“အခုမှ ၁၉၄၈ က ပဋိပက္ခကို စဖြေရှင်းတာပါ၊ ဒါတော်လှန်ရေး ပြီးပြီလို့ ပြောလို့မရဘူး” ချင်းအမျိုးသားတပ်ဦး အထွေထွေအတွင်းရေးမှူးချုပ် ပူဇင်ကျုံး နှင့် အင်တာဗျူး


 ချင်းပြည်နယ် လူထုအတွက်ဟုဆိုကာ လက်နက်စွဲကိုင် တော်လှန်ခဲ့သည့် ချင်းအမျိုးသားတပ်ဦးက လာမည့် အောက်တိုဘာ ၁၅ ရက်နေ့တွင် အစိုးရကဖိတ်ခေါ်သော တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးတော့မည်ဖြစ်ရာ ယင်းအပစ်ရပ်စာချုပ်တွင် ပါဝင်လက်မှတ်ရေး ထိုးရသည့် အကြောင်းနှင့် ဆက်လက်လုပ်ဆောင်မည့် အခြေအနေများကို ချင်းအမျိုးသားတပ်ဦး အထွေထွေအတွင်းရေးမှူးချုပ် ပူဇင်ကျုံး နှင့် MID NEWS မှ တွေ့ဆုံမေးမြန်း ခဲ့သည်များကို ဖော်ပြအပ် ပါသည်။

မေး။    ။ ချင်းအမျိုးသားတပ်ဦး အနေနဲ့ NCA မှာ ပါဝင်လက်မှတ်ရေးထိုးရတဲ့ အကြောင်းအရင်းကို အရင်ဆုံး ရှင်းပြပေးပါ။

ဖြေ။    ။ ၂၀၁၂ မှာ ပြည်နယ်အဆင့် Bilateral ထိုးထားတယ်။ မေလမှာ ပြည်ထောင်စုအဆင့်၊ စက်တင်ဘာလမှာ ဒုတိယ အကြိမ် စုစုပေါင်း ၃ ကြိမ်၊ အစိုးရနဲ့ အပစ်ရပ်လုပ်ခဲ့တယ်။ နောက်ပြီး ချင်းပြည်သူလူထုနဲ့ ၂၀၁၃ မှာ တောက်လျှောက် တွေ့ပြီးတော့ စာချုပ်ပါအချက်တွေကို ရှင်းလင်းတင်ပြခဲ့တယ်။ ချင်းအမျိုးသားညီလာခံ လုပ်ပြီးတော့ ရှင်းလင်းတင်ပြခဲ့တယ်။ အဲဒီမှာ ပြည်သူတွေက ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ် ဘယ်လိုသဘောရသလဲ၊ ပြည်ထောင်စုကို ဘယ်လိုတည်ဆောက်ချင်လဲ Disscus လုပ်တယ်။ ပြည်သူတွေကလည်း ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ထောက်ခံတယ်။ တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ အတူ တကွ စုပြီးတော့ ညှိနှိုင်းလိုက်တော့ ပိုပြီးလွယ်ကူသွားတယ်။ ကျနော်တို့ လိုချင်တဲ့ဟာကို ၂ နှစ်နီးပါး NCCT နဲ့ SD ထဲ ထဲထဲ ဝင်ဝင်ပါဝင်ပြီး ဆောင်ရွက်ခဲ့တာ ဒီကနေ့တော့ NCA က မူကြမ်းကနေ မူချောရောက်လာတယ်။ အားလုံးပါဝင်ရေးမူကို ချင်းအမျိုး သားတပ်ဦးအနေနဲ့ ဆုပ်ကိုင်ထားတယ်။ နိုင်ငံရေး ဆွေးနွေးပွဲတွေမှာ အားလုံးပါဝင်နိုင်ရင် ပြီးပြည့်စုံတဲ့ကိစ္စ ဖြစ်လာမယ်။ တိုင်းရင်းသားတွေလိုချင်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ဒီမိုကရေစီရရှိရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေးတို့ကို နိုင်ငံရေးစားပွဲဝိုင်းမှာ ဆွေးနွေးဖို့ လက်မှတ်ထိုးသင့်တဲ့ အချိန်ဖြစ်ပြီလို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

