NCA လက်မှတ်ရေးထိုးခြင်းအတွက် ဥရောပနှင့် အနောက်နိုင်ငံများ က ဒေါ်လာသန်း ၂၀ ရန်ပုံငွေ တည်ထောင်ပေးမည်ဟု သိရ
15.10.2015
တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး စာချုပ် (NCA) လက်မှတ်ရေးထိုးပြီး သည့်အခါ ငြိမ်းချမ်းရေးလုပ်ငန်းများ အရှိန်မြှင့် ဆက်လက်ဆောင်ရွက်နိုင်ရန် ပူးပေါင်း ငြိမ်းချမ်းရေး ရန်ပုံငွေ (JPF) ကို အနောက်တိုင်း အစိုးရများက တည်ထောင်မည်ဖြစ်ကြောင်း သတင်းရရှိသည်။ ရန်ပုံငွေတွင် ပါဝင်ထည့်ဝင်မည့် နိုင်ငံနှင့် ပမာဏကို အပြီးသတ် မသတ်မှတ်ရသေးသော် လည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအပေါ် ယုံကြည်မှု ပြသသည့် အရေးပါသော ဆောင်ရွက်မှုအဖြစ် ၂ နှစ်စာအတွက် ဒေါ်လာ သန်း ၃၀ ခန့် ရှိမည်ဟု ဆိုသည် ။
JPF ကို ဥရောပသမဂ္ဂ ၊ ယူကေ နှင့် သြစတြေးလျ တို့က ဦးဆောင် တည်ထောင်ခဲ့ခြင်းဖြစ်သည် ။ ရန်ပုံငွေ ထူထောင်သည့် လုပ်ငန်းစဉ်တွင် အမေရိကန်နိုင်ငံ ပါဝင်ပြီး ရန်ပုံငွေ ထည့်သင်ဖွယ်ရှိသည်ဟု ဆိုသည် ။ မြန်မာနိုင်ငံအတွက် အကြီးဆုံး အလှူရှင်ဖြစ်သော ဂျပန်နိုင်ငံ JPF တွင် ပါဝင်ခြင်းရှိမရှိ မသိရသေးဘဲ တရုတ်နိုင်ငံမှာ မု ပါဝင်ဖွယ် မရှိ ဟု ဆိုသည် ။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဖြစ် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့များ ၂ နှစ်ကြာ ဆွေးနွေးညှိနှိုင်းခဲ့ပြီးနောက် အောက်တိုဘာ ၁၅ ၌ လက်မှတ်ရေးထိုးမည့် NCA ၌ တိုင်းရင်းသားတပ်ဖွဲ့ ၈ ဖွဲ့သာ ပါဝင်မည်ဖြစ်သော်လည်း JPF သည် နိုင်ငံတကာ၏ ထောက်ခံမှု ကို ပြသသော နိုင်ငံရေးအရ အရေးပါသည့် အမှတ်လက္ခဏာဖြစ်မည်ဟု သံတမန်များနှင့် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့များက ပြောကြားသည်။
သို့သော် JPF မှာ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ တတ်နိုင်သမျှ အများဆုံး ပါဝင်နိုင်ရန် ဥပဒေရေးရာ အတားအဆီးနှင့် ကြုံတွေ့နိုင်သည် ။ နေပြည်တော်တွင် အစိုးရနှင့် NCA လက်မှတ် ထိုးမည့်အဖွဲ့များကို မတရားအသင်း ကြေညာထားခြင်းမှ ပယ်ဖျက်မည်ဖြစ်သော်လည်း ကျန်အဖွဲ့များကို ပယ်ဖျက်မည် မဟုတ်သဖြင့် နိုင်ငံ၏အင်အား အကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အချို့ အပါအ၀င် ကျန်အဖွဲ့များမှာ ဥပဒေအရ တရားမ၀င်အဖွဲ့များအဖြစ် ဆက်လက် တည်ရှိနေပြီး ထိုအဖွဲ့များနှင့် ဆက်သွယ်ဆောင်ရွက်ခြင်းကလည်း တရားမ၀င် လုပ်ဆောင်မှု ဖြစ်သည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအား ပိုမိုခိုင်မာစွာ ထောက်ပံ့နိုင်မည့် စနစ်တစ်ခု ဖော်ဆောင်ရေးအတွက် ဥရောပသမဂ္ဂ ၊ ယူကေ နှင့် သြစတြေးလျ တို့ ခေါင်းဆောင်သော အလှူရှင်အဖွဲ့က ရန်ပုံငွေအသုံးပြုမည့် လုပ်ငန်းပုံစံကို ချမှတ်နေသည်ဟု ဆိုသည် ။ မြန်မာအစိုးရ ၊ တိုင်းရင်းသား တပ်ဖွဲ့များ ၊ အရပ်ဘက် အဖွဲ့အစည်းများနှင့် ဆွေးနွေးကာ ယခုလုပ်ငန်းစဉ်ကို ဖော်ဆောင် ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
JPF ကို ၂၀၁၅ နှစ်ကုန်တွင် တည်ထောင်ရန်ရှိပြီး ၂၀၁၆ နှစ်လယ်တွင် အပြည့်အ၀ အသုံးပြုနိုင်မည် ဖြစ်သည်။ NCA နှင့်ပတ်သက်၍ လက်ရှိသဘောထား ကွဲလွဲနေသည့် တိုင်းရင်းသား တပ်ဖွဲ့များကြား ကွဲပြားမှုများ ထပ်မံပေါ်ပေါက်ရန် JPF ကို အလျင်စလို အသုံးမပြုမိစေသင့်ဟု အချို့ မြန်မာနိုင်ငံရေး လေ့လာသူများက ပြောကြားသည် ။
The Ladies News Journal
0 comments:
Post a Comment