ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်ရှူးမြို့နယ်၊ ၀မ်ဆော့ကျေးရွာအုပ်စု၊ ဟွေမုံကျေးရွာသို့ အောက်တိုဘာလ ၂၅ ရက် နေ့တွင် SSPP/SSA အဖွဲ့တစ်ဖွဲ့ ရောက်ရှိလာပြီး လူသစ်နှင့် ဆက်ကြေးငွေများ အတင်းအ ဓမ္မကောက် ခံသွား ကြောင်း ဒေသခံရွာသားတစ်ဦးထံမှ သိရပါသည်။
“
ကျွန်တော်တို့ရွာသားတွေလည်း သူတို့အဖွဲ့ကို အတော်ကြောက်နေကြတယ်၊ အရင်က
ဆက်ကြေးကောက်၊ လူသစ်စုတာ တစ်အိမ်ထောင် ၅၀၀၀ ကျပ်နဲ့ လူသစ် တစ်ရွာကို ၅
ယောက်နှုန်း လောက်သာ စုဆောင်းတာ၊ အခု သူတို့အဖွဲ့ အင်အားလိုနေတော့ သူတို့နဲ့
နီးတဲ့ရွာသားတွေကိုပဲ ဖမ်းဆီး ခေါ်ဆောင်နေတယ်၊ သူတို့အဖွဲ့
လိုအပ်တာတွေမလုပ်ချင်ဘဲ လုပ်ပေးနေရတယ်၊ သူတို့အဖွဲ့နဲ့ နီးတဲ့ရွာတွေကို
ဒုက္ခပေးလွန်းလို့ ရွာသားတွေက အတော်လေး မကျေမနပ်ဖြစ်နေ တယ်” ဟု
ဝမ်ဆော့ရွာသားတစ်ဦးမှ ပြောပါသည်။
“ SSPP/SSA အဖွဲ့က ကျွန်တော်တို့ရွာကို မနက် ၇ နာရီလောက် ရောက်လာပြီး ကျေးရွာဥက္ကဋ္ဌကို ခေါ်ပြီး သူတို့အဖွဲ့အတွက် မနက်စာပြင်ဆင်ပေးဖို့၊ လက်နက်ခဲယမ်းနဲ့ ရိက္ခာပစ္စည်းတွေ သယ်ဆောင်ဖို့ လူ ၁၀ယောက် တောင်းတယ်၊ ငွေလည်း ၁၅၀၀၀၀ ပေးလိုက်ရတယ်” ဟု ကျေးရွာရပ်မိရပ်ဖ တစ်ဦးမှ ပြောကြားပါသည်။
SSPP/SSA အဖွဲ့နှင့် အစိုးရတပ်တို့ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသောကြောင့် ဒေသခံပြည်သူ များမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်လာကြကြောင်း၊ မိုင်းရှူးမြို့ပေါ်တွင် ဗုံးပေါက်ကွဲပြီးက တည်းက မြို့ခံများ လည်း ထိတ်လန့်နေကြပြီး နယ်မြေမအေးချမ်းမှာကို စိုးရိမ်နေရကြောင်း၊ မိုင်းရှူးမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင် လာသော ရွာသူ၊ ရွာသားများ ထောင်ချီရှိနေပြီ ဖြစ်ကြောင်းနှင့် တိုက်ပွဲများ အမြန်ဆုံးရပ်တန့်စေချင်ကြောင်း မိုင်းရှူးမြို့ခံ တစ်ဦးမှ ပြောပါသည်။
စိုင်းသီဟ

0 comments:
Post a Comment