တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖျင်၏ ပထမဆုံး အမေရိကန်ပြည်ထောင်စုသို့
နိုင်ငံအဆင့် ခရီးစဉ် စတင် ပြီဖြစ်ကြောင်း တရုတ်အစိုးရက သတင်းထုတ်ပြန်ပြီး
ခရီးစဉ် မစတင်မီ Wall Street Journal နှင့် အီးမေးလ်ဖြင့် မေးမြန်းခန်းတွင်
ရှီကျင့်ဖျင်က နှစ်နိုင်ငံ ဆက်ဆံရေးသည် အချိန်နှင့် ကန့်သတ်မှုများ ထက်
ကျော်လွန်သည့် ဆက်ဆံရေး ဖြစ်သည်ဟု ထုတ်ဖော်ပြောဆိုလိုက်ကြောင်း Xinhua
သတင်းဌာနက ရေးသားဖော်ပြသည်။
အမေရိကန်ပြည်ထောင်စုသို့ ပထမဆုံး နိုင်ငံတော်ခရီးစဉ်တွင် သမ္မတရှီကျင့်ဖျင် အနေနှင့် ဆီယက်တယ်မြို့သို့ ပထမဦးစွာ ရောက်ရှိပြီး ယင်းမြို့တွင် စီးပွားရေးနှင့် နည်းပညာဆိုင်ရာ ကိစ္စများနှင့် စပ်လျဉ်း၍ သုံးရက်ခန့် ဆွေးနွေးမှုများ ပြုလုပ်မည် ဖြစ်သည်။ထို့နောက် ဝါရှင်တန်မြို့သို့ သွားရောက်ပြီး အမေရိကန်သမ္မတ အိုဘားမားနှင့် တွေ့ဆုံမည် ဖြစ်သည်ဟု တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံရာတွင် ဆိုက်ဘာလုံခြုံရေး ကိစ္စကို အလေးထား ဆွေးနွေးဖွယ်ရှိကြောင်း၊ လတ်တလော နှစ်နိုင်ငံ ဆက်ဆံရေးတွင် အမေရိကန်အစိုးရကို တရုတ်ဟက်ကာများ၏ သူလျှိုလုပ်မှုများက မပြေမလည်မှုများ ဖန်တီးနေ၍ ဖြစ်ကြောင်း အမေရိကန် အစိုးရအရာရှိကြီးများက ပြောကြားသည်။
သမ္မတရှီကျင့်ဖျင်က လွန်ခဲ့သည့် နှစ်ပေါင်း ၃၀၊ ၁၉၈၅ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု အိုင်အိုဝါသို့ စိုက်ပျိုးရေး နည်းပညာဆိုင်ရာ လေ့လာရေးအဖွဲ့ကို ဦးဆောင်ကာ သွားရောက်ခဲ့ဖူးကြောင်း၊ ယင်းခရီးစဉ်သည် ၎င်းအတွက် ပထမဆုံး အမေရိကန်ခရီးစဉ် ဖြစ်ခဲ့ကာ ယခုတစ်ကြိမ်တွင်မူ သမ္မတအိုဘားမား၏ ဖိတ်ကြားချက်အရ သွားရောက်ခြင်း ဖြစ်ကြောင်း Wall Street Journal နှင့် အင်တာဗျူးတွင် ပြောကြားသည်။ထို့နောက်ပိုင်း အချိန်ကာလများတွင် အမေရိကန်ပြည်ထောင်စုရှိ မိတ်ဆွေအပေါင်းအသင်းများ၏ ခေါ်ယူဧည့်ခံမှုဖြင့် အကြိမ်များစွာ သွားရောက်ခဲ့ဖူးသည်ဟုလည်း ၎င်းက ဆိုသည်။
“ကျွန်တော့်ရဲ့ ကိုယ်တွေ့အတွေ့အကြုံအရ တရုတ်နဲ့ အမေရိကန်ပြည်သူတွေဟာ အင်မတန် ခင်မင်ရင်းနှီးကြတဲ့ စိတ်နေသဘောထား ရှိတယ်ဆိုတာ ပြောနိုင်ပါတယ်” ဟု သမ္မတရှီကျင့်ဖျင်က အမေရိကန်ပြည်ထောင်စုသို့ မထွက်ခွာမီ ပြောကြားသည်။အမေရိကန်အရာရှိကြီးများ စွပ်စွဲပြောဆိုထားသည့် တရုတ်အစိုးရ ထောက်ပံ့ပေးထားသော ဟက်ကာများက အမေရိကန်အစိုးရ၏ သတင်းအချက်အလက်များ ခိုးယူလျက်ရှိသည် ဟူသော အချက်ကို သမ္မတရှီကျင့်ဖျင်က ငြင်းဆိုသည်။
အဆိုပါ ဆိုက်ဘာကိစ္စနှင့် ပတ်သက်၍ အမေရိကန်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်သွားရန် အသင့်ရှိသည်ဟု ၎င်းက ပြောကြားသည်။
အမေရိကန်အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် ဆူဇန်ရိုက်စ်က တရုတ်ကျောထောက်နောက်ခံ ဟက်ကာများသည် နှစ်နိုင်ငံအကြား ရေရှည်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများကို ပျက်ယွင်းအောင် လုပ်ဆောင်လျက် ရှိသည်ဟု ရှီကျင့်ဖျင်၏ ခရီးစဉ် မစတင်မီ ပြောကြားသည်။
The Voice Weekly

0 comments:
Post a Comment