မန်စီတွင် တိုက်ပွဲများပြန်ဖြစ်၊ ဒုက္ခသည် ၂၀၀ ဝန်းကျင် တိမ်းရှောင်နေရ



22.9.2015

ကချင်ပြည်နယ် မန်စီမြို့နယ်အတွင်း အစိုးရ တပ်မတော် နှင့် ကချင်လွတ်လပ်ရေး တပ်မတော်(KIA) တို့ ယခုရက်ပိုင်း တိုက်ပွဲများ ပြန်လည် ဖြစ်ပွား၍ ဒုက္ခသည် ၂၀၀ ဝန်းကျင် ထွက်ပြေး တိမ်းရှောင်နေရသည်ဟု စုံစမ်းသိရှိရသည်။

အဆိုပါ တိုက်ပွဲသည် မန်စီမြို့နယ် မိုင်းခေါင် ကျေးရွာ အနီး လိုင်ကာ၊ ဇွပ်ရွာ ကျေးရွာတွင် စက်တင်ဘာ ၁၈ ရက်မှစတင်ကာ ယနေ့နံနက်အထိ ဖြစ်ပွားခဲ့ကြောင်း၊ ဒုက္ခသည်များသည် မိုင်းခေါင် ဒုက္ခသည်စခန်းသို့ ထွက်ပြေး တိမ်ရှောင်နေရကြောင်း၊ တိမ်းရှောင် လာ သည့် ဒုက္ခသည်များအတွက် စားဝတ်နေရေးနှင့် ကျန်းမာရေး အကူအညီများ အရေးပေါ်လိုအပ်နေကြောင်း ကချင် နှစ်ခြင်း အသင်းတော် အဖွဲ့ချုပ်(KBC) မှ ဒုက္ခသည်များကို ကူညီနေသည့် ဆရာ ဦး လဂျာ က ဧရာဝတီသို့ ပြောသည်။

“ပိတ်မိနေတဲ့ ရွာသား ၁၈၂ ယောက် ကို မနေ့ကညနေ ကယ်နိုင်ခဲ့ပါတယ်။ ဒီနေ့ မနက် ၆နာရီ ကနေ ၁၀ နာရီခွဲထိ ဖြစ်တယ်။ တော လမ်းက နေခေါ်ထုတ်ခဲ့ပါတယ်။ သူတို့ကို မိုင်းခေါင် KBC ကမ့်(စခန်း)နဲ့ မိုင်းခေါင် RC ကမ့်မှာ ထားပါတယ်။ တိုက်ပွဲတွေနဲ့ ပတ် သက် ပြီး သက်ဆိုင်ရာကိုတော့ တင်ပြထား ပါတယ်”ဟုလည်း ဦးလဂျာ က ဆိုသည်။

ယင်းတိုက်ပွဲ ဖြစ်ပွားသည် နေရာသည် မိုင်းခေါင် နှင့် ၅ ဖာလုံ ခန့်သာဝေးကြောင်း၊ တိုက်ပွဲများ ထပ်မံ ဖြစ်ပွားပါက အနီးရှိ ကျေးရွာ များအတွက် စိုးရိမ်ရကြောင်း၊ KBC အနေဖြင့် ပြည်သူလူထုကို လုံခြုံသည့်နေရာ ရောက်ရှိသည်အထိ အတတ်နိုင်ဆုံးကြိုးစားသွားမည် ဖြစ်ကြောင်းလည်း KBC ၏ ပြောရေးဆိုခွင့်ရှိသူ အသင်းတော်ဆရာ ခလမ်ဆွမ်ဆန်က ပြောသည်။

“မိုင်းခေါင် ဘက်မှာကို ကျနော်တို့ အစားအသောက်တွေပို့ဖို့ အစည်းအဝေးတွေထိုင်နေပါတယ်။ လူတွေကတော့ ထိခိုက်တာတွေ မရှိ ပါဘူး။ လောလောဆယ် စားသောက်ဖို့ ပို့ဖို့ပဲ ရှိပါတယ်”ဟု အသင်းတော် ဆရာ ခလမ်ဆွမ်ဆန် က ဆိုသည်။

ရှမ်းပြည်နယ် မြောက်ပိုင်း ပန်ဆိုင်းမြို့နယ် မုံးပေါ် ဘက်တွင်လည်း ယခုရက်ပိုင်း အတွင်း အစိုးရ တပ်နှင့် KIAတို့ တိုက်ပွဲများဖြစ်ပွားကာ စစ်ရှောင်ဒုက္ခသည် ၂၀၀ ကျော် နယ်စပ် တရုတ်ပြည်ဘက်သို့ ဝင်ရောက်ခိုလှုံနေရကြောင်း၊ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေ မှုကြောင့် တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု(NCA)ကို လူထုက ယုံကြည်မှု လျော့နေည်းစေကြောင်းကိုလည်း ဆရာ ခလမ်ဆွမ်ဆန် က ဆက်ပြောသည်။

ကချင် ငြိမ်းချမ်းရေး အကျိုးဆောင် ဦးဆန်းအောင် ကလည်း“ထိုးစစ်တွေ တောက်လျှောက်တွေ ဖြစ် လာတယ်။ ကျနော်တို့အနေနဲ့ ညှိနှိုင်းတာကလွှဲပြီး ဘာမှ လုပ်လို့မရဘူးဖြစ်နေတယ်။ ငြိမ်းချမ်းရေး အတွက်အရေးကြီးနေတဲ့အချိန်မှာ ဒီလို တိုက်ပွဲတွေဖြစ်နေတာ ကတော့ တော်တော်လေးကို စိတ်ပျက်စရာကောင်းပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

လက်ရှိတိုက်ပွဲ အခြေအနေသည် တင်းမာနေကြောင်း၊ အားလုံး ပါဝင်လက်မှတ်ရေးထိုးသည့် ငြိမ်းချမ်းရေးကို မျှော်လင့်နေကြောင်း၊ တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားမှုကြောင့် စစ်ဘေးရှောင် ဒုက္ခသည်များ တိုးလာကြောင်းကိုလည်း ကချင် စစ်ဘေးရှောင် ဒုက္ခသည် များကို ကူညီနေသည့် အဖွဲ့များက ပြော ဆိုသည်။

ယခုနှစ် မေလ အတွင်းကလည်း မန်စီမြို့နယ် နမ့်လင်းပါ ကျေးရွာတွင် အစိုးရ တပ်မတော်က ဂျက်ရဟတ်ယာဉ် အသုံးပြု၍ တိုက် ခိုက် မှုများ ပြုလုပ်ခဲ့ကြောင်းလည်း ဆိုသည်။

အစိုးရ တပ်မတော်နှင့် ကချင် လွတ်လပ်ရေး တပ်မတော်(KIA) တို့ကြား ၂၀၁၁ ခုနှစ် ဇွန်လ ၉ ရက်မှစတင်ပြီး တိုက်ပွဲများ ယနေ့ချိန် အထိ ဆက်တိုက် ဖြစ်ပွားနေကြောင်း၊ တိုက်ပွဲများကြောင့် ကချင်ပြည်နယ် အတွင်းရှိ ဆက်သွယ်ရေး လမ်းကြောင်းများ ပျက်စီးခဲ့ပြီး ဒုက္ခသည် လူဦးရေ သိန်းချီ ရှိနေကြောင်း သိရသည်။

The Irrawaddy (Burmese Version)
Share on Google Plus

About Unknown

    Blogger Comment
    Facebook Comment

0 comments:

Post a Comment