NCA လက်မှတ်ထိုးအဖွဲ့များနှင့် မထိုးသေးသည့်အဖွဲ့များ ညှိနှိုင်းရေး EAOs ညီလာခံထပ်လုပ်မည်



7.10.2015

 တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ် NCA ကို လက်မှတ်ရေးထိုးမည့်အဖွဲ့နှင့် မထိုးမည့် အဖွဲ့များ
အကြား ညှိနှိုင်းနိုင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ (EAOs) ညီလာခံကို ထပ်မံပြုလုပ်မည်ဟု ချင်းအမျိုးသားတပ်ဦး CNF အထွေအထွေအတွင်းရေးမှူး ပူးဇင်ကျုံးက အောက်တိုဘာ
၆ ရက်တွင် မဇ္ဈိမကို ပြောသည်။

"ဘယ်နေ့လုပ်မယ်အသေအချာတော့ မပြောနိုင်သေးပါဘူး။ မထိုးနိုင်တဲ့အဖွဲ့တွေနဲ့ ညှိနှိုင်းပြီးမှ သေချာ
သိမယ်။ အမြန်ဆုံးတော့လုပ်မှာ။ ချင်းမိုင်လိုပဲ လုပ်ဖြစ်မယ်။ EAOs အဖွဲ့အားလုံးပါမှာပါ။" ဟု ၎င်းက
ဆိုသည်။

လက်မှတ်ထိုးရန်ကို အားလုံးက ဆန္ဒရှိနေသော်လည်း ကချင်ပြည်နယ်နှင့် ရှမ်းမြောက်၌ ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ယုံကြည်မှုတည်ဆောက်ရန် လိုအပ်သေးသည်ဟု ယူဆသည့်အဖွဲ့ရှိသကဲ့သို့၊ စာချုပ်ကိစ္စအား ပါတီတွေနှင့် တပ်အတွင်း၌ အချိန်ယူရှင်းပြနိုင်ရန် အချိန်လိုသည့် အဖွဲ့အစည်းများလည်း
ရှိနေသေးသည်ဟု ပြောသည်။

အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၇ဖွဲ့တို့က အောက်တိုဘာ ၁၅ ရက်တွင် နေပြည်တော်ရှိ
အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ ၂ ၌ NCA ကို လက်မှတ်ရေးထိုးရန် သဘောတူထားပြီးဖြစ်သည်။

NCA ချုပ်ဆိုမည့် ရက်သတ်မှတ်နိုင်ရေး အစည်းအဝေးကို အောက်တိုဘာလ ၄ ရက်က ရန်ကုန်မြို့ ရွှေလီ
လမ်းရှိ MPC ၌ ပြုလုပ်ခဲ့ပြီး သဘောတူညီချက်ရရှိခဲ့ခြင်း ဖြစ်သည်။

ယင်းအစည်းအဝေးတွင် အစိုးရက ငြိမ်းချမ်းရေး လက်မှတ်ထိုးရန် ကမ်းလှမ်းထားသည့် တိုင်းရင်းသားလက်နက်ကိုင် ၁၅ ဖွဲ့မှ လက်မှတ်ထိုးမည့်အဖွဲ့ ၇ ဖွဲ့အပြင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) မှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့သည်။

ပူးဇင်ကျုံးကမူ "RCSS က လက်မှတ်ထိုးမယ်လို့ အတည်ပြုပြောထားတာတော့ မရှိပါဘူး။ အစည်းဝေးကိုလာတက်တာပဲ။ ထိုးမထိုးကသူတို့ကိုယ်တိုင်ဆုံးဖြတ်တဲ့အပေါ်ပဲ မူတည်ပါတယ်။" ဟု ပြောသည်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးတပ်မတော် RCSS/SSA သို့ မဇ္ဈိမက ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဖုန်းကိုင်ဖြေကြားမည့်သူမရှိပါ။

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ဒုဥက္ကဋ္ဌ ဦးမျိုးဝင်းကလည်း အချိန်
လုံလောက်မှုမရှိခြင်း၊ အပစ်အခတ်လျော့ချရန်လိုအပ်ခြင်း၊ အားလုံးပါဝင်ရေးစသည့် အချက်များအပေါ်အခြေခံပြီး တိုင်းရင်းလက်နက်ကိုင်အဖွဲ့အချို့မှာ NCA စာချုပ် လက်မှတ်ရေးထိုးရန် ကျန်ရှိနေသည်ဟု မဇ္ဈိမကို
 ပြောထားသည်။

အစိုးရကဖိတ်ကြားထားသည့် ၁၅ ဖွဲ့တွင်ပါဝင်သော အိန္ဒိယအစိုးရနှင့် ပဋိပက္ခဖြစ်နေသော နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN-K သည်လည်း လက်မှတ်ထိုးရာတွင် ပါဝင်ခြင်းမရှိပေ။

နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ NSCN-K ခန္တီး ဆက်ဆံရေးတာဝန်ခံ ဗိုလ်ဇူလိုင်ဒေါ့က
 "ကျွန်တော်ပြောနိုင်တာကတော့ အချိန်အခက်အခဲကြောင့် လက်မှတ်မထိုးနိုင်သေးဘူး။ ကျန်တဲ့အကြောင်းအရာကိုတော့ မသိပါဘူး။ အဲဒါကိုလည်း ဗဟိုကလူကြီးတွေက ဆွေးနွေးတာတွေ ရှိပါတယ်။ ဆုံးဖြတ်ရမယ့်
အပိုင်းတွေကိုတော့ လူကြီးတွေပဲ ပြောနိုင်ပါမယ်။" ဟု မဇ္ဈိမအား ဖြေဆိုသည်။

သမ္မတဦးသိန်းစိန်ကမူ NCA လက်မှတ်ရေးထိုးရန် အဆင်သင့်ဖြစ်နေသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ နှင့် လက်မှတ်ရေးထိုးပြီး ဆက်လက်အကောင်အထည်ဖော်သွားမည်ဟု ၎င်း၏ အောက်တိုဘာလ မိန့်ခွန်းအတွင်း ထည့်သွင်းပြောဆိုသွားသည်။

လက်မှတ်ရေးထိုးရန် အဆင်သင့်မဖြစ်သေးသည့် အဖွဲ့များကိုလည်း ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်လာနိုင်ရန် လမ်းကြောင်းဖွင့်၊ တံခါးဖွင့်ပြင်ဆင်ထားမည်ဟုလည်း အသိပေးပြောကြားသွားသည်။

လက်မှတ်ရေးထိုးမည့် အဖွဲ့ ၇ ဖွဲ့မှာ ကရင် အမျိုးသားအစည်းအရုံး(KNU) ၊ ကရင်ငြိမ်းချမ်းရေး ကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြု ကရင်အမျိုးသားတပ်မတော် (DKBA)၊ ပအို့ဝ်အမျိုးသား
လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ချင်း အမျိုးသားတပ်ဦး (CNF)၊ ရခိုင်လွတ်မြောက်ရေးပါတီ (ALP)နှင့်
 ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) တို့ ဖြစ်သည်။

Mizzima - News in Burmese
Share on Google Plus

About Sai Htee Kham

    Blogger Comment
    Facebook Comment

0 comments:

Post a Comment