ငြိမ်းချမ်းရေး တည်ဆောက်ဖို့ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ စည်းလုံးဖို့ လိုတယ်



21.10.2015

အောက်တိုဘာ ၁၅ ရက်က နေပြည်တော်၌ တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်ကိုလက်မှတ်ရေး ထိုးခဲ့ သည့် အဖွဲ့ရှစ်ဖွဲ့တွင် အပါအ၀င်ဖြစ်သော ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / ရှမ်းပြည် တပ်မတော်တောင်ပိုင်း (RCSS)၏ ဥက္ကဋ္ဌဖြစ်သူ ဦးယွက်ဆစ် အားမြန်မာတိုင်း(မ်)က သီးသန့်တွေ့ ဆုံမေးမြန်းခဲ့သည်။

RCSS နဲ့အစိုးရနဲ့ ၂၀၁၂ခုနှစ်မှာ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်အပစ်ရပ်သဘောတူ စာချုပ်တွေ ချုပ်ဆိုတဲ့အခါမှာ အစိုးရဘက်ကဖမ်းထားတဲ့ RCSSအဖွဲ့ဝင်တွေကို ပြန်လွှတ်ပေးရမယ်ဆိုတဲ့အချက် ပါတယ်ပေါ့နော်။ အခုအစိုးရကဖမ်းဆီးထားတဲ့ RCSS အဖွဲ့ဝင် ဘယ်လောက်များရှိသလဲ။ ဒါနဲ့ပတ်သက်ပြီးတော့အစိုးရနဲ့ တစ်စုံတစ်ရာ ဆွေးနွေးညှိနှိုင်းတာရောရှိလား။

ကျွန်တော်တို့ရဲ့ အဖွဲ့ဝင်တွေကို ကျွန်တော်တို့တောင်းထားသလို၊ နိုင်ငံရေး အကျဉ်းသားတွေနဲ့အသုတ်လိုက် တဖြည်းဖြည်း လွတ်လာတာရှိပါတယ်။အခု ကျန်နေတာကတော့ ဗိုလ်မှူးကြီးစ၀်ခွန်ကျော်ပေါ့။ ကျွန်တော်တို့ SSA မှာတပ်မဟာ (၂၄၁)က၊ တစ်ဖက်ကသူများသိတာကဗိုလ်သံချောင်းပေါ့နော်။

သူတစ်ယောက်တည်းလား။ တခြားသူတွေရော ရှိသေးလားခင်ဗျာ။သုံးယောက် ကျန်ပါတယ်။ တခြားသူတွေကိုတော့ ကျွန်တော်တို့ လွှတ်ဖို့အစီအစဉ်ကိုကျွန်တော်တို့ ကြားထားပါတယ်။ ဒါပေမဲ့ စ၀်ခွန်ကျော် တစ်ယောက်အနေနဲ့တော့ အစိုးရကတိတိကျကျဖြေကြားထားတာ မရှိသေးပါဘူး။

လွန်ခဲ့တဲ့လက ကျွန်တော်တို့ မြန်မာတိုင်း(မ်)နဲ့ အင်တာဗျူးတစ်ခုမှာ RCSS ရဲ့ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးစိုင်းလက ပြောတယ်ပေါ့နော်။ (RCSS နဲ့ အစိုးရတပ်တွေအကြားမှာ စစ်ရေးတင်းမာမှုတွေ ရှိခဲ့တယ်။ ဒါကိုအစိုးရဘက်က RCSS အနေနဲ့နယ်မြေကျော်ပြီး လှုပ်ရှားတာတွေ ရှိခဲ့တယ်လို့ပြောတယ်)။ ဒါကို ကာနယ်စိုင်းလကပြောတာကတော့ မဟုတ် ဘူး လို့ ငြင်းဆိုထားတယ်ပေါ့နော်။ ဒါနဲ့ပတ်သက်ပြီးတော့ အခုလက်ရှိ စစ်ရေးတင်းမာမှု အခြေအနေဘယ်လိုရှိသလဲ။ ပြီးတော့ ဥက္ကဋ္ဌကနေ
ဦးအောင်မင်းကို စာရေးပြီး (တပ်မတော်ဘက်က စစ်ရေးလှုပ်ရှားမှုတွေ လျှော့ ဖို့)ပေးပို့ထားတာ ရှိတယ်ပေါ့နော်။ ဒါနဲ့ ပတ်သက်ပြီးတော့ အစိုးရဘက်က အရေးတယူစဉ်းစားဆောင်ရွက်တာတွေ ရှိနေပြီလားခင်ဗျ။

