သံလွင်အရှေ့ခြမ်းမှ ၀ါးပိုးများ အရောင်းသွက်
15.10.2015
မိုးအကုန် ဆောင်းအကူးကာလ၌ အထက်အညာဒေသတွင် ရာသီစာ ပုရစ်များ လှိုင်လှိုင်ပေါ်ပြီ ဖြစ်သကဲ့သို့ သံလွင်အရှေ့ခြမ်း ဒေသများဖြစ်သည့် ကျိုင်းတုံနှင့် မိုင်းဖြတ်တစ်ဝိုက်ရှိ တောတောင်များမှ ဒေသခံ များ နှစ်ခြိုက်သည့် ပရိုတင်းဓါတ်ကြွယ်ဝသော ၀ါပိုးများ လှိုင်လှိုင်ပေါ်ပြီဖြစ်သည်။
"၀ါးပိုးဆိုပေမယ့် ၀ါးပင်တိုင်းမှာ မရှိတတ်ပါဘူး၊ ၀ါးပိုးရှိတဲ့ ၀ါးပင်မှာ သေသေ ချာချာကြည့်မှ ရေလေးတွေ စိမ့်ထွက်နေတာကိုမြင်ရမှာပါ။ ဒါဆိုရင် ၀ါးပိုးရှိပြီ လို့ ယူဆရပါပြီ။ အကောင်ရေအနည်း အများကတော့ ခန့်မှန်းလို့မရပါဘူး၊ ၀ါးတစ်ဆစ်ထဲမှာ အကောင်နှစ်ဆယ် သုံးဆယ်ရှိတတ်သလို တစ်ရာနီးပါး ရှိတာမျိုးလည်း ကြုံရပါတယ်။ ကျွမ်းကျင်မှု အပေါ်မူတည်ပြီး တစ်ရက်ကို ၀ါးပိုးတစ်ပိဿာလောက် ရနိုင်ပါတယ်။ သာမာန်အားဖြင့်တော့ ၀ါးပိုးတစ်ပိဿာရဖို့ (၂)ရက် (၃)ရက်တော့ ရှာဖွေကြရပါတယ်.."ဟု ကျိုင်းတုံဒေသ ပန်ကွဲတောင် အနီးတွင် ၀ါးပိုးရှာဖွေသူ ၀`တိုင်းရင်းသား ကိုညီကျောက်က ရှင်းပြသည်။
ဝါးပိုးအစိမ်း (အရှင်)တစ်ပိဿလျှင် ဒိုင်သွင်းဈေး ကျပ်နှစ်သောင်းရှိပြီး ပုံမှန်အားဖြင့် လက်လီ ၀ယ်ယူသူ နည်းပါးပြီး ၀ါးပိုးကြော်ပြုလုပ်သူများမှ လက်ကားဈေးဖြင့်ကောက်ကာ ရွေးချယ်သန့်စင် ကြော်ပြီး မှသာ ဈေးကွက်အတွင်း လက်လီ ပြန်လည်ရောင်းချလေ့ရှိကြသည်။
"၀ါးပိုးကြော်ကို ကြိုက်တော့ကြိုက်တယ် ၊ ဒါပေမယ့် အကောင်အရှင်လေးတွေ က လှုပ်စိ လှုပ်စိနဲ့ အသည်းယားဖို့ ကောင်းတာကြောင့် အရှင်ဝယ်ပြီး ကိုယ်တိုင်ကြော်စားတာမျိုး မလုပ်ပါဘူး၊ ကြော်ပြီးသားပဲ ၀ယ်စားတယ်၊ သူက ပရိုတင်းအရမ်းကြွယ်ဝလို့ အများကြီးတော့ မစားရဲဘူး၊ အထူးသဖြင့် သွေးတိုး ရှိသူတွေတော့ ရှောင်သင့်တဲ့ အစားအစာပါ.."ဟု ကျိုင်းတုံသူလေး နန်းရှဲန်မွန်းက ပြောပြသည်။
အဆိုပါ ၀ါးပိုးအစိမ်း တစ်ပိဿာကိုကြော်လျှင် ၀ါးပိုးကြော်သုံးဆယ်သား ခန့်သာရရှိပြီး၊လက်လီဈေးအဖြစ် တစ်ဆယ်သား ကျပ်တစ်သောင်းဈေးဖြင့် ရောင်းချပြီး ပစ္စည်းရရှိမှုအပေါ် မူတည်ကာဈေးနှုန်း အတက် အကျရှိကြောင်း ပန်ကွဲတောင်မှ ဈေးသည်တစ်ဦးထံမှ သိရသည်။
ဝါးပိုးအရှင်များအား တာချီလိတ်မြို့မှတဆင့် အိမ်နီးချင်း ထိုင်းနိုင်ငံသို့လည်း တင်ပို့ရောင်းချကြကာ ယခုလို လှိုင်လှိုင်ပေါ်ချိန်၌ တာချီလိတ် နှင့် မယ်ဆိုင်မြို့များတွင် တစ်ကီလို ထိုင်းဘတ်ငွေ (၄၅၀)မှ (၅၀၀)ဘတ် အထိ ဈေးရရှိကြောင်းနှင့် ထိုင်းဖက်မှ အရှင်များကိုသာ အဓိက၀ယ်ယူကြောင်း
သိရှိရသည်။
Tachileik News Agency
0 comments:
Post a Comment