မိုင်းရှူး မြို့လယ်တွင် ဗုံးပေါက်ကွဲမှုကြောင့် လေးဦး ဒဏ်ရာရ
ဗုံးကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့သူ တစ်ဦးအား တွေ့ရစဉ်
ရှမ်းပြည်နယ် မိုင်းရှူး မြို့လယ်ခေါင်ရှိ ရပ်ကွက် ၄ ရှိ ရှမ်းစာပေ ယဉ်ကျေးမှုရုံး အဆောက်အအုံ အနီးအနား တွင် အောက်တိုဘာ ၂၁ ရက် ညနေ ၄ နာရီတွင် ဗုံးတစ်လုံး ပေါက်ကွဲမှုကြောင့် လေးဦး ဒဏ်ရာရပြီး မိုင်းရှူးဆေးရုံသို့ ပို့ဆောင်ထားရကြောင်း သတင်းရရှိသည်။
“အသံဗုံးလို့ ပြောရမလား။ လူလေးဦး ထိခိုက်ပြီး ဆေးရုံပို့ထားတယ်။ အသက် ၇၈ နှစ်အရွယ် အဘွား တစ်ဦး လန့်ပြီးတော့ အရေးပေါ်ခန်း ပို့ထားရတယ်” ဟု SNLD ပါတီ မိုင်းရှူး လွှတ်တော်ကိုယ်စား လှယ်လောင်း ဦးစိုင်းထွန်းအေးက ပြောကြားသည်။
ထိုသို့ ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိထားသူ လေးဦးတွင် အသက် ၁၂ နှစ်အရွယ် မိန်းကလေးမှာ လည်ပင်းနှင့် ပါးတွင် ထိမှန်ထားခြင်း ဖြစ်ပြီး ကိုရင်နှစ်ပါးမှာ နေရာအနှံ့ ထိခိုက်ထားကာ အဘွားအို တစ်ဦးမှာ ကျောနှင့် ဗိုက်တို့တွင် ထိထားကြောင်း မိုင်းရှူး ဒေသခံ နန်းဆိုင်ဟိန်းက ဆိုသည်။
“ညနေ ၄ နာရီက ကွဲတယ်။ ရှမ်းစာပေ ယဉ်ကျေးမှုရုံးနားမှာ ဖြစ်တာ။ ထောင်မိုင်းလို့ ယူဆရတယ် ။ လေးဦး ဆေးရုံ ပို့ရတယ်။ အဘွား တစ်ယောက်က အသက်ကြီးလို့ အထိတ်တလန့် ဖြစ်တယ်။ အသက်ရှူ ကျပ်တယ်လို့ ပြောတယ်။ ကောင်မလေး တစ်ယောက်ကတော့ ဒဏ်ရာတွေများပြီး အရေးပေါ် ဖြစ်နေတယ်။ ကိုရင် နှစ်ပါးကတော့ ခြေတွေ လက်တွေနဲ့ ခေါင်းမှာ ထိကုန်တယ်” ဟု မိုင်းရှူးမြို့နယ် SNLD ပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်း နန်းကော်ခမ်း ပြောကြားသည်။
မိုင်းရှူး မြို့နယ်သည် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်တွင် လက်မှတ်ရေးထိုးထားခြင်း မရှိသည့် ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP /SSA) နှင့် တပ်မတော်တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေသည့် ဒေသတစ်ခုဖြစ်သည်။
“မြို့ပေါ်မှာကွဲတယ်။ ထိခိုက်နှစ်ဦး (မစိုးရိမ်ရလို့) သိရတယ်။ မြို့ပေါ်မှာပဲ ဖြစ်တယ်။ SSA ၀မ်ဟိုင်းနဲ့ တိုက်ပွဲတွေ ဖြစ်နေတော့ သူတို့နဲ့လည်း ပတ်သက်မယ်လို့ ခန့်မှန်းတယ်။ ဗုံးကို တပ်မတော်ဘက်က စစ်ဆေးနေတယ်။ အမှုဖြစ်စဉ် ဆက်လက်စုံစမ်း ဖော်ထုတ်သွားမှာ ဖြစ်တယ်” ဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး စန်းလွင်က ပြောကြားသည်။
Eleven Media Group
0 comments:
Post a Comment