အသက်ကို ဉာဏ်စောင့်နိုင်ပါစေ KIA



၂၀၁၅ ခုနှစ် စက်တင်ဘာလ ၂၃ ရက်နေ့ ၁၉၀၀ နာရီ တွင် မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၊ ပြည်ထောင်စု လမ်း၊ VeVe တိုက်ခန်းအမှတ် (၁) ရှိ GI Group Express ယာဉ်လိုင်းဂိတ်သို့ KIO မှ ဆက်ကြေး ကောက်ခံသည့်စာပေးပို့ခဲ့ကြောင်း သိရှိရပါတယ်။ အဲ့ဒီ နေ့က GI Group Express ရဲ့ ဂိတ်မှူး ဦးသန်းမြင့်ထွန်း ဂိတ်အတွင်းရှိနေစဉ် အမည်မသိအမျိုးသားတစ်ဦးမှ ဂိတ်အတွင်းသို့ စာအိတ်တစ်အိတ် အားပစ်ပေးခဲ့ပြီး အဖြူရောင် အာရာဖတ်ယာဉ် (နံပါတ်မပါ) ပေါ်သို့ တက်ကာ ပြည်ထောင်စုလမ်းမကြီး အတိုင်း စွမ်စော် ရပ်ကွက် ဘက်သို့ ထွက်ခွာသွားခဲ့ ကြောင်းသိရှိရပါတယ်။

စာအိတ်အားဖွင့်ဖောက်ကြည့်ရှုရာ KIOတောင်ပိုင်း တိုင်း တပ်မဟာ(၄)၊တပ်မဟာမှူးအမည်ခံ လက်မှတ် ရေး ထိုးထားသည့် ဆက်ကြေးတောင်းစာ ဖြစ်နေခဲ့ တယ်လို့ သိရပါတယ်။ စာပါအကြောင်းအရာမှာ အခွန်ဆောင်ရန် အကြောင်းကြားခြင်းခေါင်းစဉ်တပ်၍ KIO တပ်မဟာ (၄)ဟာမိမိတို့ ဒေသအတွင်း စီးပွားရေးလုပ်ငန်းရှင်များအပေါ် အခွန်စည်းကြပ် ကောက်ခံခဲ့သည်မှာ ယနေ့တိုင် ဖြစ်ပါကြောင်းနှင့် GI Group (အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေး)သည်လည်း KIO မှသတ်မှတ်သည့် စည်းကြပ် အခွန်များကို စက်တင်ဘာလ ၂၈ ရက်နေ့မတိုင်မီ မပျက်မကွက် ထမ်းဆောင်ရန် အကြောင်းကြားကြောင်း ပါရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် သူတို့ကိုဆက်သွယ်ဖို့ ဖုန်းနံပါတ် ၀၉၃၀၅၇၇၆၈၂ နဲ့ တရုတ်ဖုန်းနံပါတ် ၂၅၉၂၅၄၅၆၆၃၀ ကိုလည်း ရေးသားဖော်ပြထားတယ်လို့ သိရပါတယ်။ KIO တပ်မဟာ(၄)ရဲ့ အကြောင်းကြား စာကိုလည်း ပူးတွဲဖော်ပြပေးလိုက်ပါတယ်။ GI Group Express မှလည်း KIO ရဲ့ ဆက်ကြေးတောင်းစာ ပေးပို့မှုကို ရဲစခန်းသို့ ချက်ခြင်းအကြောင်းကြားခဲ့ပြီး ရဲတပ်ဖွဲ့ဝင်များ၊ နယ်မြေခံတပ်မတော်စစ်ကြောင်းများ၊ ပြည်သူ့စစ် တပ်ဖွဲ့ဝင်များပူးပေါင်း၍ KIO အဖွဲ့၏ မူဆယ်မြို့ပေါ်သို့ အလားတူဝင်ရောက်၍ ဆက်ကြေးကောက်ခံစာများ ပေးပို့ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အဖျက်အမှောက် လုပ်ငန်းများ မပြုလုပ်နိုင်စေရေး လုံခြုံရေးတိုးမြှင့်ဆောင်ရွက် လျက်ရှိကြောင်း သိရှိရပါတယ်။

KIO/KIA သမိုင်းကြောင်းကို လေ့လာကြည့်လျှင်လည်း စတင်ဖွဲ့စည်းစဉ်ကပင် လူမျိုးကြီးဝါဒကို အကြောင်းပြ၍ အတင်းအဓမ္မ လူသစ်စုဆောင်းခြင်း၊ အများပြည်သူပိုင် လမ်းတံတားများအား ဖောက်ခွဲဖျက်ဆီးခြင်း၊ အများ ပြည်သူ ပိုင်ငွေတိုက်များကို ဝင်ရောက်စီးနင်း၍ လက်နက်အင်အားတောင့် တင်းအောင်ဖြည့်ဆည်းကာ ခေါင်းဆောင်များ၏ ကိုယ်ကျိုးစီးပွားအတွက် အသုံးချခြင်းများဆောင်ရွက်ခဲ့ကာ သမိုင်းဆိုးရှိခဲ့ပြီးဖြစ်ပါတယ်။ ကချင်ပြည်နယ်ကောင်း စားရေး တစာစာဟစ်ကြွေးနေတဲ့ KIO/KIA အဖွဲ့ဟာ နှစ်ပေါင်း ၆၀ ကျော်အတွင်း ကချင်ပြည်နယ်မှ စီးပွားရေးလုပ်ငန်းရှင်များ၊ ယာဉ်များ၊ လူနှင့် အိမ်မွေးတိရစ္ဆာန်များမကျန် ဆက်ကြေး၊ အခွန် အခကောက်ခံလာမှုရဲ့ အကျိုးဆက်ကတော့ KIO/KIA ခေါင်းဆောင်ကြီးများ အဆမတန်ကြွယ်ဝချမ်းသာ လာမှုနှင့် အိမ်နီးချင်းနိုင်ငံများတွင် စည်းစိမ်အပြည့်ဖြင့် အခြေချနေထိုင်ခွင့်များရရှိခဲ့ကြပြီး ဒေသခံတို့ဘ၀ ကတော့ဆင်းရဲနွမ်းပါးကာ စစ်ရှောင်ဒုက္ခသည်များ ဘ၀ရောက်ရှိခဲ့ကြပါတယ်။ ဒါ့အပြင် KIO/KIA အဖွဲ့အတွင်း က လက်အောက်ငယ်သားများ၊ ဒေသခံလူငယ်အများအပြားဟာ မူးယစ်ဆေးဝါး၏ သားကောင်များဖြစ်ခဲ့ရုံ သာမက ကချင်ပြည်နယ်ဟာ KIO/KIA ကြောင့် မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေးအချိုးဖောက်ခံရဆုံးနှင့် အမှောင် တွေဖုံးလွှမ်းရာ ပြည်နယ်တစ်ခုဖြစ်လာခဲ့ပါတယ်။

လက်ရှိအစိုးရနှင့် ခေတ်အဆက်ဆက်အစိုးရများက ကချင်ပြည်နယ်မှ တိုင်းရင်းသားညီအစ်ကိုများ ငြိမ်းချမ်းမှု အသီး အပွင့်တွေ ခံစားနိုင်ဖို့ မည်မျှပင်ကြိုးစားဆောင်ရွက်စေကာမူ KIO/KIA ခေါင်းဆောင်ကြီးများကတော့ ၎င်းတို့ အသက်မသေသရွှေ့ ဒေသခံတိုင်းရင်းသားများနဲ့ ကချင်ပြည်နယ်အပေါ် သေနတ်ပြောင်းဝက အာဏာဖြင့် လက်ဝါးကြီးအုပ် အမြတ်ထုတ်နေအုံးမှာ ဖြစ်ပါတယ်။ KIO/KIA ရဲ့ မပြောင်းလဲတဲ့ သဘော တရားကို သိရှိထားပြီးဖြစ်တဲ့ တပ်မတော်စစ်ကြောင်းများဟာ လက်ရှိငြိမ်းချမ်းရေးဆွေးနွေးပွဲကာလအတွင်း KIO/KIA ရဲ့ အဓမ္မလူသစ်စု၊ ဆက်ကြေးကောက်၊ ဗုံးခွဲခဲ့တဲ့အဖွဲ့တွေရဲ့ လုပ်ရပ်တွေကို မျက်ခြေမပြတ် စောင့်ကြည့်ပြီး ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်တွေအတွက် ပြတ်ပြတ်သားသား ကာကွယ်တိုက်ခိုက် ဟန့်တားနိုင်ခဲ့တာကို တွေ့ရပါတယ်။

လက်ရှိမူဆယ်မြို့မှာ ပြောင်ပြောင်တင်းတင်းဆက်ကြေးကောက်ခြင်းနဲ့ အများပြည်သူပိုင် ဘဏ်များကို ဗုံးခွဲနေတဲ့ KIA တပ်မဟာ(၄)ဟာ လောက်ကိုင်ဒေသတိုက်ပွဲများမှာလည်း MNDAA (ကိုးကန့်)သောင်းကျန်းသူ များဘက်မှ ကူညီတိုက်ခိုက်ပေးခဲ့သူများလည်း ဖြစ်ပါတယ်။ ဒါကြောင့် တပ်မတော်စစ်ကြောင်းများက ပြည်သူ လူထုရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ဖို့ အတွက် KIA တပ်မဟာ(၄)ကို စတင်အရေး ယူတိုက်ခိုက်နေပြီလို့ သိရှိရပါတယ်။ KIO/KIA အဖွဲ့ဟာ နိုင်ငံတော်အစိုးရနဲ့ တပ်မတော်ရဲ့ ကချုင်ပြည်နယ် အတွင်းက ပြည်သူလူထုအပေါ် အဘက်ဘက်က ငဲ့ညှာထောက်ထားနေမှုကို အခွင့်ကောင်းယူ၍ အွန်လိုင်း မီဒီယာကတစ်ဆင့် ဝါဒဖြန့်မှုနှင့် လူသားတံတိုင်းကာရံလို့ ၎င်းတို့သက်ဆိုးရှည်အောင် နေထိုင်နိုင်လိမ့်မည်ဟု မျှော်လင့်နေပုံရပါတယ်။ သို့သော်လည်း တစ်ကမ္ဘာလုံးကို ခြိမ်းခြောက်နိုင်ခဲ့သည့် အကြမ်းဖက်အဖွဲ့အစည်း ဖြစ်တဲ့ အယ်လ်ကိုင်ဒါ စစ်သွေးကြွအဖွဲ့ဟာ အချိန်တန်တော့လည်း ပျက်စီးသွားခဲ့ရပြီး ၎င်းတို့ခေါင်းဆောင် အိုစမာဘင်လာဒင်ရဲ့ နောက်ဆုံးဇာတ်သိမ်းဟာလည်း မလှပခဲ့တာသက်သေရှိပါတယ်ဆိုတာ KIO/KIA ခေါင်းဆောင်တို့ သတိရသင့်ပြီဖြစ်ပါတယ်။

ဒါကြောင့် KIO/KIA အဖွဲ့အနေဖြင့် ဒေသခံတွေအပေါ် နှစ်ပေါင်း ၆၀ ကျော် နည်းမျိုးစုံဖြင့် အနိုင်ကျင့်၊ လက်ဝါး ကြီးအုပ် အမြတ်ထုတ်တာတွေရပ်ပြီး ၂၀၁၅ ခုနှစ် အောက်တိုဘာလအတွင်းကျင်းပမယ့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (NCA) လက်မှတ်ရေးထိုးပွဲမှာ ပါဝင်လို့လက်မှတ်ရေး ထိုးခဲ့ရင်တော့ အသက်ကို ဉာဏ်စောင့်နိုင်ပါသေးကြောင်း အကြံပေးလိုက်ပါရစေ။


စိုင်းဝေလင်းအောင်(တောင်ကြီး)
Share on Google Plus

About Sai Htee Kham

    Blogger Comment
    Facebook Comment

0 comments:

Post a Comment