မေး။    ။ ချင်းအမျိုးသားတပ်ဦး အနေနဲ့ လက်နက်ကိုင် တော်လှန်ရတဲ့အကြောင်း ရှင်းပြပေးပါ။

ဖြေ။    ။ ချင်းပြည်နယ်က မြန်မာပြည်တည်ထောင်ရေးမှာ ပါဝင်တယ်။ ပင်လုံမှာ လက်မှတ်ထိုးတဲ့အခါ ချင်းက ပါဝင်တယ်။ ပြည်ထောင်စုကြီးမှာ ပါဝင်တဲ့သူတွေ အေးချမ်းစွာ နေထိုင်လို့ရအောင်ရယ်၊ အားလုံး အေးတူ ပူအမျှ နိုင်ငံရေးအရသော် လည်းကောင်း နေနိုင်အောင်၊ နောက်ပြီး ပြည်နယ်ကသူတွေ တန်းတူအခွင့်အရေးရအောင် အစိုးရကို လက်နက်ကိုင်ပြီး အမြင့်ဆုံးတောင်းဆို၊ ဆန္ဒဖေါ်ထုတ်တာ ဖြစ်တယ်။ အစကတည်းက နိုင်ငံရေးပြဿနာကို နောက်ဆုံး စားပွဲပေါ်မှာပဲ ဖြေရှင်းရမှာ ဖြစ်တယ်။ မြန်မာပြည် တစ်ပြည်လုံး ပြည်ထောင်စုကြီး ပိုမိုကောင်းမွန်အောင် ချင်းအမျိုးသားတပ်ဦးက လက်နက်ကိုင်တာ ဖြစ်ပါတယ်။

မေး။    ။ ချင်းအမျိုးသားတပ်ဦးအပေါ်မှာ ချင်းလူထုကရော ဘယ်လောက်အထိ ထောက်ခံမှုရှိလဲ။

ဖြေ။    ။ ချင်းပြည်လူထုက ချင်းအမျိုးသားတပ်ဦးအပေါ် ဘယ်လောက် ထောက်ခံမှုရှိလဲဆိုတာ မြို့နယ်ကြီး ၉ မြို့နယ်မှာ ချင်းအမျိုးသားတွေကြားမှာ ချင်းအမျိုးသားတပ်ဦးက လုပ်ဆောင်ချက်တွေကို ချပြပြီးဖြစ်ပါတယ်။ ချင်းလူထုအပေါ် ချင်းအမျိုး သားတပ်ဦးရဲ့ ချပြမှုကို တုန့်ပြန်တာ တော်တော်ကောင်းပါတယ်။ နောက်ပြီး NCA မှာ ပါဝင်တာက ပြည်ထောင်စု တည်ဆောက် ရေးပဲ ဖြစ်ပါတယ်။ ချင်းလူထု မျှော်မှန်းချက်လဲ ဖြစ်တယ်။ ဒါတွေက ချင်းအမျိုးသား ညီလာခံမှာ ချပြပြီး ဖြစ်ပါတယ်။ ဒါကြောင့် ချင်းလူထုထောက်ခံမှု အပြည့်ရတယ်လို့ ပြောချင်ပါတယ်။

မေး။    ။ NCA ကိုလက်မှတ်ထိုးတဲ့ အဖွဲ့ ၈ ဖွဲ့က တော်လှန်ရေး ပြီးဆုံးပြီလို့ ပြောကြတယ်။ အဲဒီအထဲမှာ ချင်းအမျိုးသားတပ်ဦး ကလဲ ပါနေတယ်။ အဲဒီအပေါ်မှာရော။

ဖြေ။    ။ NCA အဆင့် ၇ ဆင့် ပါတယ်။ လက်မှတ်ထိုးပြီးတာနဲ့ Framework ကိုသွားမယ်။ နိုင်ငံရေး ဆွေးနွေးမယ်။ နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပရင် ဖွဲ့စည်းပုံပြင်ဆင်တာ၊ ဖျက်တာတို့ လုပ်မှာပါ။ အဲဒါ တိုင်းရင်းသားတွေလိုချင်တဲ့ အရာကို တောင်းဆိုဖို့ လက်နက်ကိုင်ကနေ အသွင်ပြောင်းပြီး စားပွဲဝိုင်းဆီရောက်တာပါ။ အခုမှ ၁၉၄၈ က ပဋိပက္ခကို စဖြေရှင်းတာပါ။ ဒါတော်လှန်ရေး ပြီးပြီလို့ ပြောလို့မရဘူး။

မေး။    ။ NCA ကို ထိုးပြီးရင် ချင်းပြည်နယ်၊ ချင်းလူထုအတွက် နိုင်ငံရေးမှာ ဘယ်လို ဦးဆောင်မှုပေးမလဲ။

ဖြေ။    ။ ကျနော်တို့က လွှတ်တော်ပြင်ပကနေ နိုင်ငံရေးကို ကြိုးစားနေတဲ့ အခင်းအကျင်း ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကိစ္စ နိုင်ငံရေး ဆွေးနွေးရလာဒ်တွေကနေ ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။ ချင်းအမျိုးသားတွေ လိုလားနေတဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် ကျနော်တို့မှာ တာဝန်ရှိပါတယ်။

မေး။    ။ ဒါဆိုရင် ချင်းပြည်နယ်က နိုင်ငံအတွင်းမှာ ဖွံ့ဖြိုးမှုအနိမ့်ကျဆုံး ဖြစ်နေတော့ ဒါကို ချင်းအမျိုးသားတပ်ဦး အနေနဲ့ ဘယ်လို ကူညီပံ့ပိုးမလဲ။

ဖြေ။    ။ ကျနော်တို့နိုင်ငံမှာ နိုင်ငံတကာက စီးပွားရေး ပိတ်ဆို့မှုဖြစ်တယ်။ နိုင်ငံက မ.ဆ.လ ခေတ်မှာကတည်းက စီးပွားရေးက နိမ့်ကျနေတာ။ ပဋိပက္ခတွေ ရှိနေတော့ ငြိမ်းချမ်းမှ ဖွံ့ဖြိုးရေးလုပ်နိုင်မှာ။ ငြိမ်းချမ်းမှ ဖွံ့ဖြိုးတိုးတက်တဲ့ ချင်းပြည်နယ်ကို မြင်ရမှာ ဖြစ်ပါတယ်။

မေး။    ။ ချင်းအမျိုးသားတပ်ဦး အနေနဲ့ ရွေးကောက်ပွဲမှာ ဘယ်လိုကူညီပံ့ပိုးမလဲ။

ဖြေ။    ။ ကျနော်တို့က ရွေးကောက်ပွဲ မဝင်ပါဘူး။ လာမယ့်ရွေးကောက်ပွဲမှာ ဘယ်ပါတီကို နိုင်ပါစေ။ ဘယ်ပါတီကို ဘယ်လိုဖြစ် ပါစေ မရှိပါဘူး။ တန်းတူညီတူ ဆောင်ရွက်ခွင့် ပေးထားတယ်။ ပြည်သူတွေလဲ လွတ်လွတ်လပ်လပ် ပါဝင် မဲထည့်နိုင်ဖို့ ပံ့ပိုးပေး သွားမှာပါ။

MID NEWS
Share on Google Plus

About Sai Htee Kham

    Blogger Comment
    Facebook Comment

0 comments:

Post a Comment