ကျွန်တော်တို့ အပစ်ရပ်ကတည်းက နယ်မြေသတ်မှတ်ရေးက အတိအကျနေရာ သတ်မှတ်ချက်မရှိခဲ့ပါဘူး။ ကျွန်တော်တို့က ဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်မြေဒေသဆိုတာ တောင်းဆိုတာရှိတယ်။ အဲဒီအချိန်
 တု န်းကလည်း ဟိုမိန်းမြို့နယ်နဲ့ မိုင်းထမြို့နယ်နဲ့ပေါ့နော်။ အဲဒီနှစ်မြို့နယ်တောင်မှသူတို့အခုအချိန်အထိ လိုက်လျောမှု မရှိသေးပါဘူး။ ကျွန်တော်တို့ဘက်ကတော့ နယ်မြေတိတိကျကျသတ်မှတ်ဖို့ဆိုတာ အဲဒီလောက်ထိ အရေးကြီးတဲ့ကိစ္စမဟုတ်ပါဘူး။ ကျွန်တော်တို့
ရှမ်းပြည်တပ်မတော်ဆိုတာ ရှမ်းပြည်ထဲမှာပဲ လှုပ်ရှားနေထိုင်တဲ့ တပ်မတော်ဖြစ်ပါတယ်။ဘယ်သူ့နယ်မြေမှ ကျူးကျော်တဲ့ တပ်မဟုတ်ပါဘူး။ (အစိုးရ)တပ်မတော်ကအဓိက ကျပါတယ်။အပစ်အခတ်ရပ်စဲထားတယ် ဆိုတော့ ကျွန်တော်တို့ ရန်သူတွေ မဟုတ်ကြတော့ပါဘူး။
ကျွန်တော်တို့ကို သွားပြီးတော့ မတိုက်ဖို့က အဓိကပါ။ ကျွန်တော်တို့ကရန်သူတွေ မဟုတ်ကြတဲ့အလျောက်တွေ့ကြမယ်၊ ဆုံကြမယ်ဆိုရင်လည်း လက်ဆွဲနှုတ်ဆက်ကြရမှာပေါ့နော်။ အခုလို
လက်နက်နဲ့ လိုက်တိုက်ဖို့ဆိုတာမျိုး မဟုတ်ကြတော့ပါဘူး။

ကျွန်တော်တို့နဲ့ တပ်မတော်ကြားမှာ အမြင်မှားပြီးတော့ တိုက်ခိုက်မှုတွေ မဖြစ်အောင်၊ကျွန်တော်တို့ တပ်သားတွေကို အခြေချနားနေဖို့အတွက် တပ်စခန်းတွေ နေရာ ၁၆ နေရာချထားဖို့ ကျွန်တော်တို့ တောင်းဆို ထားတာရှိပါတယ်။ အဲဒီနေရာတွေမှာ ကျွန်တော်တို့ လက်နက်တွေ
ထားရှိဖို့၊ လှုပ်ရှားသွားလာဖို့ပေါ့နော်။ တောင်းဆိုထားတာရှိတယ်။

ဒါပေမဲ့ အခုအချိန်ထိတော့ အစိုးရက ကျွန်တော်တို့ကို တုံ့ပြန်မှုတော့ မရှိသေးပါဘူး။သူတို့အနေနဲ့ကလည်း တစ်ခုပြောထားတာကတော့ NCA လက်မှတ် ရေးထိုးပြီးလို့ ရှိရင်တော့ ကျွန်တော်တို့အားလုံး ဆွေးနွေး ပြီးတော့ ပြင်ဆင်သွားရမယ့် အချက်တွေပါ။ ကျွန်တော်တို့
အနေနဲ့လည်း NCA ကို မနေ့ကမှ လက်မှတ်ထိုးထားတာဖြစ်တဲ့အတွက် ချက်ချင်းကြီးတော့မဆွေးနွေးရသေးပါဘူး။ နောက်ပိုင်း၊ ကျွန်တော်တို့ ပြန်ဆွေးနွေးကြရမှာဖြစ်ပါတယ်။ ကျွန်တော်တို့
မျှော်လင့်ထားတာကတော့ အကောင်းဆုံးဖြစ်သွားမယ်လို့တော့ ယုံကြည်ထားပါတယ်။

ကာနယ်စိုင်းလက ပြောတယ်ပေါ့နော်။ NCA ထိုးကြတဲ့အထဲမှာ သဘောတူညီချက်က၃၁ ချက်လောက် ရှိတယ်ပေါ့နော်။ ဒါပေမဲ့ အဲဒီအထဲမှာ အချက်အနည်းငယ်လောက်ပဲ(သုံးချက်၊ လေးချက်လောက်ပဲ) အကောင်အ ထည်ဖော်နိုင်တာရှိတယ်။ဒီလိုအခြေအနေမျိုးမှာ ဥက္ကဋ္ဌကြီးအနေနဲ့ အစိုးရကို ဘယ်လိုအချက်အလက်တွေမှာယုံကြည်လို့များ လက်မှတ်ရေးထိုးခဲ့တာပါ လဲခင်ဗျ။

ကျွန်တော်တို့အဖွဲ့အစည်းအနေနဲ့ NCA မှာ ပါဝင်လက်မှတ်ရေးထိုးရတဲ့ အဓိက အကြောင်းကတော့အချက်နှစ်ချက်ပဲရှိပါတယ်။ အဓိက ကတော့ ကျွန်တော်တို့တပ်ဖွဲ့တွေအကြား၊ လက်နက်ကိုင်တွေအကြား၊ တပ်မတော်နဲ့ ကျွန်တော်တို့ကြားမှာ အပစ်ရပ်ထားဖို့။ တစ်ဖက်ကတစ်ဖက်ကိုသွားပြီး
ဝင်ရောက်တိုက်ခိုက်တာမျိုး မရှိတဲ့ အပစ်ရပ်ထားဖို့ ပုံစံမျိုးကိုလိုလားပါတယ်။

ဒုတိယအချက်ကတော့ နိုင်ငံရေးဆွေးနွေးပွဲတွေသွားဖို့။ နိုင်ငံရေးဆွေးနွေးပွဲဆိုတာကလည်းကျွန်တော်တို့ မျှော်လင့်ထားတာက ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ထောင်ဖို့အတွက် နိုင်ငံရေးကိုဆွေးနွေးကြဖို့မျှော်လင့်ချက် အဓိက နှစ်ချက်နဲ့ ကျွန်တော်တို့လာပြီး လက်မှတ်ရေးထိုးတာ
ဖြစ်ပါတယ်။

နောက်တစ်ချက် ထပ်ပြီးပြောရမယ်ဆိုရင်တော့ ဒီနိုင်ငံရေး တွေ့ဆုံဆွေးနွေး တဲ့ နေရာမှာလည်း၂၀၀၈ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကျွန်တော်တို့ ပြင်ဆင်ကြရမှာဖြစ်ပါတယ်။
ဘာကြောင့်လဲဆိုတော့ အကယ်၍ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ထောင်လိုတယ်ဆိုရင်တော့၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကျွန်တော်တို့က ပြင်ဆင်ရမှာ ဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဘယ်လိုအချက်အလက်တွေက တိုင်းရင်းသားတွေရဲ့အခွင့်အရေးတွေကို ကန့်သတ်တယ်လို့ ဥက္ကဋ္ဌကြီးအနေနဲ့ မြင်ပါသလဲခင်ဗျ။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘယ်အချက်တွေကိုပြင်ဆင်မယ်၊ ဘယ်လိုပြင်ဆင်မယ်ဆိုတာကတော့ ကိုယ့်အမြင်သဘောထား တစ်ခုတည်းနဲ့ မပြောချင်ဘူး။ ဘာကြောင့်လဲဆိုတော့ပြည်သူလူထုအားလုံးရဲ့ အမြင်သဘောထား ဖြစ်စေချင်လို့ပါ။

တခြားမထိုးသေးတဲ့ အဖွဲ့တွေကိုရော အစိုးရအနေနဲ့ ဘယ်လို စစ်ရေး
အာမခံချက်တွေနဲ့၊ NCA ကို လက်မှတ်ထိုးလာအောင် တိုက်တွန်းသင့်တယ်လို့
မြင်မိပါသလဲခင်ဗျ။

NCA တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်ကို ရေးဆွဲတုန်းက တိုင်းရင်းသားတွေအားလုံးပါဝင်ရေးဆွဲခဲ့ကြတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့လည်း ဒီ NCA ကို သူတို့ အားလုံးလက်ခံသဘော တူမယ်လို့ ကျွန်တော်တို့အားလုံး ယုံကြည်ထားပါတယ်။ အခုအခြေအနေမှာတော့
သူတို့အဖွဲ့အစည်း အနေအထားအရ၊ သူတို့ အဆင်သင့် မဖြစ်သေးလို့ လက်မှတ်မရေးထိုးသေးဘူးလို့ကျွန်တော် မြင်တယ်။ နောက်ပိုင်းမှာလည်း ပါဝင်ရေးထိုးလာမယ်လို့ကျွန်တော်တို့ယုံကြည်ထားပါတယ်။ ဒီနေရာမှာ အစိုးရကတော့ သဘောထားကြီးမားစွာနဲ့ ဆက်လက်ညှိနှိုင်း
သွားဖို့ လိုပါတယ်။

ကိုးကန့်ဒေသမှာ ဖြစ်နေတဲ့ တိုက်ပွဲတွေမှာ TNLA, AA, MNDAA ရှိမယ်။ ဒီအဖွဲ့တွေနဲ့ပတ်သက်ပြီးတော့မှ အစိုးရက လက်ခံဖို့ ခက်ခဲနေတဲ့ အနေအထားမှာရှိတယ်။ဒီအဖွဲ့တွေနဲ့ ပတ်သက်ပြီးတော့မှ အစိုးရက ဘယ်လိုကမ်းလှမ်းမှုတွေပြုလုပ်သင့်တယ်လို့ ထင်မြင်ပါသလဲ။

အစိုးရနဲ့ အပစ်မရပ်သေးတဲ့ ကိုးကန့်အဖွဲ့လိုမျိုး၊ TNLA ပလောင်အဖွဲ့လိုမျိုး၊ AA စတဲ့အဖွဲ့အစည်းလိုမျိုးရှိတယ်။ သူတို့အဖွဲ့တွေထဲက အနေအထားကို ကျွန်တော်တို့ကလည်းInformation ကတော့ ကျွန်တော်တို့ သိပ်မသိတော့ပြောလို့မရပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့
အမြင်မှာကတော့ လက်နက်နဲ့ ပြဿနာတွေဖြေရှင်းမယ်ဆိုရင်တော့ လက်နက်ကိုင်တဲ့လူတွေကတော့ မာနရှိကြတယ်။ လက်နက်နဲ့ ဖြေရှင်းမယ်ဆိုရင်တော့ ပြဿနာဖြေရှင်းနိုင်တော့မှာ
မဟုတ်ပါဘူး။ ကျွန်တော်တို့က တစ်တိုင်းသူ၊ တစ်ပြည်သား တည်းတွေ ဖြစ်ကြတယ်ဆိုရင်တော့နိုင်ငံရေးဆွေးနွေးပြီးတော့ ဖြေရှင်း ကြတာ အကောင်းဆုံးနည်းလို့ ကျွန်တော်မြင်ပါတယ်။

RCSS က တောင်းဆိုချက်တွေရှိတယ်။ တောင်းဆိုချက်ရှိတဲ့အထဲမှာ ၁၆ မြို့နယ်ထဲမှာအခြေစိုက်ဖို့ တောင်းဆိုတာတွေရှိတယ်။ တောင်းဆိုချက်တွေကိုရော နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပြောင်းလဲသွားဖို့ရှိလား။

ကျွန်တော်တို့ တပ်တွေ နေရာချထားဖို့၁၆ နေရာ တောင်းဆိုထားတယ် ဆိုတာ နိုင်ငံရေးနဲ့မပတ်သက်ပါဘူး။ နိုင်ငံရေးကို မဖြေရှင်းနိုင်သေးတဲ့ အချိန်၊ နိုင်ငံရေးဆွေးနွေးပွဲတွေကိုသွားတဲ့အခါမှာ တပ်တွေကို ထိန်းသိမ်းတဲ့အနေနဲ့ ခေတ္တတောင်းဆိုထားတဲ့ နေရာချထားမှု
တစ်ခုပဲဖြစ်ပါတယ်။

RCSS နဲ့ PNLO ကြားမှာလည်း ပဋိပက္ခလေးတွေရှိတယ်လို့ ကြားသိရပါတယ်။
အဲဒီ ပဋိပက္ခတွေကိုရော အခု NCA က အဲဒီလိုမျိုး ပဋိပက္ခတွေကို ဖြေ ရှင်းပေးနိုင်မယ်လို့ဥက္ကဋ္ဌ အနေနဲ့ ယုံကြည်မှုရှိပါသလား။

ကျွန်တော်တို့ PNLO ပေါ့နော်၊ အရင်တုန်းက SNPNO အဖွဲ့အနေအထားနဲ့ အစိုးရနဲ့ ငြိမ်းချမ်းရေးယူထားတဲ့ အဖွဲ့ပါ။ ၂၀၀၇ ခုနှစ်လောက် မှာဖြစ်လိမ့်မယ်။ အစိုးရနဲ့ ပြဿနာဖြစ်ပြီးတော့ နယ်စပ်ကိုရွှေ့သွားတဲ့ အချိန်မှာ ကျွန်တော်တို့က အများကြီးအထောက်အပံ့တွေ ပေးခဲ့ပါတယ်။
အခုဒီနောက်ပိုင်းမှာ သူတို့က အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး လုပ်ထားပြီးပြီဆိုတော့ သူတို့လှုပ်ရှားခဲ့တဲ့နေရာ၊ သူတို့နေခဲ့တဲ့နေ ရာတွေမှာ ပြန်ပြီးနေဖို့၊ လှုပ်ရှားဖို့ ကျွန်တော်တို့တောင်းဆိုထား တာ ဖြစ်ပါတယ်။ ဒီကြားထဲမှာလည်း PNLO နဲ့ PNO ဆိုတာ
ပအိုဝ်းအချင်းချင်းလည်း ဆွေးနွေးဖို့ လိုပါတယ်။ ကျွန်တော်တို့ အချင်းချင်းလည်းတောင်းဆိုထားပါတယ်။ ပအိုဝ်းအချင်းချင်း ဆွေးနွေးပေးဖို့ပါ။ အမှန်စင်စစ်က ပအိုဝ်းလူမျိုးတွေအနေနဲ့ သူတို့လာတာက သထုံဘက်က လာတာဖြစ်ပါတယ်။ တိုင်းပြည်အေးချမ်းပြီဆိုရင် သထုံဘက်မှာ ပြန် အခြေစိုက်နေဖို့က အဓိက ကျတာဖြစ်ပါတယ်။

Joint monitoring committee တွေ ဖွဲ့ပြီးပြီဆိုတော့ ကော်မတီတွေရဲ့ အဓိကရည်ရွယ်ချက်ကလည်းစစ်ရေးတင်းမာလာတာတွေကို စောင့်ကြည့်ဖို့အတွက်ဆိုတော့RCSS နဲ့ ကလည်း ရှေ့ရက်ပိုင်းတွေတုန်းက တိုက်ပွဲတွေ ဖြစ်ခဲ့ တာတွေရှိတယ်။စစ်ရေးအခြေအနေတွေက ဒီအတိုင်း ဆက်ရှိနေဦးမယ်ဆိုရင် RCSS အနေနဲ့ အစိုးရကိုဘယ်လိုပုံစံနဲ့ ဆက်ပြီး ဆက်ဆံသွားဖို့ရှိမလဲ။

ကျွန်တော်တို့ NCAကို လက်မှတ်ရေးထိုးတာက စာရွက်ထဲမှာပဲ သဘောတူညီချက်ရှိဖို့မဟုတ်ပါဘူး။ စာရွက်ထဲမှာ ရှိတဲ့သဘောတူညီချက် ဆိုတာ အများမြင်သာတာ တစ်ခုပါပဲ။အမှန်ဆိုရင် သဘော တူညီချက်တွေက အားလုံးရဲ့ နှလုံးသားထဲမှာ၊ ကျွန်တော်တို့ရဲ့ စိတ်ထဲမှာ
ထားရမယ့် အချက်တွေ ဖြစ်ပါတယ်။ အကယ်၍ ကျွန်တော်တို့ အဲဒီလိုထားခဲ့ကြမယ်ဆိုရင်ပြဿနာတွေဖြေရှင်းနိုင်မယ်လို့ ယုံကြည်ထားပါတယ်။ အကယ်၍ အစိုးရက ပြည်တွင်းပြည်ပထောက်ခံမှုရအောင် ဟန်ပြပဲလုပ်မယ်ဆိုရင် ဘာပြဿနာမှ ဖြေရှင်းနိုင်မှာ မဟုတ်ဘူး။ ပြဿနာတွေက
ပိုဆိုးသွားမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အစိုးရကလည်း လက်ရှိတကယ်ဖြစ်ပေါ်နေတဲ့ ပြဿနာကိုအရင်းအမြစ်တွေကို သိရမယ်။ လက်လည်း လက်ခံရမယ်။ ဒါမှလည်း နိုင်ငံရေးပြဿနာတွေကို
ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။

Committee for Shan State Unity ဆိုတဲ့ ကော်မတီထဲမှာလည် RCSS လည်းပါတယ်။ SSPP လည်းပါတယ်။ အစိုးရက SSPP ကို လိုက်တိုက်နေတာတွေကြားရတော့ ကော်မတီဝင် တစ်ဦးအနေနဲ့ အစိုးရက ဒီလိုလုပ်တာဟာဘာကြောင့်လုပ်နေတယ်လို့ ထင်သလဲ။ ဖြစ်သင့်သလား။

အမှန်ဆိုရင်တော့ တိုက်ပွဲက လုံးဝမဖြစ်သင့်ဘူးဆိုတဲ့ အမြင်သဘောထားမျိုး ကျွန်တော့်ဆီမှာရှိတယ်။ ဘာကြောင့်လဲဆိုတော့ အခုနေနေတဲ့ တပ်စခန်းနေရာတွေက SSPP အနေနဲ့နေထိုင်လာခဲ့တာ ကြာပါပြီ။ အခု လက်ရှိအခြေအနေမှာ တပ်မတော်က သူတို့ကို ဆုတ်ပေးဖို့၊
နေရာရွှေ့ပေးဖို့ သွားပြီး တိုက်တယ်ဆိုတာ လုံးဝ အဓိပ္ပာယ်မရှိတဲ့ လုပ်ရပ်လို့ မြင်ပါတယ်။အမှန်ဆိုရင် တပ်မတော်က ဒီနေရာမှာမနေရဘူး။ ဒီနေရာမှာ တပ်စွဲမထားရဘူးဆိုတာတွေကိုမသုံးနှုန်းသင့်ပါဘူး။ အမိန့်ပေးတဲ့ ပုံစံမျိုးလည်း မလုပ်သင့်ပါဘူး။ အဲဒီလိုဆက်လုပ်သွားမယ်ဆိုရင်
ပိုပြီးတော့ ပြဿနာတွေ ရှုပ်ထွေးသွားပါ့မယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောတဲ့ တပ်မတော်မူခြောက်ချက် ရှိပါတယ်။ အဲဒီထဲကမှတစ်ချက်ဖြစ်တဲ့ စစ်တပ်ကလည်း ပြည်သူတွေကို ၀န်ထုပ်ဝန်ပိုး မဖြစ်စေဖို့၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကလည်း ပြည်သူတွေကို ၀န်ထုပ်ဝန်ပိုး မဖြစ်စေဖို့၊ ဒီလိုတိုက်ပွဲတွေဖြစ်တယ်ဆိုတာကလည်း တိုက်ရိုက်ကတော့ ပြည်သူတွေကို ၀န်ထုပ်ဝန်ပိုးဖြစ်စေတာပါ။

