တိုင်းရင်းသားလက်နက်ကိုင်တွေ သိသင့်တဲ့ DDR



13.10.2015

တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို အောက်တိုဘာ ၁၅ ရက်နေ့မှာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် ၈ ဖွဲ့တို့ လက်မှတ်ရေးထိုးကြတော့မှာဖြစ်ပါတယ်။ NCA လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်ခဲ့တာနဲ့ပတ်သက်ပြီး RCSS/SSA ဥက္ကဋ္ဌ ရွက်ဆစ်က သတင်းစာရှင်းလင်းပွဲကို အောက်တိုဘာ ၈ ရက်နေ့မှာပြုလုပ်ခဲ့တာ တွေ့ ရပါတယ်။ အဆိုပါ သတင်းစာရှင်းလင်းပွဲမှာ ရွက်ဆစ်ကို DVB ၊ ဧရာဝတီ၊ မဇ္ဈိမ သတင်းဌာနတွေက NCA နဲ့ပတ်သက်ပြီး မေးမြန်းမှုတွေ ပြုလုပ်ခဲ့ ပါတယ်။ DDR နဲ့ပတ်သက်ပြီး မေးမြန်းမှု အပေါ် ရွက်ဆစ်က “DDR ဆိုတာ ဖက်ဒရယ်ပြည်ထောင်စုပြည်လည်တည်ထောင်ဖို့ လုပ်မှာလေ၊ တိုင်းရင်းသား အားလုံးရော အစိုးရ၊ တပ်မတော်ရော အားလုံးလက်နက်ဖြုတ်သိမ်းပြီးမှ ဖက်ဒရယ်ပြည်ထောင်စု တပ်မတော် ပြန်တည်ဆောက်မှာလေ၊ ဘယ်လိုပြန်ဖွဲ့မယ်၊ ရာခိုင်နှုန်းနဲ့လား ဘာလားဆိုတာတော့ ကျနော်တို့ ပြန်ပြီး ဆွေးနွေးရမယ် ” လို့ ဖြေကြားသွားပါတယ်။

DDR နဲ့ပတ်သက်လို့ ရွက်ဆစ်ရဲ့ ဖြေကြားမှုဟာ ရောထွေးနေတာတွေ့ ရပါတယ်။ ဒီတော့ NCA လက်မှတ် ထိုးမယ့်တိုင်းရင်းသားလက်နက် ကိုင်တွေရော နောင်အခါမှ လက်မှတ်ထိုးမယ့် လက်နက်ကိုင်အဖွဲ့ တွေပါ DDR ကို သိထားသင့်ပါတယ်။ ငြိမ်းချမ်းရေးတည်ဆောက်တဲ့အခါမှာ ပဋိပက္ခဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင် အဖွဲ့အစည်း တွေဟာ သဘောတူညီချက်ရရှိတဲ့အခါ DDR စနစ်နဲ့ ပြန်လည်ပေါင်းစည်းရမှာဖြစ်ပါ တယ်။ DDR ဆိုတာ -
D - Disarmament (လက်နက်ဖြုတ်သိမ်းခြင်း)

D - Demobilization (စစ်မှုထမ်းအဖြစ်ကနေ နုတ်ထွက်ခွင့်ပြုခြင်း)

R - Reintegration (ပြန်လည်ပေါင်းစည်းခြင်း) လို့ အဓိပ္ပါယ်ရပါတယ်။ DDR နည်းကို နိုင်ငံတကာ က အသိအမှတ်ပြုထားပါတယ်။

NCA မှာ အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ နိုင်ငံရေး သဘောတူညီချက်ရရှိပြီး DDR ကိစ္စ ဆောင်ရွက်ဖို့ သဘောတူညီ ခဲ့ကြတယ်လို့ သိရပါတယ်။ ဒီနည်းအတိုင်း သဘောတူညီမှုရပါက စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို တည်ထောင်လိုက်တာနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေဟာ လက်နက်ဖြုတ်သိမ်း ရမှာဖြစ်ပါတယ်။ စစ်မှုထမ်းဘ၀ကနေ အနားယူချင်တဲ့လူတွေရှိရင်လည်း အနားယူခွင့် ပေးနိုင်ပါတယ်။ ဒါမှ မဟုတ် အစိုးရတပ်မတော်ထဲမှာ အခု နယ်ခြားစောင့်တပ်လို ပြည်သူ့စစ်လိုမျိုး ပေါင်းစည်းသွားနိုင်ပါတယ်။

မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပြည်တွင်းစစ်ဟာ လိုက်ဘေးရီးယားနိုင်ငံမှာလို လူမျိုးတစ်မျိုးနဲ့တစ်မျိုး တွေ့ရာ သတ်ဖြတ်နေကြတဲ့ ပြည်တွင်း စစ်မျိုးမဟုတ်ပါဘူး။ အာဖရိကနိုင်ငံ အတော်များများမှာရှိနေတဲ့ တော်လှန်ရေး အဖွဲ့အစည်းတွေဟာ အကြမ်းဖက်လုပ်ငန်းတွေကို အသုံးပြုပြီး ဥပဒေချိုးဖောက်မှုတွေကို အစဉ်တစိုက် လုပ်လေ့ရှိပါတယ်။ ကလေးစစ်သားတွေကိုလည်း သောင်းဂဏန်းအထိ အသုံးပြုပြီးတိုက် ကြပါတယ်။ နောက်ပြီး ဗဟိုဌာနကလည်း ဒီအောက်ခြေစစ်သားတွေကို ကွပ်ကဲမှုမလုပ်နိုင်ပါဘူး။ အဲဒီလိုလက်နက်ကိုင်တပ်တွေဟာ ငြိမ်းချမ်းရေး ရရှိတဲ့အခါ အားလုံးအတူတကွ ပါမလာဘဲ ဘ၀ရပ်တည်ရေးအတွက် သူခိုး၊ ဓားပြဘ၀ ရောက်ကုန်မှာကို မလိုလားလို့ DDR စနစ်နဲ့ လက်နက်ဖြုတ် သိမ်းတာတို့၊ အရပ်သားဘ၀နဲ့ အခြေချနိုင်ဖို့ အသက်မွေးဝမ်း ကျောင်း အလုပ်တွေ ရှာပေးတာတို့ လုပ်ပြီး ပင်မတပ်မတော်နဲ့ နယ်ခြားစောင့်တပ်လို ပူးပေါင်းခိုင်းတာကို လုပ်လေ့ရှိပါတယ်။

မြန်မာနိုင်ငံမှာရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့ သဘောသဘာဝအရ DDR စနစ်ကိုပဲ ကျင့်သုံးရမှာ ဖြစ်ပါတယ်။ NCA လက်မှတ်ထိုးမယ့်အဖွဲ့ (၈)ဖွဲ့ကို မပြောလိုပေမယ့် ကျန်နေတဲ့ လက်နက်ကိုင်အဖွဲ့တွေထဲမှာ KIO/KIA ဟာ သူခိုး၊ ဓားပြဘ၀ရောက်ရမယ့်ကိန်းဆိုက်နေပါ တယ်။ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်ခွင့်မရရင် DDR အရ တည်ဆောက်မယ့် ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်ထဲမှာလည်း ပါဝင်ခွင့်ဆုံးရှုံးရတော့မှာ ဖြစ်ပါ တယ်။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကတော့ နိုင်ငံတကာသတင်းမီဒီယာတွေနဲ့ တွေ့ဆုံမေးမြန်းမှု တွေမှာ အပစ်ရပ်လက်မှတ်ထိုးပြီးလို့ နိုင်ငံရေးဆွေးနွေးပွဲတွေဆီသွားရင် တိုင်းရင်းသားလက်နက်ကိုင်တွေ အနေနဲ့ DDR စနစ်အတိုင်း လိုက်နာကျင့်သုံးသွားရမယ်လို့ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့ကတော့ DDR စနစ်နဲ့ ပြန်လည်ပေါင်းစည်းမှာကို မလိုလားဘဲ SSR စနစ်နဲ့ သွားချင်နေကြပါတယ်။ SSR ဆိုတာ Security Sector Reform လို့ ဆိုပါတယ်။ လုံခြုံရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုလို့ ဆိုနိုင်ပါတယ်။ SSR ဟာ DDR လိုပဲ တစ်ခုတည်းသော တပ်မတော် ဆိုပေမယ့် Concept ကတော့ နည်းနည်းကွာပါတယ်။ ဒီနည်းကို လိုလားတာဟာ လက်နက်ကိုင်တစ်စုက သူတို့ပြည်နယ်တွေမှာ ပြည်နယ်တပ်မတော်ကိုထားချင်လို့ပဲဖြစ်ပါတယ်။ သူတို့ရဲ့ အဓိက ရည်မှန်းချက်က SSR နည်းကို သုံးခဲ့ရင် အလှည့်ကျ ကာကွယ်ရေးဦးစီးချုပ်စနစ်နဲ့ သွားချင်တယ်။ ပြည်နယ်တပ်မတော်ကို ဖွဲ့စည်းခွင့် ရခဲ့ရင် အစိုးရတပ်တွေကို မောင်းထုတ်ပြီး သူတို့စိတ်ကြိုက် အုပ်ချုပ်ဖို့ ပြင်ဆင်ထားတာပါ။ ရွက်ဆစ်ကတောင် DDR သဘော တရား သေချာမသိလေတော့ တခြားလက်နက်ကိုင်ခေါင်းဆောင်တွေ လည်း အတူတူလို့ပဲ မြင်ပါ တယ်။ လက်ရှိ အစိုးရတပ်မတော်ကို ပြန်လည်ဖွဲ့စည်းမှာ မဟုတ်ဘဲ လက်နက်ကိုင်အဖွဲ့တွေကသာ အစိုးရတပ်မတော် ထဲမှာ ပုံစံအမျိုးမျိုးနဲ့ ၀င်ရောက်လာရမှာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးယူပြီး နိုင်ငံရေးဆွေးနွေးပွဲတွေဆီ သွားတော့ မယ့် တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့ DDR ကို သိထားသင့်သလို ကျင့်သုံးလိုက်နာဖို့လည်း လိုတယ် လို့ပဲ တိုက်တွန်းလိုက်ချင်ပါတယ်။

ဇော်လင်းသန့်

Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment