ပြည်ပထောက်ခံမှု အတွက် NCA မဖြစ်စေလိုကြောင်း ဒု ဗိုလ်ချုပ်ကြီး ယွက်ဆစ် ပြော


ယနေ့ ထိုင်းနိုင်ငံ မြောက်ပိုင်းတနေရာ၌ ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် တွေ့ရသည့် ဒု ဗိုလ်ချုပ်ကြီး ယွက်ဆစ် (ဓာတ်ပုံ – ငြိမ်းဇော် / ဧရာဝတီ)

အစိုးရ အနေဖြင့် တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး စာချုပ်(NCA) လက်မှတ်ရေးထိုးခြင်း သည် ပြည်ပနိုင်ငံများ၏ မျက်နှာသာပေးမှု ရရှိရေးအတွက် ရေးထိုးခြင်းမျိုး မဖြစ်စေလိုကြောင်း ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ် မတော် (RCSS/SSA) ဥက္ကဋ္ဌ ဒု ဗိုလ်ချုပ်ကြီး ယွက်ဆစ် က ပြောသည်။

NCA လက်မှတ်ရေးထိုးရေးနှင့်ပတ်သက်၍ ထိုင်းနိုင်ငံမြောက်ပိုင်း တနေရာ၌ အောက်တိုဘာလ ၈ ရက်တွင် ပြုလုပ်သည့် သတင်း စာ ရှင်းလင်းပွဲ၌ ဒု ဗိုလ်ချုပ်ကြီး ယွက်ဆစ်က အထက်ပါအတိုင်း ပြော ဆိုခြင်းဖြစ်သည်။

ထို့အတူ NCA လက်မှတ်ရေးထိုးခြင်းသည် ရွေးကောက်ပွဲအနိုင်ရရေးအတွက် ရေးထိုးမှုမျိုးမဖြစ်စေလိုသည့် အပြင် ရွေးကောက်ပွဲပြီး ပါက NCA အပေါ် အလေးထားမှု နည်းပါးသွားမည်ကိုလည်း စိုးရိမ်ကြောင်း RCSS/SSA က ဆိုသည်။

ဒု ဗိုလ်ချုပ်ကြီး ယွက်ဆစ်က“အနာဂတ် နိုင်ငံရေးမှာ အပြောင်းအလဲတခုဖြစ်လာလိမ့်မယ်လို့ ယုံကြည်တဲ့အတွက် NCA ကို လက်မှတ် ထိုးဖို့ ကျနော်တို့ ဆုံးဖြတ်ရခြင်း ဖြစ်ပါတယ်၊ နောက်တခုက NCA လက်မှတ် ထိုးပြီးတဲ့ အခါမှာ ကျနော်တို့ တပ်ဖွဲ့ဝင်တွေကို လိုက် လံ ရှာဖွေ တိုက်ခိုက်မှုမျိုး မလုပ်အောင်လည်း တောင်းဆိုပါတယ်”ဟု ပြောဆိုသည်။

RCSS/SSA အဖွဲ့သည် တခြားသော တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့နှင့်အတူ NCA ကို အောက်တို ဘာ ၁၅ ရက်၌ လက်မှတ် ထိုးမည် ဖြစ်သည်ဟုလည်း ဆိုသည်။

ရှမ်းပြည်နယ်အတွင်း၌ လက်ရှိ ဖြစ်ပွားနေသော တိုက်ပွဲအခြေအနေများကြောင့် NCA လက်မှတ်ရေးထိုး မည့် ကိစ္စကို RCSS/SSA ဗဟို အဖွဲ့ အနေဖြင့် အချိန်ယူ ဆွေးနွေးခဲ့ပြီးမှသာ လက်မှတ်ထိုးရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်ဟု ဒု ဗိုလ်ချုပ်ကြီး ယွက်ဆစ်က သတင်းထောက်များကို ရှင်းပြသည်။

NCA လက်မှတ်ရေးထိုးရခြင်းသည် နိုင်ငံရေး ပြဿနာများအား နိုင်ငံရေးအရ ဖြေရှင်း၍ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ဖော် ဆောင်ရေး အတွက်ဖြစ်ကြောင်း၊ ပင်လုံစာချုပ်ကြီး ရှိခဲ့သော်လည်း ချိုးဖောက်ခံခဲ့ရကြောင်း၊ ထို့ကြောင့် RCSS/SSA အနေဖြင့် အဘက် ဘက်က စဉ်းစားပြီးမှသာ လက်မှတ်ထိုးရန်ဆုံးဖြတ်ခဲ့ကြောင်းလည်း ဆိုသည်။

RCSS/SSA နှင့် အစိုးရတို့အကြား ငြိမ်းချမ်းရေး သဘောတူမှု လက်မှတ်ရေးထိုးထားသည်မှာ နှစ် ၂၀ ကျော်ပြီ ဖြစ်သော်လည်း တိုက်ပွဲများ အကြိမ်ကြိမ်ဖြစ်ပေါ်နေ၍ လက်ရှိ NCA အပေါ်တွင်လည်း မည်မျှ အာမခံချက် ရှိမည်ဆိုသည်ကို စောင့်ကြည့်ရမည်ဟု RCSS က ဆိုသည်။

နှစ်ဖက် အကြား မပြေလည်မှုများ ဖြစ်ပေါ်လာပါက ညှိနှိုင်းအဖြေရှာရေးကို ဦးစားပေး ဆောင်ရွက်သွား မည်ဖြစ်ကာ ဆက်ဆံရေး ရုံးများ တိုးချဲ့ဖွင့်လှစ်နိုင်ရန် အစိုးရထံ တင်ပြတောင်းဆိုသွားမည်ဖြစ်ပြီး NCA လက်မှတ်ထိုးပြီးပါကလည်း နိုင်ငံရေးအရ အမြတ် မထုတ် ရန် တောင်းဆိုသွားမည်ဟု သိရသည်။

ဒု ဗိုလ်ချုပ်ကြီး ယွက်ဆစ်က“နိုင်ငံရေး အမြတ်ထုတ်တယ်ဆိုတာက ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး ဆိုတဲ့မူကို အစိုးရ ဘက်က မလိုက်နာမှာကို ကျနော်တို့ စိုးရိမ်တယ်၊ ၂၀၀၈ ဖွဲ့စည်းပုံကိုလည်းပဲ ကျနော်တို့ လက်နက်ကိုင် အဖွဲ့တွေကရော ပြည်သူ တွေကပါ လက်မခံပါဘူး၊ အဲဒါကြောင့် အားလုံးသဘောတူညီချက်တွေနဲ့အတူ ပြုပြင်ဖို့အတွက်ပါ တောင်းဆိုပါတယ်”ဟု ပြောဆို သည်။

ထို့အတူ NCA ပါ ကတိက၀တ်များသည် လက်နက်ကိုင် အဖွဲ့များအတွက်သာ မဟုတ်ဘဲ အစိုးရ တပ်မတော် အတွက်ပါဖြစ်ကြောင်း၊ NCA ထိုးပြီးပါက တိုင်းရင်းသားအဖွဲ့များအနေဖြင့် လက်နက် စွန့်လွှတ်ရမည်ဟု တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ နိုင်ငံတကာ အဖွဲ့များနှင့်တွေ့ဆုံစဉ် ပြောဆိုမှုသည် NCA နှင့် မသက်ဆိုင်ကြောင်းလည်း RCSS/SSA ခေါင်းဆောင်က ဆိုသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အနေဖြင့် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းရေး ကဏ္ဍတွင် လက်နက် ဖြုတ်သိမ်းရေး၊ စစ်မှုထမ်းအဖြစ်မှ နုတ်ထွက်ခွင့်ပြုခြင်းနှင့် အရပ်သားများအဖြစ် ပြန်လည်ပေါင်း စည်းရေး ဆိုသည့် DDR (Disarmament၊ Demobilization၊ Reintegration) လုပ်ငန်းစဉ်များကို လက်ခံကြရန် အရေးကြီးသည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ် သံတမန်တချို့နှင့် ၂၀၁၅ ခုနှစ် ဇွန်လက တွေ့ဆုံစဉ် ပြောဆိုခဲ့သည်။

လက်နက်ကိုင်အဖွဲ့များနှင့် အစိုးရတို့အကြား NCA ရေးထိုးပြီးပါက တပ်မတော်ကလိုလားသည့် DDR နှင့် တိုင်းရင်းသား လက်နက် ကိုင်များ လိုလားသည့် Security Sector Reform (SSR) တို့အား အသေးစိတ် ထပ်မံဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကမူ ပြည်နယ်စောင့်တပ်အဖြစ်နှင့် ပြန်လည်ပေါင်းစည်းရေး ပါဝင်သည့် လုံခြုံရေးကဏ္ဍ ပြုပြင် ပြောင်းလဲရေး SSR အပေါ် အခြေခံထားခြင်း ဖြစ်ကြောင်း တိုင်းရင်းသား အဖွဲ့များ က ပြောသည်။

ဒု ဗိုလ်ချုပ်ကြီး ယွက်ဆစ်က“NCA ထိုးပြီးလို့ လက်နက်ကိုင်အဖွဲ့တွေအားလုံး လက်နက်ဖြုတ်သိမ်းရမယ် ဆိုရင် တပ်မတော်ပါ ဖြုတ်သိမ်း ရမှာပေါ့၊ ဘာကြောင့်လည်းဆိုတော့ ကျနော်တို့ ဆွေးနွေး သဘောတူရမယ့် DDR ၊ SSR ဆိုတာက နှစ်ဘက်စလုံးနဲ့ သက် ဆိုင် လို့ပါ”ဟု ပြောဆိုသည်။

အောက်တိုဘာလ ၁၅ ရက်တွင် လက်မှတ်မထိုးဘဲ ကျန်သည့် အဖွဲ့များကလည်း ပါဝင်လာရန် အားလုံးက ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ထို့အတူ တဖက်တွင် ငြိမ်းချမ်းရေး ယူထားပြီး တခြားတဖက်အား တိုက်ခိုက်မှုများ ပြုလုပ်ခြင်းကို ကန့်ကွက်ကြောင်း၊ အစိုးရအနေဖြင့် သဘောထားကြီးကြီးထား၍ အားလုံး ပါဝင်လာနိုင်ရေးကို ဆောင်ရွက်သင့်ကြောင်းလည်း RCSS/SSA အဖွဲ့က ဆိုသည်။


ဧရာဝတီ
Share on Google Plus

About Sai Htee Kham

    Blogger Comment
    Facebook Comment

0 comments:

Post a Comment