အခုဆိုလည်း ပြည်သူတွေ စစ်ဘေးဒဏ်ကနေ တိမ်းရှောင်နေကြရတယ်။ ဒါက ပြည်သူတွေကိုထိခိုက်နစ်နာစေတဲ့ ၀န်ထုပ် ၀န်ပိုးကြီးပဲ၊ အဲဒါကြောင့်တိုက်ပွဲတွေ မဖြစ်သင့်ပါဘူး။ ကျွန်တော်တို့
အိမ်နီးချင်းနိုင်ငံတွေမှာ ပြည်သူတွေတိမ်းရှာင်ပြီးတော့ အလုပ်သွား လုပ်နေကြရတယ်။ဒါပြည်တွင်းမှာဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့်၊ ဒီဝန်ထုပ်ဝန်ပိုးတွေကြောင့် ပြည်သူလူထုတွေက
တိမ်းရှောင် နေကြရတာဖြစ်ပါတယ်။ တိုင်းရင်းသားတွေ လက်နက်စွဲကိုင်တော်လှန်ခဲ့ကြတယ်ဆိုတာက သူတို့ရဲ့ အမျိုးသားရေးကို ကာကွယ်ဖို့၊ သူတို့နေတဲ့ နယ်မြေတွေ၊အိုးအိမ်စည်းစိမ်တွေကို ကာကွယ်ဖို့အတွက် လက်နက်စွဲကိုင်တော်လှန်ခဲ့ကြတာ ဖြစ်ပါတယ်။

ကျွန်တော်တို့ တိုင်းရင်းသားလက်နက်ကိုင်တွေက တခြားနေရာတွေကို ကျူးကျော်ပြီးတိုက်တာတွေတစ်ခါမှ မရှိခဲ့ဘူး။ ဥပမာ ကျွန်တော်တို့ ရှမ်းပြည်ဆိုရင်လည်း ရှမ်းတပ်တွေက ကျူးကျော်ပြီး
ဗမာပြည်ထဲကို ၀င်တိုက်တာမျိုး တစ်ခါမှ မရှိခဲ့ပါဘူး။ တပ်မတော်က တိုက်ပွဲတွေသွားတိုက်ခိုက်နေမယ်။ ပြည်သူတွေကို ၀န်ထုပ်ဝန်ပိုး ဆက်ဖြစ်စေမယ်ဆိုရင်တော့ ပြည်တွင်းကနိုင်ငံရေးပြဿနာတွေကို ဘယ်တော့မှ ဖြေရှင်းနိုင်မှာ မဟုတ်ပါဘူး။ ရှမ်းပြည်နယ်အနေနဲ့
တပ်မတော်ရဲ့ ဖွဲ့စည်းပုံအရ စစ်တိုင်း လေးတိုင်းတောင် ထားထားတာရှိပါတယ်။ ရှမ်းပြည်ထဲမှာချထားတဲ့ တပ်အရေအတွက်တွေ များလေလေ ပြည်သူလူထုကို ၀န်ထုပ်ဝန်ပိုး ပိုဖြစ်စေပါတယ်။

တပ်အင်အားတွေကို တပ်မတော်က ဖြည့်ဆည်းတယ်ဆိုရင်လည်း အပြန်အလှန်ယုံကြည်မှုတွေမတည်ဆောက်နိုင်ဘူး။ တိုင်းရင်းသား လက်နက်ကိုင်တွေဘက်ကလည်း တပ်မတော်ကိုမယုံကြည်တဲ့ အတွက်ကြောင့် သူတို့ရဲ့ တပ်တွေပိုခိုင်မာလာ အောင် ပိုအင်အားကြီးလာအောင်တပ်တွေကို ထပ်ပြီးတည်ဆောက်ကြမှာပဲ။

အဲဒါဆို ပြဿနာတွေက အပြိုင်အဆိုင်နဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်စေပါတယ်။ ဒါကြောင့်တပ်မတော်ကလည်း တပ်အင်အားတွေပိုပြီး မစုဆောင်းဖို့၊ စစ်အင်အားတွေ ထပ်ပြီး မတိုးချဲ့ဖို့ဆိုပြီးသွားတားဆီးလို့မရဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့ ယုံကြည်ချက်က အမျိုးသားရေးကို
ကာကွယ်ဖို့ဆိုတဲ့ ယုံကြည်ချက်နဲ့ တပ်တွေကို ဖြည့်ဆည်းနေတာပါ။ အမှန်ဆိုရင် တပ်မတော်ကသဘောထားကြီးပြီးတော့ တိုင်းရင်းသားဒေသတွေက တပ်အင်းအာတွေ လျှော့ချမယ်ဆိုရင်
တိုင်းရင်းသားလက်နက်ကိုင်တွေက ဘယ်သူ့ကို သွားတိုက်ဖို့လိုမလဲ။ လက်နက်စွဲကိုင်ထားတယ်ဆိုပေမယ့် ဘယ်သူကိုမှ သွားတိုက်ခိုက်ဖို့ မဟုတ်ဘူး။

ရှမ်းပြည်မှာဆိုရင် အင်္ဂလိပ်ကိုလိုနီခေတ်က ရှမ်းပြည်မှာ ဘာလက်နက်ကိုင်တပ်မှ မရှိပါဘူး။အင်္ဂလိပ်ဆိုရင်လည်း တပ်ရင်းတစ်ရင်းပဲ ရှိတယ်။ ပြည်သူတွေကလည်း တပ်အင်အားစုပြီးတော့
အင်္ဂလိပ်တွေကို ပြန်တိုက်တာ မရှိဘူး။ ဘာကြောင့်လည်းဆိုတော့ အင်္ဂလိပ်ကိုလိုနီခေတ်ကရှမ်းပြည်ကိုလည်း ဖိနှိပ်ပြီးတော့ အုပ်ချုပ်ခဲ့တာ မရှိဘူး။ ပြည်သူတွေကလည်း တခြားအိမ်နီးချင်းနိုင်ငံတွေကို ထွက်ပြေးသွားရတယ်ဆိုတာလည်း မရှိပါဘူး။

RCSS နဲ့ SSPP နှစ်ဖွဲ့ ပူးပေါင်းဖို့ ၂၀၁၄ခုနှစ်တုန်းက ဆွေးနွေးခဲ့သေး တယ်ဆိုတာသိရပါတယ်။ အကယ်၍ SSPP သာ NCA လက်မှတ်ထိုးပြီးသွားရင် ရှမ်းတိုင်းရင်းသားလက်နက်ကိုင်နှစ်ဖွဲ့ ပူးပေါင်းသွားမယ့် အခြေအနေမျိုး ရှိလာမလား။

တိုင်းရင်းသား လက်နက်ကိုင်တွေကြားထဲမှာတော့ စည်းလုံးညီညွတ်မှုတွေ ရှိကြပါတယ်။ဘာလို့လဲဆိုတော့ NCA ကိုရေးသားတဲ့ အချိန်မှာလည်း အားလုံးစုပေါင်းပြီး ရေးသားကြတယ်။ကျွန်တော်တို့နဲ့ SSPP ကြားထဲမှာ တစ်ဖွဲ့တည်း မဖြစ်ကြသေးပေမယ့် အရင်တုန်းကသမိုင်းတွေထဲကလို အပြန်အလှန် တိုက်ခိုက်တာမျိုး မရှိဘူး။ အခုချိန်ထိလည်းကျွန်တော်တို့
ဆက်လက်ပြီးဆွေးနွေးနေ ကြပါတယ်။ ကျွန်တော်တို့ ရှမ်းပြည်ထဲမှာတင် မဟုတ်ပါဘူး။ပြည်တွင်းမှာ ငြိမ်းချမ်းရေး တည်ဆောက်မယ်ဆိုရင် တပ်မတော်အနေနဲ့ရော တိုင်းရင်းသားလက်နက်ကိုင်တွေ အနေနဲ့ရော အားလုံးက စည်းလုံးညီညွတ်မှု ရှိကြရမှာ ဖြစ်ပါတယ်။
အကယ်၍ ကျွန်တော်တို့ တိုင်းရင်းသားတွေအချင်းချင်းကြား၊ တပ်မတော်ကြားထဲမှာ ရန်သူလိုသဘောထားနေရင် တိုက်ခိုက်နေကြရဦးမယ်။ ပြည်တွင်းလည်းငြိမ်းချမ်းရေးရမှာ မဟုတ်ဘူး။

* SNLD နဲ့ RCSS ကြားမှာ အရင်ကတည်းက အဆက်အသွယ်လည်းရှိတယ်။
အခု NCA လည်း ထိုးပြီးပြီဆိုတော့ မတရားအသင်းကလည်း ပယ်ဖျက်ခံပြီးသွားတဲ့အနေအထားဖြစ်တော့ ရှေ့မြန်မာ့နိုင်ငံရေးလမ်းစဉ်မှာ ပါဝင်လာဖို့ ရှိမလား။

အဲဒါက အခန်းကဏ္ဍတစ်ခုပေါ့။ နိုင်ငံရေး ဆွေးနွေးပွဲတွေလည်း ထပ်လာဦးမှာဆိုတော့အခန်းကဏ္ဍတစ်ခု အဖြစ်ရှိမှာပါ။ အခုချိန်မှာ ချက်ချင်းလက်ငင်းလုပ်ရမှာကတော့ ပြည်တွင်းမှာ
တိုက်ပွဲတွေ လုံးဝရပ်တန့်သွားဖို့က အဓိက လုပ်ရမှာပါ။

* RCSS ရဲ့ စီးပွားရေးက ဘာများဖြစ်မလဲ။ အခု လက်မှတ်ထိုးပြီး သွားပြီဆိုတော့ဘယ်လိုစီးပွားရေး လုပ်ငန်းမျိုးတွေ လုပ်ဖို့ ရှိမလဲ။

ကျွန်တော်တို့ စီးပွားရေးနဲ့ ပတ်သက်ပြီး တော်တော်များများကို လုပ်ဆောင်ဖို့လည်း အစီအစဉ်ရှိပါတယ်။ တရားဥပဒေနဲ့ မကင်းလွတ်တဲ့ဟာတော့ မဟုတ်ပါဘူး။ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့
လုပ်ငန်းမျိုးတော့ မဟုတ်ဘူး။

* နောက်တစ်ခုက မြေမြုပ်မိုင်းကိစ္စပါ။ အဲဒါနဲ့ ပတ်သက်ပြီး ၀န်ကြီး ဦးအောင်မင်းကလည်း မြေမြှုပ်မိုင်းနဲ့ ပတ်သက်ပြီး ပူးပေါင်းဆောင်ရွက် သွားမယ်လို့ ပြောထားတာရှိပါတယ်။ မြေမြှုပ်မိုင်းရှင်းလင်းရေးနဲ့ ပတ်သက်ပြီး RCSS အနေနဲ့ အစိုးရနဲ့ဘယ်လို ပူးပေါင်းဆောင်ရွက်သွားဖို့ အစီအစဉ်ရှိမလဲ။

ပြည်တွင်းမှာ တိုက်ပွဲတွေ ရပ်တန့်နိုင်မယ်ဆိုရင် မိုင်းကို ဘယ်သူမှလည်း သုံးဖို့လိုအပ်တော့မှာမဟုတ်ဘူး။ အခုလက်ရှိအခြေအနေမှာ လည်း ပြည်ပရန် လ ည်း မရှိပါဘူး။ တပ်မတော်အနေနဲ့ကိုးကန့်ကို တိုက်တာပဲဖြစ်ဖြစ်၊ SSPP ကို တိုက်တာပဲဖြစ်ဖြစ်၊ ကျွန်တော်တို့ကို တိုက်တာပဲဖြစ်ဖြစ်
လေယာဉ်တွေ သုံးတယ်၊ မိုင်းတွေ သုံးတယ်ဆိုတာ ပြည်ပရန်မျိုး သဘောထားတဲ့အတွက်တိုက်ပွဲကြီးတာဖြစ်တယ်လို့ ကျွန်တော်တို့ မြင်တယ်။

* ဦးအောင်မင်းက တိုက်ပွဲဖြစ်တယ်၊ကြီးကြီးမားမားမဖြစ်ဘူး။ တောထဲ မှာ တွေ့လိုက်ပစ်လိုက်တာမျိုးပဲရှိတယ်။ တပ်မတော်ဘက် က ထိုးစစ်ဆင်တိုက်ခိုက်တာမျိုး မရှိဘူးလို့ပြောထားတာရှိတယ်။ အဲဒါမှန်ကန်ပါသလား။

သူတို့ ပြောတဲ့ဟာနဲ့ မြေပြင်ပေါ်မှာ ရှိနေတာတွေက ပြဒါးတစ်လမ်း သံတစ်လမ်းပေါ့ဗျာ။ တစ်ခုမှမဆိုင်ဘူး။ အကယ်၍ တိုက်ပွဲ သေးသေးလေးဆိုရင် လေယာဉ်ပျံသုံးဖို့ ဘယ်လိုမလဲ။ ဒါနိုင်ငံတော်
ဘတ်ဂျက်ကို ဘယ်လောက် ထိခိုက်စေနိုင်လဲ။ စဉ်းစားကြည့်ဖို့ လိုတယ်။ ကျွန်တော်တို့၁၂၀ မမ လက်နက်ကြီးတွေ ဘာလို့ သုံးဖို့ လိုမလဲ။ တိုက်ပွဲထဲမှာ ထိခိုက်သေဆုံးကြတဲ့တပ်မတော်သားတွေ ဘယ်လောက်ရှိလဲ။ ဒဏ်ရာရတဲ့ တပ်မတော်သားတွေ ဘယ်လောက်ရှိလဲဆိုတာ ပြည်သူတွေက မျက်မြင်သက်သေ ရှိပါတယ်။ ပြည်သူတွေကို ဆက်လိမ်လို့
မရတော့ပါဘူး။ ပြည်သူတွေကို လိမ်လို့ရတဲ့ ခေတ်လည်း မဟုတ်တော့ပါဘူး။ ဘာလို့လဲဆိုတော့သတင်းမီဒီယာတွေကလည်း အများကြီး ရှိနေကြပြီ။ စမတ်ဖုန်းတွေလည်း ရှိကြတယ်။ဖေ့စ်ဘွတ်ခ်လို ဆိုရှယ်မီဒီယာလည်း သုံးနေကြတော့ ပြည်သူတွေကို လွယ်လွယ်နဲ့ လိမ်လို့မရပါဘူး။

* ရှမ်းပြည်သူတွေကို အခုလက်မှတ်ရေးထိုးလိုက်တာကို ဘာပြောချင်သလဲ။
ဘယ်လိုအာမခံချက်မျိုးတွေရော ပေးချင်လဲ။

စောစောက ကျွန်တော်တို့ ပြောခဲ့တဲ့ အတိုင်းပါပဲ။တိုက်ပွဲတွေဖြစ်နေသေး ရင် ပြည်သူတွေကိုဝန်ထုပ်ဝန်ပိုးဖြစ်စေမယ်။ ပြည်တွင်းမှာ တိုက်ပွဲတွေ မဖြစ်အောင် ကျွန်တော်တို့ဝိုင်းဝန်းကြိုးပမ်းရမယ်။ အဲဒါကြောင့် ကျွန်တော်တို့ လက်မှတ်ရေးထိုးရခြင်းဖြစ်ပါတယ်။

မြန်မာတိုင်းမ်
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment