ပါတီသုံးခု အဓိကယှဉ်ပြိုင်ရမည့် ရခိုင်ပြည်နယ်
လက်ရှိ အစိုးရသက်တမ်း ကုန်ဆုံးခါနီးအချိန်အထိ မဖြေရှင်း နိုင်သေးသည့် အဓိကပြဿနာများထဲတွင် ရခိုင်ပြည်နယ်အရေးသည် ထိပ်ဆုံးမှ ပါဝင်နေသည်။ ၂၀၁၂ ရခိုင်ပဋိပက္ခမှအစချီ၍ နိုင်ငံအနှံ့ ဖြစ်ပွား ခဲ့သော လူမျိုးရေး၊ ဘာသာရေးအသွင်ဆောင်သည့် ပဋိပက္ခ များအကြား အာဏာရအစိုးရ ထက် အတိုက်အခံအမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်သည် ပို၍ဝေဖန်တိုက်ခိုက်ခံခဲ့ရသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင် အရေး၌ ပြတ်သားစွာ ၀င်ရောက် ပြောဆိုမှုမရှိဟု ရခိုင်တိုင်းရင်းသားများအပါအ၀င် ပြည်သူများ ၏ ဝေဖန်မှုများလည်း ကျယ်ပြန့်စွာထွက်ပေါ်ခဲ့သည်။
ရခိုင်မှစ၍ နိုင်ငံအနှံ့ဖြစ်ပွားခဲ့သော ပဋိပက္ခများတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် လူမျိုးရေး၊ ဘာသာရေးအသုံးချဝေဖန် တိုက်ခိုက်မှုများကို တောက်လျှောက်ခံ ခဲ့ရသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် ဒီချုပ်အနိုင်ရရှိပါက ဘာသာခြား၊ လူမျိုးခြားများ လွှမ်းမိုးမည်ဟု ဆိုကာ မဲမပေးရန် ၀ါဒဖြန့်တိုက်ခိုက်မှုများလည်း ခံခဲ့ရသည်။ အဆိုပါတိုက်ခိုက်မှု များသည် ရွေးကောက် ပွဲအကြို မဲဆွယ်စည်းရုံးရေးကာလတွင် ပိုမိုပြင်းထန်လာခဲ့သည်။
အထက်ပါအခြေအနေများကြောင့် ရွေးကောက်ပွဲမတိုင်မီ ၂၃ ရက်အလိုတွင် သွားရောက်ခဲ့သော ဒေါ်အောင်ဆန်း စုကြည်၏ ရခိုင် ပြည်နယ်ခရီးစဉ်ကို ပြည်တွင်းသာမက နိုင်ငံတကာ ကပါ အထူးစိတ်ဝင်တစားစောင့်ကြည့်ခဲ့ကြသည်။ ရခိုင်ပြည်နယ်တောင် ပိုင်း သို့ သုံးရက်ကြာသွားရောက် ခဲ့သော မဲဆွယ်စည်းရုံးရေးခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် လူထုထောက်ခံမှု များစွာရရှိခဲ့သည်။
၁၃ နှစ်အတွင်း ပထမဆုံးအကြိမ် ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်ပြည်နယ်စည်းရုံးရေးခရီးစဉ်ကြောင့် လာမည့် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ ဒီချုပ်အနေဖြင့် အာဏာရပြည်ခိုင်ဖြိုး ပါတီ၊ ဒေသတွင်းအင်အားကြီး ရခိုင်အမျိုးသားပါတီ ANP တို့ကို ကျော်ဖြတ်၍ အနိုင်ရရှိမည်လားဆိုသည်မှာ စိတ်ဝင်စားဖွယ်ကောင်းနေသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်ပြည်နယ်တောင်ပိုင်းခရီးစဉ်
၂၀၀၂ ခုနှစ်နောက်ပိုင်း ၁၃ နှစ်အကြာမှ တစ်ကျော့ပြန်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်၏ ရခိုင်ခရီးစဉ်သည် အစောပိုင်းကလုံခြုံရေးအရ စိုးရိမ်ပူပန်မှုများရှိခဲ့သော်လည်း သုံးရက်ကြာခရီးစဉ် မှာ အောင်မြင်စွာပြီးဆုံးခဲ့ သည်။ ဒေါ်အောင်ဆန်း စုကြည်က တောင်ကုတ်၊ သံတွဲ၊ ကျိန္တလီနှင့် ဂွမြို့များတွင် အဓိကဟောပြောခဲ့ပြီး ဒေသခံပြည်သူများ၏ ထောက်ခံမှုရရှိခဲ့သည်။ ထို့အပြင် ယာဉ်တန်းသွားရောက် ရာလမ်းတစ်လျှောက်တွင် ဒေသခံပြည်သူထောင်နှင့် ချီကြိုဆိုနှုတ်ဆက်ခဲ့ကြကာ မူလအစီအစဉ်မရှိ ဘဲ မော်တော်ယာဉ်ထက်မှ ဟောပြောမှုအချို့ကိုလည်း ပြုလုပ်ခဲ့ရသည်။
မူလကပင် အနီရောင်ဒေသဟု တင်စားခြင်းခံရသော ရခိုင်ပြည်နယ်တောင်ပိုင်းမြို့နယ်များ သည် ဒေါ်အောင်ဆန်းစုကြည်အပေါ် အများစုကယုံကြည်ထောက်ခံနေဆဲ ဖြစ်သည်ကို မြင်တွေ့ခဲ့ရသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်အတွင်း သံတွဲ၊ တောင်ကုတ်၊ကျိန္တလီနှင့် ဂွမြို့နယ်များမှ ဒေသခံ ၃၀ ဦးကို 7Day News က မေးမြန်းခဲ့ရာ ၂၂ ဦးက ၎င်းကို ယုံကြည် ထောက်ခံကြောင်းပြောခဲ့ပြီး သုံးဦးက ANP ကိုသာ မဲပေးမည်ဟုဆိုကာ သုံးဦးက ဒီချုပ်၊ ANP နှင့် ပြည်ခိုင်ဖြိုးပါတီတို့ အကြိတ်အနယ်ယှဉ်ပြိုင်ရ ဖွယ်ရှိကြောင်း မှတ်ချက်ပြုခဲ့သည်။ ဒေသခံနှစ်ဦးကမူ မည်သည့်ပါတီအား မဲပေးရမည်ဟု ဆုံးဖြတ်ထားခြင်းမရှိသေးကြောင်း ဖြေကြားခဲ့သည်။
‘‘ဒီချုပ်ကို ထောက်ခံတယ်ဆိုတာ ပြသလိုက်တဲ့ပွဲပဲ။ တောင်ကုတ်မှာ ဖမ်းဆီးတဲ့အချိန်တုန်းက တောင်ကြို တာ၊ ထောက်ခံတာ ရှိခဲ့တာ။ အခုလည်း ထောက်ခံယုံကြည်နေဆဲပါပဲ’’ဟု တောင်ကုတ်မြို့မှ အသက် (၄၃) နှစ်အရွယ် ဦး ခင်မောင်မြင့်က ယခင်စစ်အစိုးရ လက်ထက် ဖိနှိပ်ခံနေရသည့် အချိန်ကာ လနှင့် နှိုင်းယှဉ်၍ လူထုခေါင်းဆောင်အပေါ် ထောက်ခံ အားပေးမှုကို မှတ်ချက်ပြုသည်။
ရခိုင်ပြည်နယ်ခရီးစဉ်နှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဂွမြို့ဟောပြောပွဲ တွင် အောက်ပါအတိုင်း ထည့်သွင်းပြောကြားခဲ့သည်။
‘‘အစမှာ ပြောချင်တာက ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။ ဂွမြို့သူ၊ မြို့သားများဟာ အင်မတန်မှ နွေးနွေးထွေးထွေး တက်တက်ကြွကြွနဲ့ ကြိုဆိုတာကြောင့် ကျွန်မတို့ရခိုင်ပြည်နယ်ရဲ့ ခရီးစဉ်ဟာ အောင်မြင်ပါတယ်လို့ ကျွန်မတို့အနေနဲ့ မြင်ပါတယ်’’
လူမျိုးရေး၊ ဘာသာရေးဝါဒဖြန့်မှုများနှင့် ရခိုင်ခရီးစဉ်
ရခိုင်ခရီးစဉ်အတွင်း ဒေသခံများက လူမျိုးရေး၊ ဘာသာရေးနှင့် ပတ်သက်၍ မေးမြန်းမှုများအပေါ် ရခိုင်သာမက တစ်နိုင်ငံလုံးတွင် ယင်းကဲ့သို့ မေးမြန်းမှုများရှိခဲ့ပြီး အဖွဲ့အစည်းတစ်ခုက တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စနစ်တကျဝါဒဖြန့်ချိရေး လုပ်နေသည်ဟု ထင်မြင်ကြောင်း တောင်ကုတ်မြို့၌ ပြောကြား ခဲ့သည်။
ရခိုင်ခရီးစဉ်တွင် ဒေသခံပြည်သူများက ဒေါ်အောင်ဆန်းစုကြည်အား မေးခွန်း ၂၃ ခုမေးမြန်းခဲ့ရာ လူမျိုးရေး၊ ဘာသာရေးနှင့် ပတ်သက်သော မေးခွန်းစုစုပေါင်း ကိုးခုဖြင့် အများဆုံးမေးမြန်းခဲ့သည်။ သံတွဲဟောပြောပွဲတွင် လူမျိုးရေး၊ဘာသာရေးနှင့် ပတ်သက်၍ မေးမြန်းပြီးသည့် မေးခွန်းများကို ထပ်မံ၍ မမေးမြန်းရန် ဒေါ်အောင်ဆန်းစုကြည်က သတိပေးပြောကြားမှုများပင် ရှိခဲ့သည်။ ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်ပြင်ပလူထုဟောပြောပွဲများတွင် ပြောလေ့ပြော ထမရှိသည့် လူမျိုးရေး၊ ဘာသာရေးနှင့် ပတ်သက်၍ မေးခွန်းများအပေါ် သီးခြားမှတ်ချက်စကားပြောကြားခဲ့ သည်ကိုလည်း မြင်တွေ့ရသည်။
ရခိုင်ပြည်နယ်ခရီးစဉ် နောက်ဆုံးဟောပြောပွဲအဖြစ် ဂွမြို့၌ ဟောပြောခဲ့ရာတွင်လည်း ‘‘တိုက်ပေးတဲ့ ကိစ္စတွေဟာ ရခိုင်ပြည်နယ်ကနေ စပြီးတော့ ဖြစ်လာတာဟာ ကျွန်မတို့ နိုင်ငံတစ်နိုင်ငံလုံး နေ ရာတော်တော်များများမှာ ရှိပါတယ်။ အဲဒါကို နိုင်ငံရေးလက်နက်အနေနဲ့ သုံးပြီးတော့ တိုက်ခိုက်ပါတယ်။ ကျွန်မတို့ကလည်း ဒီထဲမှာ ဘာမှဝင်ပါခဲ့တာလည်း မဟုတ်ဘူး။ ဘာမှကျွန်မတို့နဲ့ သက်ဆိုင်တာလည်း မဟုတ်ဘူး။ အစိမ်းသက်သက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရွေးကောက်ပွဲ မှာ နိုင်မှာ ကြောက်လို့ ဒီလိုဥပဒေနဲ့မကိုက်ညီတဲ့ စည်းရုံးရေးတွေလုပ်နေတဲ့ ပုဂ္ဂိုလ်တွေ၊ အဖွဲ့အစည်းတွေကို ယုံကြည်စရာရှိလို့ လားလို့ ကျွန်မက ပြန်မေးချင်ပါတယ်’’ဟု ပြည်သူလူထုအား ထည့်သွင်းပြောကြားခဲ့သည်။
ရခိုင်ပြည်နယ်တောင်ပိုင်း ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစု ကြည်သည် ထောက်ခံမှုများစွာရရှိ ခဲ့သော်လည်း ၎င်းအပေါ် ရခိုင်တိုင်းရင်းသားအချို့က စောင့်ကြည့်နေ ဆဲအနေအထားဖြစ်သည်ကိုလည်း မြင်တွေ့ရသည်။
‘‘ရခိုင်တွေအနေနဲ့ အဓိကသံသယရှိတဲ့တစ်ချက်က ဘင်္ဂါလီလို့ပြောပြော၊ အစ္စလာမ်ဘာသာဝင်လို့ ပဲပြောပြော ဒီပြဿနာဟာ တစ်စုံတစ်ရာအန္တရာယ်ရှိတယ်ဆိုတာကို လက်ခံရမယ်။ ဒီကိစ္စကို ဘယ်လိုဖြေရှင်း မလဲဆိုတာကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခု အထိတိတိကျကျပြောဆိုတာမရှိသေးဘူး’’ဟု စစ်တွေမြို့မိမြို့ဖအဖွဲ့ဝင် ဦးသန်းထွန်းကမှတ်ချက်ပြုခဲ့သည်။
‘‘ဘယ်လိုဖြေရှင်းမလဲဆိုတဲ့ တိကျတဲ့မူဝါဒတစ်ခုကို ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အခုအချိန် မှာ ပြည်သူကို ချပြသင့်ပြီ။ ဒါဆိုရင် မြန်မာတစ်နိုင်ငံလုံးက သူ့အပေါ်ထားတဲ့ သံသယတချို့ ပြေပျောက် သွားပြီး လမ်းကြောင်း ပိုကောင်းသွားလိမ့်မယ်’’ဟု ၎င်းကဆိုသည်။
ထို့အပြင် သံတွဲဒေသခံ အသက် (၂၃) နှစ်အရွယ် ကိုစည်သူလွင်က ဒေါ်အောင်ဆန်းစုကြည်အပေါ် ၎င်း၏အမြင်ကို အောက်ပါ အတိုင်းပြောသည်။
‘‘ဒေါ်စုတက်လာရင် ရာနှုန်းပြည့်ဒီမိုကရေစီရလာမယ်ထင်တယ်။ လူ့အခွင့်အရေးရရှိစေချင်တယ်။ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေ မဖြစ်စေချင်ဘူး’’
ရခိုင်ပြည်နယ်ရွေးကောက်ပွဲများနှင့် ဒီချုပ်
ဒီချုပ်အနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အနိုင်ရရှိခဲ့သော ၁၉၉၀ ရွေးကောက်ပွဲတွင်လည်း ရခိုင်ပြည်နယ်တောင် ပိုင်းဒေသ၌ အောင်ပွဲခံခဲ့သည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ ဒီချုပ်၊ ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ALD)၊ တစညအပါအ၀င် နိုင်ငံရေးပါတီ စုစုပေါင်း (၁၀) ပါတီဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ မဲဆန္ဒနယ် ၂၆ နေရာအနက် ALD က ၁၁ နေရာအနိုင်ရရှိခဲ့ပြီး ဒီချုပ်က ကိုးနေရာတွင် အောင်ပွဲခံခဲ့သည်။ ဒီချုပ်သည် သံတွဲ၊ တောင်ကုတ်၊ ဂွ၊ ကျောက်ဖြူ စသည့်မြို့နယ်တို့ ပါဝင်သည့် တောင်ပိုင်းဒေသတွင် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။
ဒီချုပ်ပါဝင်ခြင်းမပြုသည့် ၂၀၁၀ ရွေးကောက်ပွဲတွင်မူ ဒေသတွင်းအင်အားကြီး ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP)က အများစုအောင်ပွဲခံခဲ့သည်။ စုစုပေါင်းမဲဆန္ဒနယ် ၆၄ နေရာအနက် ၃၄ နေရာတွင် RNDP က အနိုင်ရရှိခဲ့သည်။ ရာခိုင်နှုန်းအားဖြင့်ဆိုပါ က RNDP က ၅၃ ရာခိုင်နှုန်းအနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။
နိုဝင်ဘာရွေးကောက်ပွဲနှင့်ဒီချုပ်အလားအလာ
ရွေးကောက်ပွဲတွင် ဒီချုပ်အ နေဖြင့် ရခိုင်ပြည်နယ်၌ ANP၊အာဏာရပြည်ခိုင်ဖြိုးပါတီတို့နှင့် အဓိကယှဉ်ပြိုင်ရဖွယ်ရှိနေသည်။ ရခိုင်ပြည်နယ်ရှိ မဲဆန္ဒနယ် ၆၄ နေရာအနက် ဒီချုပ်က တိုင်းရင်းသားရေးရာတစ်နေရာအပါအ၀င် နေရာ ၆၀ ၌ ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ် သည်။ ပြည်ခိုင်ဖြိုးပါတီက ၆၄ နေရာစလုံးဝင်ရောက်ယှဉ်ပြိုင်မည်။ ၉၀ ရွေးကောက်ပွဲတွင် အရှိန်အ၀ါကြီးခဲ့သော ALD နှင့် ၂၀၁၀ ရွေးကောက်ပွဲတွင် အောင်ပွဲခံခဲ့သည့် RNDPတို့ ပေါင်းစည်းထားသည့် ရခိုင်အမျိုးသားပါတီက ၆၂ နေရာ ယှဉ်ပြိုင်မည် ဖြစ်သည်။
ရခိုင်ပြည်နယ်တွင် ဒီချုပ်အနေဖြင့် ထောက်ခံမှုရှိနေဆဲဖြစ်သော်လည်း ရခိုင်အမျိုးသားပါတီ အပေါ် ဒေသ အရေးအတွက် ယုံကြည်နေသူများလည်း များစွာရှိကြောင်း ဒေသခံအချို့ က ဒေါ် အောင်ဆန်း စုကြည်၏ ခရီးစဉ်အတွင်း 7Day News အား ပြောကြားသည်။
‘‘ဒေါ်စုက လူ့အခွင့်အရေးကို ပိုပြီးအရေးပေးမယ်ထင်တယ်။ ဒါပေမဲ့ ရခိုင်မှာ လူ့အခွင့်အရေးထက် အမျိုးသားရေးက ပိုအရေးကြီးနေတယ်’’ဟု အသက် (၄၁) နှစ်အရွယ် ဂွမြို့နယ်ဒေသခံ ဦးထွန်း ထွန်းဝင်းက ၎င်း၏အမြင်ကို ပြောကြားသည်။
နိုဝင်ဘာ ၈ ရက်တွင် ရခိုင်ပြည်နယ်၌ ဒေါ်အောင်ဆန်းစုကြည်၏ ခရီးစဉ်ကြောင့် ပိုမိုအားကောင်းလာသော ဒီချုပ်၊ ဒေသတွင်းအင်အားကြီး ANP၊ အရှိန်အဟုန်ပြင်းပြင်းဖြင့် ခြေကုပ်ယူထားသော ပြည်ခိုင်ဖြိုး အပါအ၀င် နိုင်ငံရေးပါတီ ၁၆ ပါတီ၊ တစ်သီးပုဂ္ဂလ ၄၈ ဦး၊ စုစုပေါင်းကိုယ်စားလှယ် ၃၅၄ ဦးတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကြတော့မည်ဖြစ်သည်။
ဖြေရှင်းစရာ ပြဿနာများ ကျန်ရှိနေသေးသော ရခိုင်ပြည်နယ်တွင် ဒေသခံများက မည်သူ့ကို ယုံကြည်၍ မိမိတို့၏ အဖိုးတန်မဲများပုံအပ်မည်မှာ ရက်အနည်းငယ်အတွင်း အဖြေပေါ်မည်ဖြစ်သည်။ ဒေါ်အောင်ဆန်း စုကြည်နှင့် ဒီချုပ်အနေဖြင့် ANP၊ အာဏာရ ပါတီတို့ကို ကျော်ဖြတ်၍ အနိုင်ယူနိုင်မည်လားဆိုသည်ကို သိရှိရန် ရက်ပေါင်း ၁၈ ရက်သာလိုပါတော့သည်။
7Day Daily
0 comments:
Post a Comment