ဆယ်စုနှစ် တစ်ခုကျော် ကာလအတွင်း အကြီးကျယ်ဆုံး စစ်ရေးလေ့ကျင့်မှုကို NATO တပ်ဖွဲ့ စတင်


NATO စစ်မဟာမိတ် အဖွဲ့သည် ဆယ်စုနှစ် တစ်ခုကျော် ကာလအတွင်း အကြီးကျယ်ဆုံး စစ်ရေးလေ့ကျင့်မှု တစ်ခုကို စတင် လုပ်ဆောင်နေကြောင်း သတင်းရရှိသည်။နိုင်ငံပေါင်း ၃၀ ကျော်မှ စစ်သည် ၃၆၀၀၀ ကျော်၊ ရေတပ်သားများ၊ လေတပ်သားများ စုပေါင်းပါဝင်သည့် စစ်ရေးလေ့ကျင့်မှုသည် အသစ်ပေါ်ပေါက်လာသည့် ခြိမ်းခြောက်မှုများကို တုံ့ပြန်ရာတွင် မဟာမိတ် တပ်ဖွဲ့၏ စွမ်းဆောင် ရည်ကို မြှင့်တင်နိုင်ရန် ရည်ရွယ်ကြောင်း NATOက ကြေညာသည်။

အောက်တိုဘာ ၁၉ ရက်က စတင်သည့် Trident Juncture စစ်ရေးလေ့ကျင့်မှု အစီအစဉ်တွင် NATO လက်ထောက် အထွေထွေ အတွင်းရေးမှူး အလက်ဇန္ဒား ဗာ့ရှ်ဘိုးက “NATOဟာ စစ်ရေး အရ ပေါင်းစပ် နည်းပညာတွေ၊ ဝါဒဖြန့် ထိုးနှက်မှုတွေ အားလုံးကို တုံ့ပြန် စိန်ခေါ်နိုင်စွမ်း ရှိနေပါတယ်”ဟု ထည့်သွင်း ပြောကြားခဲ့သည်။

Trident Juncture စစ်ရေးလေ့ကျင့်မှုသည် အီတလီနိုင်ငံ၊ ဆစ္စလီကျွန်းရှိ ထရာပါနီတွင် အစပြုပြီး စပိန်နှင့် ပေါ်တူဂီ နိုင်ငံများတွင်ပါ ဖြန့်ကျက်သွားမည် ဖြစ်သည်။ ကြည်းတပ်အပြင် လေယာဉ် အစီး ၁၄၀ ကျော်နှင့် သင်္ဘော ၆၀ ကျော် ပါဝင်မည့် စစ်ရေးလေ့ကျင့်မှုတွင် အမေရိကန် ပြည်ထောင်စုက ဥရောပ မဟာမိတ်များအတွက် လိုအပ်သော စစ်ရေး အသုံးအဆောင် ပစ္စည်းများ အားဖြည့် ငှားရမ်းပေးသွားမည်ဟု လည်း သိရှိရသည်။

ယူကရိန်းပိုင် ခရိုင်းမီးယား ဒေသကို ရုရှားက သိမ်းပိုက်လိုက်ခြင်း၊ ဆီးရီးယား ပြည်တွင်းစစ်တွင် ရုရှားက ပါဝင်စွက်ဖက်လာခြင်း အစရှိသည့် အခြေအနေများကြောင့် ရုရှား၏ ခါးသီးပြိုင်ဘက် NATO မဟာမိတ်များ အနေဖြင့် ၎င်းတို့၏ စစ်ရေးစွမ်းရည်ကို ပိုမိုမြှင့်တင်ရန် ကြိုးပမ်း လုပ်ဆောင်လာခြင်း ဖြစ်သည်။
Trident Juncture စစ်ရေးလေ့ကျင့်မှုတွင် ထရာပါနီမြို့ကို ဗဟိုကွပ်ကဲရေး ဌာနအဖြစ် သတ်မှတ် ပြီး နိုဝင်ဘာလ အစောပိုင်းထိ လုပ်ဆောင်သွားမည်ဟု သိရသည်။ စစ်ရေးလေ့ကျင့်မှုတွင် ဩစတြေးလျ၊ ဩစတြီးယား၊ ဘော့စ်နီးယား ဟာဇီဂိုးဗီးနား၊ ဖင်လန်၊ မက်စီဒိုးနီးယား၊ ဆွီဒင်၊ ယူကရိန်းတို့ အပါအဝင် NATO အဖွဲ့ဝင် နိုင်ငံများ ပူးပေါင်း ပါဝင်ကြမည် ဖြစ်သည်။

ထို့အပြင် NATO နိုင်ငံများမှ Typhoon၊ F-16၊ F-18၊ Tornadoနှင့် AMX တိုက်လေယာဉ်များ ပူးပေါင်းကာ လေတပ်အင်အားကို စုစည်းပြသရန် စီစဉ်ထားသည်။ မှတ်တမ်းများအရ Trident Junctureသည် ပြီးခဲ့သည့် ၁၃ နှစ်တာ ကာလအတွင်း NATOတပ်ဖွဲ့၏ အကြီးကျယ်ဆုံး စစ်ရေးလေ့ကျင့်မှု ဖြစ်ကြောင်းလည်း သိရှိရသည်။

7Day Daily 
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment