14.9.2015
သံလွင်မြစ်ပေါ်ရှိ မိုင်းတုံရေကာတာ တည်ဆောက်မည့်စီမံကိန်း ရပ်တန့်ပေးရန် ဒေသခံများက ဆန္ဒရှိပါက လွတ်တော်သို့ တင်ပြပေးမည်ဟု SNLD ပါတီမှ ကွန်ဟိန်းမဲဆန္ဒနယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ်
ဒေါ်နန်းဝါနုက မဇ္ဈိမသို့ ပြောသည်။
''ကျွန်မက ပြည်သူ့ကိုယ်စားလှယ်ဆိုတော့ ဒေသခံပြည်သူတွေရဲ့ဆန္ဒဘဲ။ သူတို့ဆုံးဖြတ်တာကို စောင့်ကြည့်မယ်။ စာတင်လာရင် လွတ်တော်ကိုတင်ပြပေးမယ်။'' ဟု ၄င်းကပြောသည်။
Snowy Mountains Engineering Corporation-SMEC ကုမ္ပဏီက EIA/SIA လုပ်ငန်းဆောင်ရွက်ရာတွင်
ပြည်သူကို ချပြသည့်မြေပုံနှင့် လက်တွေ့မြေပြင်ကွာခြားနေကြောင်း၊ ရေမြုပ် ဧရိယာကို ၅ ရွာခန့်သာ ထည့်သွင်းထားပြီး လက်တွေ့ ကွင်းဆင်းချက်အရ နမ့်ပါနှင့် သံလွင်မြစ်ဆုံရာအောက်ပိုင်းတွင် တည်ဆောက်မည်ဖြစ်၍ အနည်းဆုံး ရွာ ၃၀ ကျော် ရေမြုပ်နိုင်ကာ ကွန်
ဟိန်းမြို့လည်း ပါဝင်သည် ဟုဒေါ်နန်းဝါနုက ပြောသည်။
''ဒီဆည်ဆောက်မယ့်ကိစ္စကို ပြည်နယ်လျှပ်စစ်ဝန်ကြီးက အကျိုးတူတည်ဆောက်မယ့်ကုမ္ပဏီသုံးခု တံဆိပ်ပါတဲ့ လက်ဆောင်ပစ္စည်းတွေ ရွာသားတွေကို ပေးတယ်။ အဲဒီမှာ လူသိများသွားတာ။ နမ့်ပါနဲ့ သံလွင်မြစ်ဆုံတဲ့နေရာ အောက်နားမှာ သူတို့က ရေကာတာဆောက်လိုက်မယ်ဆိုရင် ကွန်ဟိန်းမြို့လည်း ရေမြုပ်မယ်။ အန်တီနေတဲ့ ပါလမ်းရွာဆိုတာ တောင်ပေါ်မှာရှိတာ အဲ့ဒီရွာလည်း ရေမြုပ်ဧရိယာ ထဲမှာတယ်။'' ဟု ၄င်းကဆက်ပြောသည်။
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုများအားလေ့လာဆန်းစစ်ခြင်း (EIA) နှင့် လူမှုရေးဆိုင်ရာ သက်ရောက်မှုများအား ဆန်းစစ်လေ့လာခြင်း (SIA) ကို ပြုလုပ်နေသည့် သြစတြေးလျကုမ္ပဏီ SMEC ကုမ္ပဏီမှ တာဝန်ရှိသူနှစ်ဦး စက်တင်ဘာ ၉ ရက်နေ့က ရောက်ရှိလာသဖြင့် စက်တင်ဘာ ၁၁ တွင် ၄င်းတို့အား
ကွန်ဟိန်းနှင့် ကာလိဒေသခံများက စီမံကိန်းရပ်တန့်ပေးရန် ကန့်ကွက်စာပေးခဲ့သည်ဟု ရှမ်းလူငယ်အသင်းမှ နန်းခမ်းနောင့်က ပြောသည်။
မိုင်းတုံရေကာတာစီမံကိန်း တည်ဆောက်မှုမှန်သမျှကို လက်မခံဘဲ အပြင်းအထန်ကန့်ကွက်သည့် ဒေသခံလူထု၏ စိုးရိမ်ပူပန်မှုများကို ကုမ္ပဏီက ထည့်သွင်းစဉ်းစားပေးရန် EIA/SIA အဆင့်ဆင့်ဆောင်ရွက်နေမှုနှင့် ရေကာတာ တည်ဆောက်မှုအားလုံးရပ်ဆိုင်းပေးမည်ဟု ယုံကြည်ကြောင်း ကန့်ကွက်စာတွင်
ဖော်ပြထားသည်။
ဒေသခံပြည်သူများခံစားရမည့်ဆိုးကျိုးများ၊ ထိခိုက်မှုခံရမည့်လူဦးရေ မြို့ရွာများစာရင်း၊ သဘာဝ ပတ်ဝန်းကျင်ထိခိုက်နိုင်မှု အခြေအနေများကိုမေးမြန်းရာ SMEC ၏ တာဝန်ရှိသူ ဂျွန်နသန်ကလောလော ဆယ်မဖြေနိုင်
သေးပဲ ကောက်ခံထားသော အချက်အလက်စာရင်းအား အကြမ်းရေးပြီး ၂၀၁၆ ခုနှစ်အတွင်း အစိုးရထံ
တင်ပြသည့်အချိန်မှသာဖတ်ကြည့်ပါဟု ပြောခဲ့ကြောင်း ကိုယ်တိုင်တွေ့ဆုံခဲ့သည့် နန်းခမ်းမိုင်က မဇ္ဈိမသို့
ပြောသည်။
သံလွင်မြစ်ပေါ်ရှိ ရေကာတာများ တည်ဆောက်ခြင်းကို လက်မခံကြောင်း ရှမ်းပြည်သူလူထု (၂၃၇၁၇) ဦး လက်မှတ်ရေးထိုးကာ သြဂုတ်လ ၂၅ ရက်နေ့က SMEC ကုမ္ပဏီ ရန်ကုန်ရုံးချုပ်သို့ ရှမ်းလူထု ကိုယ်စားလှယ် ၁၀ ဦး လာရောက် ပေးအပ်ခဲ့ဖူးသည်။
တည်ဆောက်မည့် ရေကာတာမှာ တာရိုးအရှည် ၆၀၆ မီတာ၊ အမြင့် ၂၄၁ မီတာ၊ ရေ၀ပ်ဧရိယာ ၆၄၁ ကီလိုမီတာရှိပြီး သိုလှောင်ရေရပ်ဝန်း မြစ်အထက်ပိုင်းသို့ ၃၈၀ ကီလိုမီတာဖြစ်သည်။ လျှပ်စစ် ဓာတ်အား ၇၀၀၀ မီဂါဝပ် ထုတ်လုပ်နိုင်၍ ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံသို့ထုတ်ရောင်းမည်ဟု SMEC က ထုတ်ပြန်ထားသည်။
အဆိုပါစီမံကိန်းအား China Three Gorges Corporation ၊ China Southern Power Grip ၊ Power Construction of China (Sinohydro) ၊ EGAT International Co.Ltd (ထိုင်း) ၊ International Group of Entrepreneurs Co.Ltd တို့က ငွေကြေးစိုက်ထုတ်ပြီး မြန်မာ့လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်သည်။
Mizzima - News in Burmese
0 comments:
Post a Comment