်သမ္မတနဲ့ ကာကွယ်ရေးဦးစီးချုပ်တို့ဆီ လာရောက်တောင်းဆိုကြမယ်ဆိုတာ အားလုံးသိနေတဲ့ကိစ္စဖြစ်ပါတယ်။ ဒီလို ကာလမျိုးမှာ ရဲကင်း မီးရှို့တာ၊ စစ်မှုထမ်းဟောင်း နှစ်ယောက်ကို ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်သတ်ဖြတ် တာတွေကြောင့် တိုင်းရင်းသားလက်နက်ကိုင်တွေအပေါ် အစိုးရက ယုံကြည်မှုလျော့နည်းသွားပြီ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးကို မပျက်ပျက်အောင် ဖျက်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကြံစည်နေတာဆိုရင် ပြည်သူတွေကလည်း အဲဒီ အဖွဲ့တွေကို ရွံမုန်းမိတာ အမှန်ပါပဲ။ သေနတ်ကိုင်ပြီး တရားဥပဒေကိုလည်း မလေးစား၊ ငြိမ်းချမ်းရေးကိုလည်း အလေးမထား လုပ်လာရင် အစိုးရကလည်း ပြတ်ပြတ်သားသား လုပ်သင့်ပါတယ်။

အလျော့ပေးလွန်းရင် ကမ်းတက်တတ်ပါတယ်။ အစိုးရက လက်နက်ကိုင် တွေဆီ NCA လက်မှတ်ထိုးဖို့ ဖိတ်ခေါ်တာကို သူတို့ အခွင့်ကောင်းယူလိုက်ကြတာပါ။ လက်နက်ကိုင်အဖွဲ့တွေ စုပေါင်းပြီး လက်မှတ် မထိုးဘူးလို့ ငြင်းလိုက်ရင် အစိုးရ ဘာတတ်နိုင်မှာလဲဆိုတဲ့ သွေးထိုးစမ်းတဲ့ပုံစံမျိုး လုပ်လာတာပါ။ ပြည်တွင်း ငြိမ်းချမ်းရေး အဆုံးသတ်ဖို့ ရွှေလက်နဲ့ ခေါ်တုန်း လိုက်ရင်လိုက်၊ မလိုက်ရင်တော့ သေနတ်နဲ့ပဲ ခေါ်လိုက်ပါ။ သေနတ်ကိုင်ခွင့် ပြုထားသရွေ့ကတော့ ခုလို အကြမ်းဖက် လုပ်ရပ်တွေကို ဆက်ပြီး ကျူးလွန်နေအုံးမှာပါပဲ။ နယ်မြေရဲကင်း မီးရှို့သွားတာ ဘယ်အဖွဲ့လဲမှတ် တယ်။ အစိုးရက NCA မှာ လက်မှတ်မထိုးဘဲ ချန်ထား ခဲ့တဲ့ အဖွဲ့ ၆ ဖွဲ့ထဲက TNLA အဖွဲ့ ဖြစ်နေတာပါပဲ။

ရိုင်းရိုင်းပြောရရင် သူပုန်ဟာ သူပုန်ပါပဲ။ သေနတ်ကိုင်ပြီး လူသစ်စု၊ ဆက်ကြေးကောက်၊ မူးယစ်ဆေးဝါး မှောင်ခို၊ သစ်မှောင်ခို၊ ကျွဲ၊ နွားမှောင် ခိုတွေပဲ လုပ်တတ်တာ။ သူတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်က ငြိမ်းချမ်းရေး မဟုတ်ဘူး။ လက်နက်ဆက်ကိုင်ပြီး တရားမ၀င်မှောင်ခိုလုပ်ငန်းတွေနဲ့ စီးပွားရှာဖို့နဲ့ ပြည်သူကို ဒုက္ခပေးဖို့ပါ။ အပစ်ရပ်လက်မှတ် ထိုးဆိုတဲ့ အဓိပ္ပာယ်ဟာ TNLA အတွက်တော့ နွားပလာတာ ကျွေး၊ ကျွဲ ပက်စီတိုက်ဆို သလို ဖြစ်နေပါတယ်။ လက်တစ်ဆုပ်စာ အင်အားနဲ့ ငြိမ်းချမ်းရေးရည်မှန်း ချက် မရှိ၊ KIA ခိုင်းဖတ်ဘ၀နဲ့ နေရတာကို ကျေနပ်နေတဲ့ အဖွဲ့ပါ။ ငြိမ်းချမ်းရေးဖြစ်စဉ်ထဲမှာ TNLA အဖွဲ့ကို စာရင်း သွင်းစရာ မလိုဘူးလို့သာ ပြောချင်ပါတယ်။ သူတို့အဖွဲ့ရဲ့ သတ္တိက နည်းတာတော့ မဟုတ်ဘူး၊ လူမနေတော့တဲ့ နယ်မြေရဲကင်းကို မီးရှို့ ရဲတဲ့ သတ္တိပေါ့။ တော်တော်လည်း အရှက်မရှိတဲ့ အဖွဲ့ပါ။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ အူမူးကျေးရွာမှာရှိတဲ့ ကျေးရွာနယ်မြေရဲကင်းထဲက အုတ်စီ၊ သွပ်မိုး၊ ၆ ခန်းတွဲ ၂ လုံး၊ အချုပ်ခန်း တစ်ခန်း၊ ရုံးခန်းတစ်ခန်း၊ ကင်းတဲအသေးတစ်လုံး၊ အိပ်ဆောင် တစ်လုံးတို့ကို TNLA အဖွဲ့က သြဂုတ်လ ၂၉ ရက်နေ့ မနက် ၁၁ နာရီလောက်မှာ လာပြီး မီးရှို့သွားတယ် လို့ သိရပါတယ်။ အဲဒီရဲကင်း ဟာ အရင်က ရဲတပ်ဖွဲ့ဝင်တွေ နေထိုင်ပေမယ့် ဖေဖော်ဝါရီလ လောက်မှာတော့ သူပုန်အဖွဲ့တွေ မကြာခဏ လာပစ်နေတဲ့အတွက် ရုပ်သိမ်းပြီး သီပေါမြို့မရဲစခန်းကို ပြောင်းရွှေ့နေထိုင် ခဲ့ရတယ်လို့ သိရပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ မနေပေမယ့် ဒါဟာ နယ်မြေ ရဲကင်း ဖြစ်ပါတယ်။ မီးရှို့ဖျက်ဆီးတာဟာ အကြမ်းဖက်လုပ်ရပ်ပါပဲ။ နယ်မြေတည်ငြိမ်အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကို TNLA အနေနဲ့ ထိပါး စော်ကားလိုက်တာပဲ ဖြစ်ပါတယ်။ အဲဒီပြစ်မှုကို လုံးဝ ခွင့်လွှတ်လို့ မရပါဘူး။

အစိုးရဘက်က ငြိမ်းချမ်းရေးလိုလားပေမယ့် လက်နက်ကိုင်တွေဘက်က လိုလားပုံ မရပါဘူး။ သြဂုတ်လ ၃၀ ရက်နေ့ ကလည်း ကျောက်မဲမြို့နယ်၊ ပင်ပေါကျေးရွာအုပ်စု၊ နောင်ပြစ်ကျေးရွာ၊ အရှေ့တောင်ဘက် ၁ မိုင်ခန့် အကွာ မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီးအနီး မြေနီလမ်းပေါ်မှာ လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က အပြစ်မဲ့ ပြည်သူနှစ်ဦးကို ရက်ရက် စက်စက် ပစ်ခတ်သတ်ဖြတ်ထားပါတယ်။ ရဲစခန်းနဲ့ နယ်မြေခံလူထုရဲ့ စုံစမ်းချက်အရ အသတ်ခံထားရတဲ့ ပြည်သူနှစ်ဦးဟာ ကျေးရွာတွေမှာ စာအုပ်တွေ လိုက်ရောင်းနေတဲ့ စစ်မှုထမ်းဟောင်းတွေလို့ သိရပါတယ်။ ကောင်းရောင်း ကောင်းဝယ် ရှာဖွေစားသောက်နေတဲ့ ဘာလက်နက်မှမပါတဲ့ အပြစ်မရှိ ၀န်ထမ်းဟောင်းနှစ်ဦးကို ပစ်သတ်သွားတာ ဘယ်အဖွဲ့လဲ။ ၀န်ခံမှာ မဟုတ်ပေမယ့် နယ်မြေခံလူထုရဲ့ ထုတ်ဖော်ပြောဆိုချက်အရ အဲဒီနယ်မြေ ဟာ SSA (၀မ်ဟိုင်း) အဖွဲ့မှ အဖွဲ့ငယ် လေးတွေ လှုပ်ရှားတဲ့ နယ်မြေလို့ သိရပါတယ်။ NCA မှာ SSA(၀မ်ဟိုင်း) ဥက္ကဋ္ဌ ဦးပန်ဖတို့ ပါဝင်လက်မှတ် ထိုးမယ်ဆို တာကို ဘယ်လိုယုံကြည်ရ တော့မှာလဲ။

အပြစ်မဲ့ပြည်သူတွေက သေသွားပြီ။ ရဲကင်း မီးရှို့ခံလိုက်ရပြီ။ နားရွက်တံတွေးဆွတ်တာကို အစိုးရက ငြိမ်ခံနေ အုံးမှာလား။ NCA အပေါ် လက်နက်ကိုင်တွေ ဘယ်လိုသဘောထားတယ်ဆိုတာ ရှင်းနေပါပြီ။ လက်နက်ကိုင် တစ်စုရဲ့ လုပ်ရပ်တွေကို လျစ်လျူရှုပြီး NCA မှာ တကယ်စိတ်ရင်းအမှန်နဲ့ ထိုးမယ်လို့ ယုံကြည်ရင်တော့ ငါးပါးမှောက်ပါ လိမ့်မယ်။ တစ်ခုပဲ လုပ်သင့်ပါတယ်။ NCA မှာ လက်မှတ်ထိုးရင်ထိုး၊ မထိုးရင် အပြတ်သာတိုက် ပါ။ ဒါမှ ငြိမ်းချမ်းရေးရမှာ။ လတ်တလော လုပ်သွားတဲ့ လက်နက်ကိုင်တစ်စုရဲ့ အကြမ်းဖက်လုပ်ရပ်တွေဟာ လုံးဝခွင့်လွှတ်လို့ မရဘူးဆိုတာ အမှန်တရား ဘက်တော်သား ပြည်သူတစ်ယောက်အနေနဲ့ ပြောလိုက်ချင် ပါတယ်။

‪#‎ဇေနောင်လတ်‬
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment