22.9.2015
ကချင်ပြည်နယ် မန်စီမြို့နယ် မိုင်းနောင်ကျေးရွာအနီး လိုက်ကာကျေးရွာအနီးတွင် တပ်မတော်နှင့် ကေအိုင်အေ စက်တင်ဘာ ၂၁ ရက် နံနက်ပိုင်းမှ စတင်ကာ ပစ်ခတ်မှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံ များနှင့် မြောက်ပိုင်းတိုင်း စစ်ဌာနာချုပ်မှ ပြောကြားသည်။
မိုင်းခေါင်ကျေးရွာ စစ်ဘေးရှောင် ဒုက္ခသည်စခန်းမှ ဒေသခံတစ်ဦးက “ညကရောက်လာတာ မိသားစု ၄၄ စု လူဦးရေ ၁၀၀ ကျော် သွားပါပြီ။ ပစ်ခတ်မှု မရှိသေးဘူး။ နှစ်ဖက် တင်းမာမှုတွေ ဖြစ်နေလို့ ပြေးလာကြတာ။ ဒီနေ့ မနက်က ၆ နာရီလောက်ကတည်းက ပစ်နေကြတာ မနက် ၁၀ နာရီလောက်အထိ ပစ်ခတ်မှုတွေ ဖြစ်နေတယ်။ ဖြစ်ရတဲ့ အကြောင်းကတော့ ဈေးရောင်းသူတစ်ဦးကို မူးယစ်နဲ့ ပတ်သက်လို့ ကေအိုင်အေက ခေါ်သွားတယ် ပြောနေကြတယ်” ဟု ပြောကြားသည်။
မြစ်ကြီးနားမြို့ ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့ဝင်များက ပစ်ခတ်မှု ရှိခဲ့ကြောင်း သိရပြီး ကျေးရွာသားများ ထွက်ပြေး တိမ်းရှောင်နေသည်ကို မသိရသေးကြောင်း ၊ မူးယစ်ဆေးဝါး ရောင်းချမှုဖြင့် ကေအိုင်အေ ဘက်မှ ခေါ်ဆောင်သွားသည်ကို တပ်မတော်ဘက်မှ လွှတ်ပေးရန် အကြောင်းပြချက်ဖြင့် ထိုးစစ်ဆင်သည့် အသွင်ဖြစ်လာသဖြင့် ပစ်ခတ်မှုများ ဖြစ်ပေါ်လာသည်ဟု သိရကြောင်း ၊ အကြောင်းအရာ အသေးအဖွဲ့ဖြင့် ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပေါ်မည်ကို မလိုလားသဖြင့် MPC မြန်မာငြိမ်းချမ်းရေးစင်တာသို့ အကြောင်းကြား ထားကြောင်း ပြောကြားသည်။
“တပ်ဘက်က ထိုးစစ်ဆင်နေတယ် ကြားတယ်။ ကေအိုင်အေ နယ်မြေမှာ မူးယစ်ဆေးဝါး ရောင်းတဲ့ မိန်းမတစ်ယောက်ကို ကေအိုင်အေက ဖမ်းခေါ်သွားလို့ တပ်မတော်က မနေ့ ညနေအရောက်ပို့ပေးဖို့ ၊ မပို့နိုင်ပါက ထိုးစစ်ဆင်ဖို့ အကြောင်းကြားတယ်။ အကြောင်းကြားရတာ အခက်အခဲ ရှိနေတော့ ကြိုးစားတုန်း ဒီမနက်တော့ ထိုးစစ်ဆင်တယ်လို့ အရပ်ဘက် သတင်းအရ ကြားသိရပါတယ်။ လိုက်ကာကျေးရွာက အရင်က ကေအိုင်အေ တိုက်နယ် ရုံးစိုက်တဲ့နေရာ ဖြစ်ပါတယ်။ ရင်း ၂၇ ရဲ့ရှေ့တန်း ပို့ ရဲ့ရှေ့တန်း စခန်းတွေ ရှိနေတာပါ” ဟု ပြောကြားသည်။
ဗန်းမော်ခရိုင် အုပ်ချုပ်ရေးဘက်မှ ပြောကြားချက်အရ ပစ်ခတ်မှု များ ဖြစ်ခဲ့သည်ကို ကြားသိရကြောင့် တရားဥပဒေ စိုးမိုးသောနေရာ မဟုတ်သဖြင့် သတင်းမတက်သေးကြောင်း ပြောကြားခဲ့ပြီး ဗန်းမော်ခရိုင် ရွေးကောက်ပွဲ ကော်မရှင် အရာရှိက မိုင်းခေါင်ကျေးရွာ အုပ်စုတွင် လျာထားမဲရုံ သုံးရုံရှိပြီး လိုက်ကာကျေးရွာမှာ မပါဝင်ကြောင်း ပြောကြားသည်။
မြောက်ပိုင်းတိုင်း စစ်ဌာချုပ်မှ စစ်ဆင်ရေး အကြီးတန်း အရာရှိတစ်ဦးက “သူတို့ ကျွန်တော်တို့ ရှိတဲ့နေရာကို လာပစ်တာပါ။ လေးငါးခြောက်ချက်ပါပဲ။ ထိခိုက်တာလည်း နှစ်ဖက်လုံး မရှိပါဘူး။ မိုင်းခေါင်ရွာ အပြင်ဘက် တစ်မိုင်ကျော်လောက်က လိုက်ကာရွာမှာပါ။ ဈေးရောင်းနေသူ တစ်ဦးကို မူးယစ်မှုနှင့် ဖမ်းသွားတာပါ။ ပဋိပက္ခ ညှိနှိုင်းရေးအဖွဲ့ကို ကျွန်တော်တို့တော့ ပြန်လွှတ်ပေးဖို့ အကြောင်း ပြန်ထားတာပေါ့။ အကြောင်းပြန်ကြားတာ မရှိသေးပါဘူး” ဟု ပြောကြားသည်။
လွန်ခဲ့သော စက်တင်ဘာ ၈ ရက် ညနေပိုင်းက မန်စီမြို့နယ် စီအူကျေးရွာ အနီးတွင်လည်း တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ခိုက်မှု ပြန်လည်ဖြစ် ပွားလာကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် ကေအိုင်အေ နည်းပညာအကြံပေး အဖွဲ့ရုံးမှ ပြောထားသည်။
ကချင်ပြည်နယ် မန်စီမြို့နယ်အတွင်း တပ်မတော်နှင့် ကေအိုင်အေတို့ ဇွန် ၇ရက်နှင့် ၈ ရက်များတွင်း ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် ဒေသခံများ ကဆိုသည်။ ဇွန် ၇ ရက်တွင် မန်စီမြို့နယ် အတွင်းရှိ ခါကျဉ်ကျေးရွာနှင့် ကောင်လွင်ကျေးရွာကြား တောတန်းငယ် အတွင်း တပ်မတော်က စစ်ကားအပါအ၀င် ယာဉ်တန်းကို မိုင်းခွဲ တိုက်ခိုက်ခံရခြင်းဖြစ်ပြီး ဒုအရာခံ ဗိုလ်တစ်ဦး နေရာတွင် ကျဆုံးကာ တပ်မတော်သား ၁၅ ဦးလည်း ဒဏ်ရာအသီးသီး ရရှိခဲ့သည်။
တပ်မတော်နှင့် ကေအိုင်အေတို့ မန်စီမြို့နယ်အတွင်း ပြင်းထန်သော ပစ်ခတ်တိုက်ခိုက်မှုများ မေ ၅ ရက်မှ စတင်ကာ မေ ၂၄ ရက် အထိ ဖြစ်ပွားနေကြောင်း၊ တပ်မတော်မှ လေကြောင်း တိုက်ခိုက်မှုများ ကိုပါ ပြုလုပ်ခဲ့ကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် ကချင်ပြည်နယ် အခြေစိုက် ငြိမ်းချမ်းရေး အကျိုးဆောင် အဖွဲ့ဝင်များက ပြောကြားထားသည်။
Eleven Media Group
Home / Uncategories / မန်စီမြို့နယ်အတွင်း တပ်မတော်နှင့် ကေအိုင်အေ ထိတွေ့မှု ဖြစ်ပွားပြီး စစ်ရှောင် ၁၀၀ ကျော် မန်စီမြို့နယ် မိုင်းနောင်ကျေးရွာသို့ ခိုလှုံ
- Blogger Comment
- Facebook Comment
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment