အမေရိကန်ရေတပ်က တောင်တရုတ်ပင်လယ်အတွင်း တရုတ်အစိုးရက ဆောက်လုပ်ထားတဲ့ လူလုပ်ကျွန်း ၂ ခုကနေ ရေမိုင် ၁၂ မိုင်အကွာ နေရာကို စစ်သင်္ဘောတစီး အောက်တိုဘာ ၂၇ ရက် ဒီနေ့မှာ စေလွှတ် လိုက်တယ်လို့ အမေရိကန် ကာကွယ်ရေး အရာရှိက ပြောပါတယ်။
အမေရိကန် ဖျက်သင်္ဘော ယူအက်စ်အက်စ် လက်ဆင်(USS Lassen)ဟာ ပိုင်နက်အငြင်းပွား စပရတ်တလေ ကျွန်းစုတွေထဲက ဆူဘီနဲ့ မစ်ချဲ့ဖ် သန္တာကျောက်တန်း တွေရှိရာနေရာကို သွားပြီး ကင်းလှည့်ခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။
တရုတ်က တောင်တရုတ်ပင်လယ်တခုလုံးနီးပါးကို ပိုင်တယ်လို့ အခိုင်အမာ ပြောထားတာပါ။
နှစ်စဉ် အမေရိကန်ဒေါ်လာ ငါးထရီလီယံဖိုး သင်္ဘောသုံး ကုန်သွယ်ရေး လမ်းကြောင်းရှိရာ ပင်လယ်ပြင် ပိုင်နက်အတွက် ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မလေးရှား၊ တိုင်ဝမ်နဲ့ ဘရူနိုင်းနိုင်ငံတွေနဲ့ တရုတ်တို့ကြားပိုင်နက် အငြင်းပွားနေပါတယ်။
စက်တင်ဘာနှောင်းပိုင်းက တရုတ်သမ္မတရဲ့ အမေရိကန် အလည်အပတ်ခရီးစဉ်အတွင်း အမေရိကန် သမ္မတ အိုဘားမားက ကျွန်းတွေအရေးကို စိုးရိမ်တယ်လို့ တရုတ်သမ္မတကို ပြောခဲ့ပါတယ်။
တရုတ်ကတော့ ကျွန်းတွေကို စစ်ရေးသုံးဖို့ ရည်ရွယ်ချက် မရှိခဲ့ဘူးလို့ ပြောပါတယ်။ အမေရိကန် အကဲခတ်တွေနဲ့ အရာရှိတွေကတော့ တရုတ်ဟာ စစ်ရေး ပံ့ပိုးမှု အင်္ဂါရပ်တွေကို စပြီး ဖန်တီးခဲ့ပြီးပြီးလို့ ပြောပါတယ်။
အငြင်းပွား တောင်တရုတ်ပင်လယ် ရေပိုင်နက်ကို အာရှရဲ့ အန္တရာယ်အကြီးဆုံး နေရာအဖြစ် လူအများအပြားက ရှုမြင်ကြပါတယ်။
တရုတ်နိုင်ငံခြားရေး ဝန်ကြီး ဝမ်ရိကတော့ အမေရိကန်ကို ပြဿ နာမရှိ ပြဿ နာရှာတာ မလုပ်ဖို့ တိုက်တွန်း လိုက်ပါတယ်။
အောက်တိုဘာ ၂၆ ရက်နေ့က မြို့တော် ပီကင်းမှာ တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယား ၃ ပွင့်ဆိုင် အစည်းအဝေးကို တက်ရောက်နေရင်း ခုလို တုံ့ပြန်ခဲ့တာပါ။တရုတ်အစိုးရဟာ အစီရင်ခံစာတွေကို သုံးသပ်နေဆဲ ဖြစ်တယ်။အမေရိကန်ဟာ အလောသုံးဆယ် မလှုပ်ရှားဘဲ မခုန်ခင် ဂရုစိုက် ကြည့်ဖို့ နဲ့
ပြဿ နာမရှိ ပြဿ နာရှာတာ မလုပ်ဖို့ တရုတ်က အကြံပြုတယ်လို့လည်း ဝမ်ရိက တုံ့ပြန် ပြောဆိုခဲ့ပါတယ်။
DVB

0 comments:
Post a Comment