15.9.2015
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးရာတွင် နိုင်ငံရေးပါတီများ အားလုံး အသိသက်သေအဖြစ် ပါဝင်ရန် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို အဆိုပြုထားကြောင်း
ပြည်ထောင်စုငြိမ်းချမ်း ရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ဒုတိယဥက္ကဋ္ဌ ဦးအောင်မင်းက
ပြောကြားသည်။
စက်တင်ဘာလ ၁၄ ရက်နေ့ မြန်မာငြိမ်းချမ်းရေးစင်တာတွင် ပြုလုပ်သော UPWC နှင့် နိုင်ငံရေးပါတီများ တွေ့ဆုံပွဲတွင် ၎င်းက ယင်းသို့ ပြောဆိုခြင်း ဖြစ်သည်။တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရာတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် စုစုပေါင်း ၁၀ ဦး ပါဝင်ရန် တိုင်းရင်းသားလက်နက်ကိုင်များက တောင်းဆိုထားပြီး အစိုးရဘက်က နိုင်ငံရေးပါတီများ အားလုံး ပါဝင်လက်မှတ်ထိုးရန် အဆိုပြုထားကြောင်း ၎င်းက ရှင်းပြသည်။
“သူတို့က အသိသက်သေအဖြစ် ပါဝင်စေချင်တဲ့ လူတွေကို ပြောတော့၊ ကျွန်တော်က ခင်ဗျားတို့က
တောင်းတော့ ကျွန်တော်လည်း တောင်းမယ်ဗျာလို့၊ နိုင်ငံရေးပါတီတွေ အားလုံး ပါဝင်ရမယ်လို့ ပြောထားတယ်” ဟု ၎င်းက ဆိုသည်။ထို့အပြင် NCA တွင် အသိသက်သေအဖြစ် ပါဝင်လက်မှတ်ရေးထိုးရမည့်
လွှတ်တော် ဥက္ကဋ္ဌ တစ်ဦးမှာ ယင်းသို့ လက်မှတ်ထိုးနိုင်ရန် လွှတ်တော်ကိုယ်စားလှယ် အားလုံး သဘောတူညီချက် ရရှိမှသာ လက်မှတ်ရေးထိုးနိုင်မည်ဟု အကြောင်းပြန်ကြားလာကြောင်း ၎င်းက ဆိုသည်။
“အခုလွှတ်တော်ဘက်က ဘာဖြစ်လဲဆိုတော့ လွှတ်တော်ဥက္ကဋ္ဌ ဆိုတာဟာ ၆၆၄ ယောက်ရဲ့ သဘောတူညီချက်ရနဲ့ ဥက္ကဋ္ဌ ဖြစ်လာတာပါ၊ သူ့တစ်ယောက်တည်းနဲ့ လွှတ်တော်ဥက္ကဋ္ဌ မဟုတ်ပါဘူး။ အားလုံးရဲ့ သဘောတူညီချက်ရမှ ဆိုတာမျိုး ဖြစ်နေတယ်” ဟု ၎င်းက ထပ်လောင်းပြောကြားသည်။
သို့သော်လည်း ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်း လွှတ်တော်ဥက္ကဋ္ဌသည် လက်မှတ်မထိုးရဟု ပြဋ္ဌာန်း
ထားခြင်း မရှိသောကြောင့် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များ NCA လက်မှတ်ရေး ထိုးရာတွင် အသိသက်သေအဖြစ် ပါဝင်လက်မှတ်ရေးထိုးရန် တိုက်တွန်းထားကြောင်း ဦးအောင်မင်းက ဆိုသည်။
အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များ အကြား တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးရာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီမှ ဒေါ်အောင်ဆန်းစုကြည်၊ ရှမ်းတိုင်းရင်းသားများ ဒီမို
ကရေစီအဖွဲ့ချုပ် (SNLD) ပါတီ ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးတို့ အပါအဝင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP)၊ ဖက်ဒရယ် ပြည်ထောင်စုပါတီ (FUP)၊ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ် (UNA)၊ ဖက်ဒရယ် ဒီမိုကရေစီမဟာမိတ် (FDA) တို့မှ ကိုယ်စားလှယ်စုစုပေါင်း ၁၀ ဦးက ပြည်တွင်းအသိသက်သေများ အဖြစ် လက်မှတ်ရေးထိုးရန် တိုင်းရင်းသားလက်နက်ကိုင်များက တောင်းဆိုထားသည်။
ထို့အပြင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ်တွင် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်း
ထိစပ်နေသော တရုတ်၊ အိန္ဒိယ၊ ထိုင်း စသော အိမ်နီးချင်း နိုင်ငံ သုံးနိုင်ငံက ပါဝင်လက်မှတ်ထိုးရေး
အတွက် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ (SD) တို့
နှစ်ဖက်သဘောတူညီထားသည်။
The Voice Weekly
0 comments:
Post a Comment