အောက်တိုဘာ ၁၅ ရက်က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်ကို အစိုးရနှင့် အဖွဲ့ရှစ်ဖွဲ့တို့ လက်မှတ်ထိုးပြီးနောက် စာချုပ်လဲလှယ်နေကြစဉ်။
အောက်တိုဘာ ၁၅ ရက်က နေပြည်တော်မှာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်ကို
လက်မှတ်ရေးထိုးခဲ့တဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း ရှစ်ဖွဲ့နဲ့ အစိုးရတို့ဟာ
လက်မှတ်ရေးထိုးပြီး နောက်တစ်နေ့မှာပဲ အကောင်အထည်ဖော်ဆောင်မှု ညှိနှိုင်းအစည်းအဝေးကို
စတင်ကျင်းပခဲ့ပါတယ်။
"တစ်နိုင်ငံလုံး အပစ်အခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်ရဲ့ အနှစ်သာရဟာ နှစ်ဖက်ပူးပေါင်းပြီးမှ
ဆောင်ရွက်ရတဲ့ သဘောဖြစ်ပါတယ်" လို့ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် ဥက္ကဋ္ဌ
ဦးခွန်မြင့်ထွန်းက ပြောပါတယ်။
အစည်းအဝေးကို ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း တက်ရောက် အဖွင့်စကား
ပြောကြားရာမှာ လက်မှတ်မရေးထိုးသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကို
ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်လာဖို့အတွက် ကြိုးပမ်းသွားမယ့်အကြောင်း ထည့်သွင်းပြောကြား
သွားပါတယ်။
"NCA စာချုပ် အကောင်အထည်ဖော်မှုကို ဆက်လက် အားသွန်ခွန်စိုက် လုပ်ဆောင်ရင်း
လက်မှတ် မရေးထိုးနိုင်သေးတဲ့ အဖွဲ့တွေကိုလည်းပဲ ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်လာနိုင်အောင်
ကြိုးပမ်းသွားမှာ ဖြစ်ပါတယ်" လို့ ဒေါက်တာစိုင်းမောက်ခမ်း ကပြောကြားခဲ့ပါတယ်။
အဖွဲ့အစည်းအားလုံး မပါဝင်ဘဲနဲ့ အပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးခဲ့တဲ့အတွက် တိုင်းရင်းသား
လက်နက်ကိုင်အဖွဲ့အစည်း ရှစ်ဖွဲ့ဟာလည်း ဝေဖန်မှုတွေ အပြင်းအထန်ခံခဲ့ရသလို
တစ်ဖက်ကလည်း ကြိုဆိုတဲ့သူတွေ ရှိခဲ့ပါတယ်။
ညီညွတ်ရေးကို အလေးမထားဘူးလို့ ဝေဖန်ခံခဲ့ရသလို လက်တွေ့ဖြစ်နိုင်ခြေရှိတဲ့ နည်းလမ်းကို
အရင်လုပ်ဆောင်တာလို့လည်း အစိုးရနဲ့ လက်မှတ်ရေးထိုးတဲ့ တိုင်းရင်းသား လက်နက်ကိုင်
အဖွဲ့တွေဘက်က ကာကွယ်ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်ကို လက်မှတ်ရေးထိုးပြီးတဲ့နောက်တစ်ဆင့် မှာတော့ နိုင်ငံရေး ဆွေးနွေးပွဲတွေ စတင်နိုင်ဖို့ဖြစ်ပါတယ်။
ရေးဆွဲထားတဲ့ ငြိမ်းချမ်းရေးစာချုပ်ရဲ့ သဘောသဘာဝအရ စစ်ရေးနဲ့ နိုင်ငံရေးဆိုပြီး နှစ်ပိုင်းခွဲခြား
ထားတာဖြစ်ပါတယ်။
အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအကြား စစ်ရေးကိစ္စတွေကို
ဆွေးနွေးဖို့အတွက် စစ်ရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ၊ စစ်သည်များ
လိုက်နာစောင့်ထိန်းရမယ့် ကျင့်ဝတ်၊ နယ်မြေသတ်မှတ်ခြင်း စတာတွေ လိုအပ်မှာ ဖြစ်သလို
နိုင်ငံရေး ကိစ္စတွေကို ဆွေးနွေးဖို့ အတွက်ကျတော့ နိုင်ငံရေးဆွေးနွေး ပွဲဆိုင်ရာ ပူးတွဲကော်မတီ၊
နိုင်ငံရေးဆွေးနွေးပွဲမူဘောင်နဲ့ ပူးတွဲကော်မတီရဲ့ လုပ်ငန်းလမ်းညွှန် စတာတွေ လိုအပ်မှာ
ဖြစ်ပါတယ်။
အဲဒီအကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးမှာ စစ်ရေးအတွက် အရေးပါတဲ့
အစိတ်အပိုင်းအဖြစ် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး
ကော်မတီ (Joint Monitoring Committee) နဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု
ပူးတွဲကော်မတီ (Union Peace Dialogue Joint Committee) တို့ကို ဖွဲ့စည်းခဲ့ကြပါတယ်။
ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီကို အစိုးရဘက်က
ကိုယ်စားလှယ် ရှစ်ဦးနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေဘက်က ကိုယ်စားလှယ်
ရှစ်ဦးအပြင် ဦးရေ တူညီစွာပါဝင်တဲ့ တတိယအစုအဖွဲ့အဖြစ် အများယုံကြည်လေးစားပြီး နှစ်ဖက်
လက်ခံနိုင်တဲ့သူတွေ၊ အရပ်ဘက်အဖွဲ့အစည်းများက ကိုယ်စားလှယ်တွေ ပါဝင်မှာဖြစ်ပါတယ်။
ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီကို ပြည်ထောင်စုအဆင့်၊
ပြည်နယ်အဆင့်၊ ဒေသဆိုင်ရာအဆင့်နဲ့ အောက်ခြေအဆင့် စသဖြင့် အဆင့်လေးဆင့်နဲ့
ဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်။
အောက်ခြေအဆင့်မှာတော့ နှစ်ဖက် လက်ခံနိုင်တဲ့ ပြည်တွင်း အရပ်ဘက်အဖွဲ့အစည်းတွေ၊
ဘာသာရေးခေါင်းဆောင်တွေနဲ့ ဒေသခံတွေ ပါဝင်ဖွဲ့စည်းသွားမှာဖြစ်ပြီး ကျန်တဲ့
အထက်အဆင့်တွေမှာတော့ အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းနဲ့
နှစ်ဖက်လက်ခံနိုင်တဲ့ အများယုံကြည် လေးစားပြီး၊ နှစ်ဖက်လက်ခံနိုင်တဲ့ ပုဂ္ဂိုလ်တွေ
ပါဝင်မှာဖြစ်ပါတယ်။
တတိယအင်အားစုကို အဆင့်ဆင့် ဖွဲ့စည်းရာမှာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်
အဖွဲ့အစည်းတွေ၊ နှစ်ဖက်လက်ခံနိုင်တဲ့ သူတွေနဲ့ ဖွဲ့စည်းဖို့ဖြစ်ပါတယ်။
ပြည်ထောင်စုအဆင့် ပူးတွဲကော်မတီဟာ စစ်သည်ကျင့်ဝတ်ကို ရေးဆွဲဖို့အတွက် တာဝန်ရှိသလို
အပစ်အခတ်တိုက်ခိုက်မှုတွေ ပြန်ဖြစ်လာ၊ မလာကို လေ့လာစောင့်ကြည့်ရမှာဖြစ်ပြီးတော့
ဖြစ်စဉ်တစ်ခုလုံးနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို သုံးလတစ်ကြိမ် ပြုစုပြီး နိုင်ငံတကာအသိုင်းအ၀ိုင်း၊
ပြည်သူ လူထုနဲ့ အကောင်အထည်ဖော်မှု ညှိနှိုင်းအစည်းအဝေးကို တင်ပြရမှာဖြစ်ပါတယ်။
ပူးတွဲစောင့်ကြည့်လေ့လာရေး လုပ်ငန်းစဉ်မှာ ဖြစ်စဉ်တွေကို အတည်ပြုရေးအဖွဲ့ တစ်ဖွဲ့
ဖွဲ့စည်းထားရှိမှာဖြစ်ပြီး အဲဒီအဖွဲ့ဟာ ပြည်နယ်အဆင့် စောင့်ကြည့်လေ့လာမှု
ပူးတွဲကော်မတီနဲ့အတူ ပူးပေါင်းညှိနှိုင်းပြီး အလုပ်လုပ်ရမှာဖြစ်ပါတယ်။
အဲဒီအဖွဲ့ကိုလည်း အစိုးရဘက်၊ တိုင်းရင်းသားလက်နက်ကိုင်ဘက်နဲ့ အရပ်ဘက်
အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းမှာ ဖြစ်ပါတယ်။
ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီကိုတော့ ဒုတိယသမ္မတ
ဒေါက်တာစိုင်းမောက်ခမ်းက ဦးဆောင်မှာ ဖြစ်ပြီး ဒုဥက္ကဋ္ဌ သုံးဦး၊ အတွင်းရေးမှူး သုံးဦးနဲ့
အဖွဲ့ဝင်များ ပါဝင်ကြမှာ ဖြစ်ပါတယ်။
ဒုဥက္ကဋ္ဌ သုံးဦးအနက် အစိုးရဘက်က တစ်ဦး၊ တိုင်းရင်းသားတွေဘက်က တစ်ဦးနဲ့ နိုင်ငံရေး
ပါတီတွေဘက်က တစ်ဦး ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲ ရှိနေတဲ့အတွက်ကြောင့် နိုင်ငံရေးပါတီအတွက် နေရာကို ချန်လှပ်ထားတာဖြစ်ပြီး
ရွေးကောက်ပွဲအပြီး နိုဝင်ဘာ ၁၅ ရက်နောက်ပိုင်းမှာ ပြန်ခေါ်မယ့် ဒုတိယအကြိမ်
အကောင်အထည်ဖော်မှုဆိုင်ရာ ပူးပေါင်းညှိနှိုင်းမှု အစည်းအဝေးမှာ နိုင်ငံရေးပါတီ ကိုယ်စားပြု
ဒုတိယဥက္ကဋ္ဌ တစ်နေရာကို ပါတီတွေဘက်က အဆိုပြု ရွေးချယ်ရမှာ ဖြစ်ပါတယ်။
"ရွေးကောက်ပွဲအပြီးမှာ ကျွန်တော်တို့ နှစ်ဖက်စလုံးကပဲဖြစ်စေ၊ အစိုးရကပဲဖြစ်စေ နိုင်ငံရေး
ပါတီအားလုံးနဲ့ တွေ့ဆုံပြီးတော့ ရှင်းပြပြီးတော့မှ သူတို့ဘက်ကနေ ကိုယ်စားလှယ် ရွေးနိုင်ဖို့
ကိစ္စတွေ ကျွန်တော်တို့ ဆောင်ရွက်မှာ ဖြစ်ပါတယ်"လို့ မြန်မာ့ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး
လုပ်ငန်း ဗဟိုဌာနမှ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ဦးအောင်နိုင်ဦးက ပြောပါတယ်။
ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးမှု ပူးတွဲ ကော်မတီမှာ အစိုးရဘက်က ၁၆ ဦး၊ တိုင်းရင်းသား
လက်နက်ကိုင် အဖွဲ့အစည်းတွေဘက်က ၁၆ ဦး၊ စုစုပေါင်း ၃၂ ဦးအထိ ဖွဲ့စည်းထားပြီး
ဖြစ်ပါတယ်။
ကျန်တဲ့ ပူးတွဲ ကော်မတီအဖွဲ့ဝင် ၁၆ နေရာကိုတော့ နိုင်ငံရေးပါတီတွေအတွက် ချန်ထားတာ
ဖြစ်ပါတယ်။
"ဒုတိယဥက္ကဋ္ဌ သုံးဦး - ၀န်ကြီးဦးအောင် မင်း၊ ပဒိုကွယ်ထူးဝင်း၊ (နိုင်ငံရေးပါတီ တစ်ဦး)
ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အတွင်းရေးမှူးကတော့ အစိုးရဘက်က ဦးလှမောင်ရွှေက
ဆောင်ရွက်မှာဖြစ်ပြီး တိုင်းရင်းသားတွေဘက်က ကျွန်တော် ဆောင်ရွက်မှာ ဖြစ်ပါတယ်" လို့
ချင်းအမျိုးသား တပ်ဦးရဲ့ အဓိပတိကောင်စီဝင် ဒေါက်တာဆလိုင်းလျံမှုန်းက ပြောပါတယ်။
ဒါ့ပြင် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီနဲ့ ပြည်ထောင်စု
ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီတွေရဲ့ ဖွဲ့စည်းပုံကို ကျန်တဲ့ ငြိမ်းချမ်းရေးစာချုပ်ကို
လက်မှတ်မရေးထိုး ရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေအတွက်
တံခါးဖွင့်ထားမှာ ဖြစ်တယ်လို့ တိုင်းရင်းသားတွေဘက်က ပြောပါတယ်။
မြန်မာတိုင်းမ်
Home / ငြိမ်းချမ်းရေး /
သတင်း
/ နိုင်ငံရေးဆွေးနွေးပွဲများအတွက် စစ်ရေးနှင့် နိုင်ငံရေးဆိုင်ရာ ပူးတွဲကော်မတီများ စတင်ဖွဲ့စည်း
- Blogger Comment
- Facebook Comment
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment